Thursday, July 15, 2010

သြ၀ါဒကထာ-စာတမ်း


ဆရာမှာခဲ့မည်၊ တပည့်ငယ်အများတို့၊ ငါဆရာ့စကားကို စေ့စေ့နားထောင်လေ။

  • မသေသမျှ ကာလအတွင်းတွင် ဖျင်းတန်ပေါ့သွပ်သောသူကို မပေါင်းနှင့်။
  • လောင်းစားသေစာမှုကို ဝေးအောင်ကြဉ်။
  • ဆရာသခင်၊ အရှင်နှစ်ပါး၊ မိဘများကို၊ မုန်းထားမာန်မျက်၍၊ စိတ်ထွက်အောင်မပြုနှင့်။
  • သူ့ကျေးဇူးကိုလည်း အထူးသိလေ။
  • ဆွေလာမျိုးဝတ်လည်း ကျေလှစေ။
  • အဆွေမိတ်ကောင်းကို ရအောင်ရှာ။
  • ကာမဂုဏ်ကြောင့်လည်း မရူးနှင့်။
  • ဥစ္စာဂုဏ်ကြောင့်လည်း မမြူးနှင့်။
  • ကျေးဇူးမသိသည့်ခင်ပွန်းကို ပစ်ပယ်။
  • အလယ်အလတ်ကျအောင်ကြံ။
  • မာန်မာနနည်းသူသူကိုရှာ။
  • ကုသိုလ်ဥစ္စာ၊ ပညာသုံးခု၊ တစ်နေ့မှုမှာ၊ တစ်ခုခုကို ရအောင်ကြံ။
  • ကံကိုချည်းလည်း မယိုးနှင့်။
  • ဉာဏ်ကိုချည်းလည်း မထိုးနှင့်။
  • တစ်ထောင်တန်သူ့အကျိုးကြောင့်၊ ကိုယ်ကျိုးကို မယုတ်စေရာ။
  • လိမ်မာတုကိုခိုး၊ ကိုယ်ကျိုးကိုရှိအောင်ကြံ။
  • လောဘခက်ထန်လျှင်၊ စားရသုံးရ၏။
  • ဒေါသခက်ထန်လျှင်၊ ပစ္စုပ္ပန် သံသရာ၊ နှစ်ဖြာရှုံး၍၊ စုံးစုံးနစ်၏။
  • အဆွေခင်ပွန်းသစ်ကို ရအောင်ပေါင်း။
  • အဆွေခင်ပွန်းဟောင်းကိုလည်း မပစ်နှင့်။
  • ချစ်ဖွယ်သောစကားကိုဆိုက သဗ္ဗသျှိ။
  • အကျိုးစီးပွားကိုပြုက အဆွေ။
  • ကျွေးမွေးပေက အဘ။
  • ချစ်ကျွမ်းဝင်က ခင်ပွန်း။
  • ကြိုးပမ်းလုပ်ကျွေး မွေးမြူမှ မယားကောင်း။
  • ပေါင်းကြည်သာလျှင် အရာခပ်သိမ်းပြီး၏။
  • ကိစ္စဆောင်သူဟူသမျှကိုလည်း ပြီးစီးမှသာ ချီးမွမ်းရာ၏။
  • စာသိပေမြင် မသင်ကြားဘူးသူတစ်ထွေ၊ အစာမကျေသူတစ်ယောက်၊ အရွယ်မရောက်မီက အိမ်ရာကျသူတစ်သွယ်၊ ငယ်ရွယ်သူတခြား၊ ဤလေးပါးတို့မှာ စားမိသောအဆိပ်နှင့် တူချေသည်။
  • များစွာသောဆွေမျိုးတို့၏ အကျိုးကိုမြော်ထောက်၍ တစ်ယောက်ကိုစွန့်ရာ၏။ မစင်လိမ်းကျံသည်ဖြစ်လျက်လည်း၊ ရွှေခွက်မှန်က ယူရာသည်။
  • ပညာရှိဟုတ်မူ အမျိုးယုတ်သူပင် ဆရာ။
  • ပညာရှိသူကိုကိုးကွယ်။
  • ပညာမဲ့သူကိုပယ်။
  • အရွယ်အဆင်း၊ လှပခြင်းဖြင့်၊ ပညာနှင့်ကင်းသူကို လူမဆန်။
  • အရောင်အဆင်း၊ လှပခြင်းဖြင့်၊ အနံ့ကင်းသောပန်းကို လူမပန်။
  • အကြံပင်ကောင်းသော်လည်း၊ နှောင်းလျှင်အကျိုးမရှိ။
  • ပျားကိုရှာသော ယောက်ျားသည် ပျားရချေလျှင်၊ ကြက်ဆူပင်ကိုသော်လည်း တောတွင်အမြတ်မှတ်ရာသည်။
  • နောက်လိုက်သူကား များ၏၊ ရှေ့သွားမရှိ။
  • အစွမ်းသတ္တိရှိသောသူမှာ လေးစွာသောဝန်ကိုမလောက်။
  • သတိဝီရိယရှိသူမှာ ဥစ္စာရှိမည်ကိုမကြောက်။
  • စွမ်းအင်ရှိသူမှာ ရန်သူလာမည်ကိုမထောက်။
  • ပညာရှိသူတို့မှာ မေးမြန်းလာမည်ကိုမကြောက်ရာ။
  • ပညာရှိသူတို့ကား အရပ်တစ်ပါးဟူ၍ မရှိရာ။
  • ပီယ၀ါစာ ပြောသသူတို့အား သူတစ်ပါးဟူ၍ မရှိရာ။
  • ဤသို့ ပြခဲ့ပြီးသော အင်္ဂါကို ပညာနှင့်နှိုင်းနှုန်း၍ ထုံးစံမပျက် ကျင့်ရာသည်။
  • သူယုတ်တို့အားကား များစွာပင်ဝေးသော်လည်း ကျေးဇူးကို မသိမတင်ရာ၊ အပြစ်ကိုသာ ရှာပေတတ်ရကား၊ မြွေနဂါးတို့မှာ ဃနာထောပတ် မြိန်မြတ်ရသာ ကျွေးပါငြားလည်း၊ အဆိပ်ပွားသကဲ့သို့၊ တရားထုံးပုံရှိချေသည်။

No comments:

Post a Comment

 
Web Statistics