Tuesday, July 20, 2010

တိုင်းပြည်ကို မြှင့်လိုလျှင်


လူက တိရစ္ဆာန်ထက် သာသည်ဟု ဆိုနိုင်သည်။ သို့သော် တိရစ္ဆာန်က လူထက်သာသော နေရာပေါင်းများစွာ ရှိသည်။ ခွေးတစ်ကောင်သည် သူ့သခင်၏ အနံ့ကို ခွဲခြားသိနိုင်သည်။ ဆင်သည် လူထက် အားကြီးသည်။ လူသည် ငါးလောက် ရေမကူးနိုင်။ သမင်ပြေးသလောက် မပြေးနိုင်။ သို့သော် လူက ဉာဏ်ပညာကြီးသည်။ ထို့ကြောင့် မိမိထက် အင်အားကြီးသောဆင်ကို ချွန်းပေါက်ပြီး သစ်ဆွဲခိုင်းသည်။ သမင်ကို လေးမြားဖြင့် ပစ်ခတ်စားသောက်သည်။ ဤသို့အားဖြင့် လူသည် ဉာဏ်ပညာကို လက်နက်ပြုပြီး တိရစ္ဆာန်များကို လွှမ်းမိုးနိုင်ခဲ့သည်။

လူက ပညာကြီးသောကြောင့် တိရစ္ဆာန်များကို လွှမ်းမိုးနိုင်ခဲ့သည်ဆိုပါလျှင်၊ လူအချင်းချင်းတွင်လည်း ပညာကြီးသူက ပညာနည်းသူကို လွှမ်းမိုးနိုင်မည်မှာ သဘာဝပင် ဖြစ်သည်။ ထို့အတူ ပညာကြီးသော လူမျိုးက ပညာနည်းသော လူမျိုးကို လွှမ်းမိုးနိုင်ပေလိမ့်မည်။ ထို့ကြောင့် မိမိတိုင်းပြည်နှင့် လူမျိုးကို မြှင့်တင်လိုသည် ဆိုပါလျှင်၊ မိမိတိုင်းပြည်နှင့် လူမျိုးကို စောင့်ရှောက်လိုသည် ဆိုပါလျှင် ပညာမြင့်အောင် ကြိုးစားကြရပေလိမ့်မည်။

အောင်သင်း
အောင်သင်း ၏ အတွေးစကားများ စာအုပ်မှ
စာမျက်နှာ - ၃၈၊ ၃၉

No comments:

Post a Comment

 
Web Statistics