Tuesday, July 20, 2010

ယူနစ်နှင့် အရပ်သုံးအတွေးများ - ဒေါက်တာခင်မောင်ညို


"ညီညီ ဘယ်က ပြန်လာတာလဲ"
"ဈေးကပြန်လာတာပါ"
"ဘာတွေ ၀ယ်လာတာလဲ"
"ဆန်ရယ်၊ ငါးရယ်၊ လိမ္မော်သီးရယ်"
"ကောင်းတယ်၊ ဆန်ဘယ်လောက် ၀ယ်ခဲ့လဲ"
"၆ လုံးပါ"
"ငါးကရော ဘာငါးလဲ၊ ဘယ်လောက်ဝယ်ခဲ့တာလဲ"
"ကကတစ်ပါ၊ ၃၀ သားပါ"
"လိမ္မော်သီးကရော"
"ဆယ်လုံးကို ငါးရာပါ"
"အေး၊ ကောင်းတယ်"
"ဟုတ်ကဲ့ အစ်ကိုကြီး"
ညီညီနှုတ်ဆက်ကာ ပြန်သွားသည်။

ဒါက မြန်မာပြည်ကဈေးဝယ်တဲ့ အလေးအတိုင်းအတာတွေရဲ့ ယူနစ်တွေပါပဲ။

မြန်မာနိုင်ငံမှာ ဒေသတစ်ခုနဲ့တစ်ခု ကွဲပြားသွားပေမယ့် အတိုင်းအတာယူနစ်တွေကတော့ မပြောင်းတတ်ဘူး။

အချို့နေရာတွေမှာသာ လိမ္မော်သီးကို အလုံးအရေအတွက်အစား ပိဿာချိန်နဲ့ ရောင်းတာတွေရှိတယ်။

ဒါပေမယ့် မြန်မာတွေ တိုင်းတာနေတဲ့ ယူနစ်တွေဟာ အခြားနိုင်ငံအများစုသုံးနေတဲ့ အပြည်ပြည်ဆိုင်ရာယူနစ်နဲ့ အတော်လေးကွာခြားနေတာကို တွေ့ရတယ်။ ဂလုပ်ဘယ်ဆိုတဲ့ ကမ္ဘာ့ရွာမှာ ကျွန်တော်တို့တစ်တွေရဲ့ အခြေခံယူနစ်တွေ တူဖို့လိုပါသလား။

လူငယ်တွေ သိပ္ပံကို လေ့လာတဲ့အခါ ယူနစ်ကို သတိထားဖို့တော့လိုတယ်။

တစ်ချိန်က လူတွေဟာ ဝေးနေကြတယ်။ ယနေ့ကမ္ဘာမှာတော့ လူတွေဟာ အလွန်နီးကပ်လာကြတယ်။

အထူးသဖြင့် ဖောက်ကားရောင်းဝယ်တဲ့အခါ ယူနစ်က အရေးပါလာတယ်။

စီးပွားရေးကို လွှမ်းမိုးနေတဲ့ ယူနစ်နှစ်မျိုးတော့ ရှိတယ်။

တစ်မျိုးကတော့ အတိုင်းအတာဖြစ်ပြီး နောက်တစ်မျိုးကတော့ ငွေကြေးယူနစ် ဖြစ်တယ်။

ကမ္ဘာမှာ သိပ္ပံယူနစ်လို့ခေါ်တဲ့ SI ယူနစ်ကို နိုင်ငံအတော်များများက လိုက်နာကျင့်သုံးနေကြပါတယ်။ (အမေရိကန်ကတော့ သူ့ရဲ့ယူနစ်ဟာ အမေရိကန်စနစ်လို့ ခေါ်လို့ရလောက်အောင် SI ယူနစ်နဲ့ ခြားနားတယ်။)

တစ်ချိန်က ကိုက်၊ ပေါင်၊ စက္ကန့် ခေါ်တဲ့ (FPS) စနစ် အဓိကထားတဲ့ အင်္ဂလိပ်တွေသော်မှ ယနေ့မှာ SI ယူနစ်ကို ပြောင်းလိုက်ပြီဖြစ်တယ်။

"မင်း နို့ဆီခွက် အတိုင်းအတာနဲ့ ၀ယ်တဲ့ဆန်ဟာ ၈ လုံးတစ်ပြည် ရှိရဲ့လား"

"ပြည့်ပါတယ်"

"သူတို့ကို ဘယ်သူစံတိုက်ထားလဲ"

"ကျွန်တော်တော့ မသိဘူး။ ဒါပေမယ့် တကယ်လို့ စားစရာတွေဝယ်တဲ့အခါ အလေးမပြည့်ရင် သမာဓိချိန်ခွင်မှာ သွားပြောလို့ရတယ်"

"ဒီလိုပြောတဲ့အခါ သူတို့ရဲ့အလေးတွေ အလေးချိန်မပြည့်ရင် သူတို့ကို ဖမ်းဆီးအရေးယူ အပြစ်ပေးတာတွေ ဒဏ်ငွေရိုက်တာတွေလုပ်လား"

"ဒဏ်ငွေလည်း မရိုက်ဘူး၊ ဖမ်းလည်းမဖမ်းဘူး၊ ဖမ်းရင် တစ်ဈေးလုံး ကုန်မယ်"

"ဒါဆိုရင် တိုင်လည်းဘာထူးမလဲ"

"မဖမ်းပေမယ့် အလေးချိန်လျော့နေလို့ သွားပြောရင်တော့ သာသာထိုးထိုး ထည့်ပေးလိုက်တာပဲ။ ဒါပေမယ့် ခဏခဏသွားပြောရင် ဈေးသည်က ငြူစူတယ်။ ရန်လုပ်တာတွေ ရှိလာတယ်"

"အလေးတောင်းအချိန်တွေဟာ အရေးပါတဲ့ ယူနစ်တွေပါ။ သာလွန်မင်းတရားကြီးဟာ အလေးတင်းတောင်းအချိန်တွေကို စည်းကြပ်ခဲ့တယ်လို့ ဆိုတယ်။ ဒါဟာ အဆင်ပြေဖို့ရယ် သာတူညီမျှဖြစ်စေဖို့ရယ် အချက်နှစ်ချက် ပါဝင်တယ်။ တကယ်တော့ အချိန်အတွယ်တွေ တစ်ပြေးညီရှိမှသာ စီးပွားရေးလုပ်ရတာတွေ အဆင်ပြေမှာဖြစ်တယ်"

"ဘယ်လိုသက်ဆိုင်နေတာလဲ"

"မင်း ယူနီဗာဆယ်ဆိုတာ ကြားဖူးမယ်။ တစ်ကမ္ဘာလုံးသုံးတဲ့ ယူနစ်ပေါ့။ ကမ္ဘာကြီးမှာ တိုင်းပြည်နှစ်ရာကျော်ရှိတယ်။ လူဦးရေ သန်းခြောက်ထောင်ကျော် ရှိတယ်။ လူမျိုးကတော့ ထောင်ကျော်မယ်။ ဘာသာစကားတွေ ကွဲပြားနေတယ်။ ဒါတွေဟာ လူတွေရဲ့ ထူးခြားချက်ပဲ။ လူမျိုးတွေတူစေ၊ ဘာသာစကားတွေတူစေလို့ လုပ်လို့မရဘူး။ ဒါပေမယ့် လုပ်လို့ရတာ သိပ္ပံနဲ့ နည်းပညာဆိုင်ရာ ယူနစ်တွေပဲ"

ညီညီ့ကို ကျွန်တော်ရှင်းပြသည်။

"မင်း ဂျပန်မူလီဆိုတဲ့ စကားကို ကြားဖူးလား"

"ကြားဖူးပါတယ်။ အရစ်ရှည်တယ်ကိုပြောတာ"

"တကယ်တော့ ဂျပန်မူလီဟာ အရစ်ရှည်တာ မဟုတ်ဘူး။ ယူနစ်ကြောင့် အရစ်စိတ်သွားတာပါ။ ဥပမာ သာမန်အင်္ဂလိပ်စနစ်မှာ ကြည့်မယ်။ သူတို့က လက္မကို အခြေခံယူနစ်သုံးတယ်။ တစ်လက္မ မူလီချောင်းမှာ အရစ် ၁၀ ရစ် ရှိတယ်ဆိုပါတော့။ ဂျပန်သုံးတဲ့ မူလီမှာလည်း တစ်စင်တီမီတာမှာ ၁၀ ရစ်ပါတယ်။ ဒါပေမယ့် တစ်စင်တီမီတာဟာ တစ်လက်မထက် နှစ်ဆခွဲလောက်ကွာတော့ အရစ်အရေအတွက်ဟာ အများကြီး ကွာတယ်"

"ဒါကြောင့် ဂျပန်မူလီလို့ ပြောတာကိုး။ ဒါပေမယ့် လူတွေက ဂျပန်မူလီဟာ အရစ်စိတ်တယ်။ အရစ်များတယ် ပြောမယ့်အစား အရစ်ရှည်တယ်လို့ ပြောတယ်။ ဘာကြောင့်လဲ"

"မင်း အရပ်ထဲ သွားမေးကြည့်ပါ။ သံနဲ့ မှို့ ဘယ်သူလေးလဲလို့"

"သံလေးတယ်လို့ ပြောမှာပေါ့"

"ဟုတ်တယ်ညီညီ။ ဒါပေမယ့် သံတစ်ပိဿာနဲ့ မှို့တစ်ပိဿာ ဘယ်သူလေးလဲ"

"ဒါတော့ အတူတူပေါ့"

"အေး၊ ဒါပေမယ့် လူတွေက သံလေးတယ်။ မှို့ပေါ့တယ်ပဲ ပြောကြတယ်။ ကျောင်းသားတစ်ယောက်က ငြင်းဖူးတယ်။ ဆရာရယ် မှို့တစ်ပိဿာနဲ့ သံတစ်ပိဿာ အလေးချိန်တူလို့ရှိရင် မောင်ကျော်နဲ့ ကျွန်တော် ရန်ဖြစ်တယ်ဆိုပါတော့၊ မောင်ကျော်က ကျွန်တော့်ကို မှို့တစ်ပိဿာနဲ့ရိုက်၊ ကျွန်တော်က မောင်ကျော့်ကို သံတစ်ပိဿာအတုံးကြီးနဲ့ ထုရင် မောင်ကျော်သေသွားမှာပေါ့လို့ ပြောဖူးတယ်။ သူပြောတာ မှန်ပါတယ်။ မှားနေတာက အလေးချိန် မဟုတ်ဘူး။ သိပ်သည်းကိန်း (Density) ပါ။ အရပ်သုံး ပေါ့တယ်ဆိုတာ သိပ်သည်းကိန်းနည်းတာပေါ့။ လေးတယ်ဆိုရင် သိပ်သည်းကိန်းများတာပဲ"

ထိုနေ့က တူလေးညီညီကို ယူနစ်တွေ အယူအဆတွေကို ရှင်းပြနေမိသည်။

တကယ်တော့ အရပ်သုံးတွေကို ပြင်ရသည်မှာ ခက်ခဲလှသည်။ ထိုအသုံးများသည် မတိကျသော်လည်း နားလည်ရလွယ်သည်။ အများညီ ဤကို ကျွဲဖတ်သည်များလည်း ပါသည်။

ဥပမာ အပူချိန် (Temperature) ကိုကြည့်ပါ။

ရေဆူသောအပူချိန် ၁၀၀ ဒီဂရီ ဆဲလ်စီယပ်စ် ဖြစ်သည်။ (ယနေ့ စင်တီဂရိတ်အစား ထိုစကေးကို တီထွင်သူ Swedish astronomer, Anders Celsius (1701-1744) ကို ဂုဏ်ပြုသည့်အနေဖြင့် Celsius ဟု ခေါ်ခြင်းပင်။ ယနေ့တိုင် မြန်မာမီဒီယာအများစုသည် Celsius ဟု မသုံးကြသည်ကို အံ့သြဖွယ်ရာ တွေ့ရှိရသည်။ ယူနစ်တွင်မူ ယခင်အတိုင်း 'C ဟုသာ ရေးသည်။ ဥပမာ 0'C, 100'C စသည်တို့ဖြစ်သည်)

စကားဆက်ပါမည်။ အပူချိန် ၁၀၀ ဒီဂရီဆဲလ်စီယပ်စ် (100'C) တွင် ရေဆူသည်။ အပူချိန် သုညဒီဂရီဆဲလ်စီယပ်စ် (0'C)တွင် ရေခဲသည်။ တကယ်တော့ 0'C သည် အင်မတန်အေးနေပါသည်။ သို့သော် 0'C ကို အပူချိန်ဟုသာ သုံးသည်။ အအေးချိန်ဟု မသုံးပါ။

ဈေးထဲသွားကာ ရေခဲရေရောင်းသောဆိုင်တွင် "အဒေါ်ကြီး ရေခဲရေအေးအေးလေး ပေးပါ" ဟု မပြောဘဲ "ရေခဲရေ အပူချိန်လျော့လျော့လေး ပေးပါ" ဟု ပြောလျှင် သင့်ကို ရူးသွားပြီဟု မုချယူဆပေမည်။

ထိုအသုံးများသည် မည်သူ့ကိုမှ မထိခိုက်ပေ။

သို့သော် အလေးတင်းတောင်း အချိန်တွေကျတော့ များစွာထိခိုက်နိုင်သည်။ ဒါတွေကို စံတိုက်ခြင်း သို့မဟုတ် စံကိုက်ခြင်း (Standardization) ဟု ခေါ်သည်။ အထူးသဖြင့် ပြည်တွင်းအသုံးများကို စံကိုက်ထားသင့်သည်။

စံပြငါးဈေးရှိ ငါးတစ်ပိဿာနှင့် သံဈေးရှိ ငါးတစ်ပိဿာ တူသင့်သည်။

ဒိုက်ဦးတွင် ကောက်သောပဲတစ်တန်သည် သင်္ဘောတင်သော ပဲတစ်တန်နှင့် အလေးချိန် တူသင့်သည်။

အလေးချိန် မမီသောအခါ "ခဲ" ထိုးသည်။ သဲရောသည်။ ထိုအတွက် မြန်မာ့ကုန်ပစ္စည်းများ ဈေးကွက်တွင် မျက်နှာငယ်သည်။ ထို့အတူ မြန်မာလူမျိုးများသည်လည်း မျက်နှာငယ်သည်။

ထိုအတွက် သက်ဆိုင်ရာကြီးကြပ်သူများတွင် တာဝန်ရှိသည်။

"အလေးမပြည့်ရင် လာပြောပါ" ဟု ပြောရုံနှင့် မရပေ။

နည်းလမ်းရှာရမည်။ ပြစ်ဒဏ်များ ချမှတ်သင့်က ချမှတ်ရမည်။

မှန်ကန်သော အလေးချိန် "စံ" ကို တစ်နိုင်ငံလုံး ထားရှိရပေမည်။

ပစ္စည်းကောင်းမွန်ခြင်းအတွက် (Excellence) ဟူသော စံကို ထားရှိသင့်သည်။

သာမန် လူမှုရေး အမူအကျင့်များကို စံတိုက်ရ ခက်ပါသည်။ သို့သော် စားသောက်ဓလေ့များကိုတာ့ ပြင်နိုင်သည်။

"ဆီစားများလျှင် ရောဂါရသည်"

"ဆားစားများလျှင် ရောဂါရသည်"

"အစာမစားမီ လက်ကိုစင်အောင်ဆေးပါ"
စသော အလေ့အကျင့်များကိုမူ စံတိုက်ရကောင်းပါသည်။

ထို့အတူ မှန်ကန်သော အလေးချိန်ရှိရမည်။ ကောင်းမွန်သော ကုန်ပစ္စည်းကိုသာ ရောင်းမည်ဟူသော အလေ့အကျင့် (မူ) ချမှတ်ထားပါက တစ်နိုင်ငံလုံး ချမ်းသာမည်။ မိမိလူမျိုးလည်း ဂုဏ်တင့်မည်။

နိုင်ငံတကာအလယ်တွင် မြန်မာပြည်ကဟေ့ဟု ဂုဏ်ယူဝင့်ကြွားနိုင်စေဖို့ မြန်မာတစ်မျိုးသားလုံး ကြိုးစားသင့်သည်။

ပထမ မ၀ံ့မရဲ ဖြစ်နေမည်။

အခက်အခဲ မရှိပါ။ နောင်တွင် အများက ယုံကြည်ကိုးစားလာပြီး တစ်နေ့တစ်ခြား အဆင်ပြေလာမည်ဟု ရဲရဲကြီးသာ အာမခံလိုက်ပါတော့သည်။

No comments:

Post a Comment

 
Web Statistics