Tuesday, July 20, 2010

အသုံးများသော မြန်မာဗန်းစကားများ (ခ)


myanmarwords.png

ခါးပိုက်ဆောင်တပ်
တစ်ဦးတစ်ဖွဲ့ အကျိုးအတွက် ဖွဲ့စည်းထားသောတပ်
ရှေးအခါက မြန်မာယောက်ျားများသည် တောင်ရှည်ပုဆိုးကို ၀တ်ဆင်ကြ၍ ခါးပိုက်အိတ်ထောင်မှာ ကျယ်ဝန်းသဖြင့် ကွမ်းအစ်၊ ဆေးတံ စသည်ကိုပင် ခါးပိုက်တွင် သယ်ဆောင်နိုင်ကြလေသည်။ လုံးကွင်းဝတ်လာသောအခါ၌လည်း နာရီ၊ ဆေးဗူး စသည်တို့ကို ခါးပိုက်မှာပင် ထည့်သိုယူဆောင်လေ့ရှိ၍ ခါးပိုက်ဆောင် နာရီဟုပင် ခေါ်ကြသေးသည်။ ထိုသို့ အသုံးအလွယ် လိုရာပစ္စည်းစုကို ခါးပိုက်၌ ထည့်သွင်းထားသည်ကိုစွဲ၍ တစ်ဦးတစ်ဖွဲ့က မိမိလိုသောအခါ၊ မိမိ အလိုကျ၊ မိမိအကျိုးအတွက် ဖွဲ့စည်းထားသော ပုဂ္ဂလိက တပ်ဖွဲ့မျိုးကို ခါးပိုက်ဆောင်တပ်ဟု တင်စားဆိုကြသည်။

ခေါင်းချင်းရိုက်သည်
အရေးတကြီး တိုးတိုးကြိတ်ကြိတ် တိုင်ပင်ဆွေးနွေးသည်
လူနှစ်ယောက် သုံးယောက်တို့သည် အချင်းချင်းပူးကပ်စွာဖြင့် တီးတိုးတိုင်ပင် ဆွေးနွေးကြသောအခါ လေသံကို တိုးနိုင်သမျှတိုး၍ တစ်ဦးပါးစပ်နှင့် တစ်ဦး၏နားသည် ကပ်နိုင်သမျှကပ်ကာ ပြောဆိုကြရာသည်။ ထိုအခါ တစ်ဦးခေါင်းနှင့် တစ်ဦးထိခိုက် ရိုက်တိုးမိတတ်ကြသည်။ ထိုသဘောကို တင်စား၍ အရေးတကြီး တီးတိုးတိုင်ပင်ကြသည်ကို ခေါင်းချင်းရိုက်သည်ဟု ဆိုသည်။ အရေးကြီးသောအခါ ပြာယီးပြာယာ ပြုလုပ်တိုင်ပင်ကြသည့် သဘောပါသည်။

ခေါင်းပုံဖြတ်သည်
သူတစ်ပါး ပင်ပန်းခကို ကိုယ်တိုင်မလုပ်ဘဲ ဖြတ်ယူခံစားသည်
အစုအပေါင်းဖြင့် အင်အားတွဲဖက် စိုက်ထုတ်လုပ်ကိုင်ကြသော အလုပ်သမားများသည် မိမိတို့ရရှိသော အကျိုးအမြတ် ကြေးငွေစသည်တို့ကို အစုအပုံ အညီအမျှပြု၍ အချိုးကျ တစ်ပုံကျစီ ခွဲဝေယူလေ့ရှိကြသည်။ သို့ရာတွင် အကြီးအကဲပြုသူ၊ ဦးစီးခေါင်းဆောင် ပြုသူတို့သည် အခြားသူများကဲ့သို့ ကိုယ်ထိလက်ရောက် မလုပ်ကိုင်ဘဲ အစုတစ်စု ပိုမိုခွဲသန့်စုပုံစေပြီး ထိုသို့ပုံထားသော ထိပ်ဆုံးအပုံကို မိမိဝေစုအဖြစ် ဖြတ်တောက် ခွဲယူလေ့ရှိကြသည်။
အထူးသဖြင့် အစုခွဲဝေရာတွင် ခေါင်သူကြီး၊ အလုပ်ဒိုင်၊ အလုပ်ခေါင်းဆောင် စသည်တို့အတွက် အပုံကို ထိပ်ဆုံးကိုချ၍ ပုံလေ့ရှိသဖြင့် ခေါင်းရင်းပိုင်း အစုအပုံဖြစ်၍ ခေါင်းပုံဟု ခေါ်လေသည်။ ထိုခေါင်းပုံသည် ခေါင်သူကြီး၏ အစုဖြစ်ကြောင်း နားလည်ကြလေသည်။ ခေါင်သူကြီးသည် အမြဲအားဖြင့် ကြီးကြပ်စီမံခန့်ခွဲသူဖြစ်၍ လုပ်အားအညီအမျှ စိုက်ထုတ်သူများ မဟုတ်ပေ။ ထို့ကြောင့် ခေါင်းပုံဖြတ်ယူခြင်းသည် တရားမျှတခြင်းမရှိသော ခံစားရယူခြင်းဟု အယူရှိကြသည်။ ဤကိုစွဲ၍ မည်သူမဆို သူတစ်ပါးထံမှ မတရားအခွင့်အရေး ခွဲဝေယူခြင်း၊ သူတစ်ပါး၏ ခံစားခွင့်မှ အညွန့်ခူးယူခြင်း၊ ဖြတ်စားလျပ်စားပြုခြင်း စသည်ကို ခေါင်းပုံဖြတ်သည်ဟု ဆိုကြသည်။
ကလေးများ လောက်စာလုံးများ အပုံပြု၍ စီတန်းကာ ဒိုးတစ်ခုဖြင့် ခေါင်းပုံကို ထိမှန်အောင်ပစ်၍ ခေါင်းပုံကို ဖြတ်မိလျှင် အပုံအားလုံး ရရှိစေသည့် ကစားနည်းရှိသည်။ စပါးလှေ့ရာတွင် အဖျင်း အမှော်များနှင့် စပါးသန့်သန့် အပုံတစ်ခုနှင့်တစ်ခု မရောယှက်အောင် ခွဲခြားခြင်းကိုလည်း ခေါင်းပုံဖြတ်သည်ဟု ဆိုကြသေးသည်။

ခတ်ကွင်းပြင်သည်
ကြိုတင်ပြင်ဆင်အားယူသည်
လှေသမ္ဗာန်တို့တွင် မတ်တတ်ရပ်၍ ခတ်ရသော တက်ကြီးများ၌ တက်ကကို တပင်တပန်း ကိုင်မ,မနေရဘဲ ဝှေ့ရမ်းယက်ခတ်ရုံအတွက်သာ စိုက်ထုတ်ရလေအောင် လှေနံတွင် တိုင်ငယ်စိုက်၍ လှုပ်ရှားသာပြီး တပ်ရန် ဖြုတ်ရန် လွယ်ကူသည့် လျော်ကွင်းဖြင့် တက်ကို လျှိုသွင်းတပ်ဆင် ထားရလေသည်။ ထိုကွင်းကို ခတ်ကွင်းဟု ခေါ်လေသည်။ တစ်ခါတစ်ရံတွင် ခတ်ကွင်းပြတ်လျှင် သော်လည်းကောင်း၊ အကျဉ်းအကျယ် အလိုက်မသင့်လျှင် သော်လည်းကောင်း၊ ခတ်ကွင်းကို ပြင်ဆင်လေရာ ထိုအခါတွင် လှေကို မလှော်နိုင်ဘဲ ရပ်ထားရသဖြင့် လှေသည် ရေစုန်၌ ပြန်၍ မျောပါနေတတ်လေသည်။ (အချို့ကား ခတ်ကွင်း အပိုဆောင်ထားကြသည်။) ထို့ကြောင့် ခတ်ကွင်းပြင်နေရသည်နှင့် လှေသည် ရွာသစ်ကြီးအရောက် ရေစုန်ပြန်၍ မျောပါနေပြီဟူသော အဓိပ္ပါယ်နှင့် "ခတ်ကွင်းပြင်သည်နှင့် ရွာသစ်ကြီးရောက်ပြီ" ဟု ဆိုတတ်ကြလေသည်။ ဤသည်ကိုစွဲ၍ တစ်စုံတစ်ရာ ဆောင်ရွက်မည့်အရေးတွင် မဆောင်ရွက်ရသေးဘဲ ဟန်ပြင်အားသွေး ဇီဇာချဲ့သည်နှင့် နှောင့်နှေးနောက်ကျန် နေရစ်ရပုံကိုလည်း ပမာပြု၍ ထိုအပြုအမူမျိုးကို "ခတ်ကွင်းပြင်သည်" ဟု ဆိုတတ်ကြသည်။

ချာတူးလန်သည်
ညံ့ဖျင်းလွန်းသည်
နုံချာသည်၊ ချူချာသည်၊ မွဲချာသည်၊ သားသမီးချာသည် စသည်တို့၌ သုံးသော ခြာပုဒ်ကို ဘန်းစကားအနေဖြင့် ညံ့ဖျင်းခြင်း၊ သုန်ဖျင်းခြင်း အနက်ဖြင့် သုံးနှုန်းကြရာမှ အခေါ်တူး၊ မူးတူးတူးချ စသော လွန်ကဲမှု အနက်ရသည့် တူးပုဒ်ကို တွဲဖက်လျက် တူးရုံအပြင် လန်ထွက်သည့်သဘောဖြင့် နခမ်းလန်၊ အော့ကြောလန်၊ သဒ္ဒါလန် စသည်၌သုံးသော လန်ပုဒ်ကိုတွဲကာ ချာတူးလန်၊ ခြာတူးလန် စသည်ဖြင့် သုံးနှုန်းကြသည်။

ချောဆွဲသည်
ဝတ္တရားဆောင်ရွက်စေရန်အတွက် ယာဉ် သို့မဟုတ် လူကို အာဏာဖြင့် စေစားသည်
စစ်တပ်စသည် အရေးတကြီး ဆောင်ရွက်ရသော ရဲအဖွဲ့တို့သည် ရုတ်တရက် အရေးပေါ်ယာဉ်၊ သို့မဟုတ် စေပါးရန် လူကို လိုအပ်ခဲ့သော် ကြိုတင်အစီအစဉ်မရှိဘဲ ရုတ်တရက် အာဏာဖြင့် ဆွဲငင်ခေါ်ယူ အသုံးပြုတတ်ကြသည်။ ထိုသို့ အသုံးပြုသော ကိစ္စမှာ ချောစာပို့ရေး ကိစ္စသာ များသဖြင့် ချောစာပို့ရန် ဆွဲသည်၊ ချောဆွဲသည်ဟု ဟူ၍ သုံးနှုန်းသည်။ ထိုသဘောဖြင့် တစ်ဦးတစ်ယောက်အား အတင်းအကြပ် တာဝန်ထမ်းဆောင်စေသည်ကိုလည်း တင်စား၍ သုံးကြသည်။

ခြေရာနင်းသည်
နည်းတူလိုက်သည်၊ ထပ်တူတုပသည်
တောလမ်းခရီးတွင် သွားလာသောအခါဖြစ်စေ၊ အမဲလိုက်သောအခါဖြစ်စေ၊ လူခြေရာ၊ တိရစ္ဆာန်ခြေရာများကို ထပ်ပြီး နင်းလိုက်ခြင်းဖြင့် တစ်ခုတည်းသော သွားရာလမ်းကို ထပ်ကြပ်လိုက်နိုင်လေသည်။ ထိုသဘောကို တင်စားပြီး လူတစ်ဦးတစ်ယောက်၏ နည်းတူလိုက်၍ ပြုမူဆောင်ရွက်ခြင်းကို ခြေရာနင်းသည်ဟူ၍ပင် ဆိုသည်။ ထပ်ကြပ်လိုက်သည့်သဘောကို တင်စားသည်။

ခြေရာတိုင်းသည်
တုပသည်၊ အန်တုသည်
ခြင်္သေ့သားငယ်သည် ဖခင်ခြင်္သေ့နှင့် ခွန်အားစွမ်းအင်ချင်း တူမတူကို ခြေရာချင်းတိုင်း၍တိုင်း၍ကြည့်ကာ ခြေရာအရွယ်အစားချင်း တူမျှလာသောအခါ အင်းအားတူပြီဟူ၍ ဖခင်ကို အန်တုသည့် ပုံဝတ္ထုအား မှီး၍ ဖက်ပြိုင်ခြင်း၊ အန်တုခြင်းတို့ကို တင်စား၍ ခိုင်းနှိုင်းသည်။

ခြေသလုံးအိမ်တိုင်
အိုးအိမ် အခြေအနေ အတည်တကျမရှိသူ
လူများသည် အိုးအိမ်နှင့် နေထိုင်ကြသည်။ အိုးအိမ်အတည်တကျ မရှိသူတို့မှာ ရောက်ရာနေရာ၌ တည်းခိုအိပ်နား၍ တစ်နေရာမှ တစ်နေရာသို့ သွားလာလည်ပတ် နေတတ်ကြသည်။ ထိုသူများအဖို့ ခရုသည် မိမိအိပ်ခွံကို သွားလေရာသို့ တစ်ပါတည်း သယ်ဆောင်သွားသည့်ပမာ၊ မိမိခန္ဓာကိုယ်ကိုပင် အိမ်အမှတ်ပြု၍ သယ်ပိုးသွားလာ နေထိုင်သူများဟူ၍ မှတ်ယူခြင်း ခံရသည်။ ထိုကဲ့သို့သော နေရာအတည်တကျ မရှိသူတို့အဖို့ သူတို့၏ ခန္ဓာကိုယ်သည်ပင် အိမ်သဖွယ် ဖြစ်ဘိသကဲ့သို့ သူတို့၏ ခြေသလုံးသည်လည်း အိမ်တိုင်ပမာ ဖြစ်ရလေတော့သည်။ ထို့ကြောင့် ခြေသလုံးအိမ်ပြု၍ နေသူများဟူ၍ အခြေအနေ အတည်တကျ မရှိသူများကို တင်စား၍ ခေါ်ဝေါ်ကြသည်။

ခြေတော်တင်သည်
မင်းနှင့် မင်းညီမင်းသားတို့ မယားပြုသည်။
အနိမ့်အကျသဘောဖြင့် ကျူးလွန်သည်

ဘုရင်နှင့် မင်းညီမင်းသားတို့သည် နန်းတွင်းအပျိုတော်များအနက်ဖြစ်စေ၊ အသည်သမီးတို့ကိုဖြစ်စေ နှစ်သက်ကောက်ယူ၍ မယားပြုခြင်းကို ယဉ်ကျေးသောစကားဖြင့် ခြေတော်တင်သည်ဟု ဆိုသည်။ (မိဖုရားမြှောက်ခြင်းကဲ့သို့ အမွန်အမြတ် အရာမြှောက်ခြင်းကား မဟုတ်ချေ။) ထိုစကားကိုစွဲ၍ အနိမ့်အကျသဘောဖြင့် သင့်နေခြင်း၊ သို့မဟုတ် ကျူးလွန်စော်ကားခြင်းကို တင်စားဆိုသည်။

ခြေထိုးသည်
ကြားဝင် ကုန်းချောသည်
မြန်မာရုပ်သေးပွဲ ကပြသောအခါတွင် ကြိုးဆွဲဆရာသည် လက်မှကြိုးများဖြင့် အရုပ်ကို လိုသလိုပြုပြင်၍ လှုပ်ရှားစေရုံသာမက၊ တစ်ခါတစ်ရံတွင် လက်တန်းအောက် ကန့်လန့်ကာ အတွင်းမှ အရုပ်ကို လိုရာရွှေ့ပြောင်း လှုပ်ရှားစေရန် ခြေဖြင့်ကူ၍ တွန်းဖယ်လှုပ်ရှား ပြုပြင်ကြရလေသည်။ ဤသို့ ခြေဖြင့် တွန်းထိုးလှုပ်ရှားသည်မှာ အတွင်းမှ ပြုလုပ်ခြင်းဖြစ်သဖြင့် ပွဲကြည့်ပရိသတ်တို့က သတိမပြုမိဘဲ ရှိတတ်ကြလေသည်။ ဤသည်ကိုစွဲ၍ အတိအလင်း မဟုတ်ဘဲ နောက်ကွယ်မှ စီမံခြယ်လှယ် ဖန်တီးပြုပြင်ပေးခြင်းမျိုးကို ခြေထိုးသည်ဟု ဆိုကြလေသည်။ ထိုမှတစ်ဆင့် လူတစ်ဦးတစ်ယောက် သွားလာရာတွင် ခြေဖြင့် ကန့်လန့်ထိုးသွင်းခြင်းဖြင့် မတော်တဆ ဖြစ်သကဲ့သို့ ယိမ်းယိုင်လဲကျစေသည့် ခြေထိုးပုံမျိုးကဲ့သို့ သူတစ်ပါး အကျိုးမဲ့ဖြစ်စေရန် ကွယ်ဝှက်စွာဖြင့် ကြားဝင်ဖျက်ဆီး နှောင့်ယှက်ခြင်းမျိုးကိုလည်း ခြေထိုးသည်ဟုပင် ဆိုကြပေသေးသည်။

ခြံခုန်သည်
တစ်ဖက်မှတစ်ဖက် ကူးပြောင်းဝင်သည်။
သစ္စာဖောက်သည်၊ စိတ်ပြောင်းလွှဲသည်။

နွားရိုင်းများကို ခြံအတွင်း၌ သွင်း၍ထားသော် ခြံအပြင်သို့ ခုန်ထွက်လေ့ရှိသည်။ ခြံတစ်ခါခုန်၍ ရနိုင်ကြောင်းသိသောအခါ ခြံခုန်ဖူးသောနွားသည် နောင်အခါ ခြံခုန်ရန် ၀န်မလေးဘဲ ရဲရင့်စွာ ခုန်မြဲခုန်လေ့ရှိသည်။ ထိုသဘောကို တင်စား၍ တစ်သင်းတစ်ဖွဲ့မှ ပြိုင်ဖက်အခြားတစ်သင်း တစ်ဖွဲ့သို့ ကူးပြောင်းဝင်ခြင်း၊ မိမိအိမ်ထောင်ဖက်မှတစ်ပါး ပြင်ပသူနှင့် သင့်နေ၊ ဆက်ဆံခြင်း၊ သစ္စာဖောက်၍ ဘက်ပြောင်းခြင်း စသည်တို့တွင် သုံးသည်။

ခွတုတ်သည်
နှစ်ဖက်စလုံးမှ အကျိုးအမြတ်ယူသည်။
နှစ်ဖက်စလုံးနှင့် ဆက်ဆံသည်

စစ်တုရင်ကစားရာတွင် တစ်ဖက်မှ စစ်တုရင်ရုပ်များကို သတ်ရန် အကွက်ရွှေ့သောအခါ အလှည့်သင့်လျှင် နှစ်ဖက်၏ လမ်းရှိသောနေရာသို့ ရွှေ့ဝင်၍ ချောင်း(ခွေ) နိုင်လေသည်.။ ထိုအကွက်မျိုးကို ၀င်မိလျှင် တစ်ဖက်သူက တစ်ကြိမ်တွင် တစ်ရုပ်ကိုသာ လွတ်အောင် ကာကွယ်ခြင်း၊ ပြောင်းဖယ်ခြင်း၊ သို့မဟုတ် အပြန်သတ်နိုင်အောင် အကွက်ဆင်ခြင်း ပြုနိုင်၍ ကျန်တစ်ရုပ်အတွက် ထိုတစ်ကြိမ်တည်းတွင် မရွှေ့နိုင်သောကြောင့် မည်သည့်နညှ်းနှင့်မဆို နှစ်လမ်းအနက် တစ်လမ်းမှာ မလွန်ဘဲ အသတ်ခံရလေသည်။ ထိုသို့ နှစ်ဖက်နှစ်လမ်းခွ၍ ချောင်း(ခွေ)ခြင်း ခံရသည်ကို ခွတုတ်မိသည် ဟူ၍လည်းကောင်း၊ နှစ်ဖက်ချောင်း၍ သတ်သည်ကို ခွတုတ်သည်ဟူ၍လည်းကောင်း၊ ထိုစကားစွဲ၍ နှစ်ဖက်စလုံးမှ အကျိုးခံစားသည်ကို တင်စား၍ဆိုသည်။ မူလစကား အဓိပ္ပါယ်မှာလည်း နှစ်ခွတုတ်သည်။ နှစ်ခွစားသည်။ ခွစားသည်ဟူသော အနက်ရှင်းပြီးဖြစ်သည်။ ယခုအခါ ပြတ်သားခြင်းမရှိဘဲ နှစ်ဖက်လုံးကို ညာဝါးပေါင်းသင်း၍ ကိုယ်ကျိုးရှာသည်ဟူသော အဓိပ္ပါယ်မျိုး သုံးစွဲကြသည်။

ခွေးကျ ကျသည်
အကျနာသည်
ခွေးများအား ကိုင်မြှောက်ပစ်ချလျှင် ခြေလေးဖက်ထောက် ကြောင်ကျနည်းမျိုးမကျဘဲ ကျောဖြင့်ကျသဖြင့် အကျနာလေသည်။ ကြောင်များကား အကျမနာချေ။ နိမ့်ကျသွားရာ၌ အခုအခံ၊ အထောက်အကူ ဆယ်တင်ရာ လုံးဝမရှိဘဲ ဒလဟော အောက်သို့ ဒုတ်ဒုတ်ထိ ကျဆင်းသွားရခြင်းကို တင်စား၍ ခွေးကျ ကျသည်ဟု ဆိုသည်။ တစ်နည်း ခွေးကဲ့သို့ ယုတ်ညံ့သိမ်ဖျင်းလှစွာဖြင့် နစ်မွန်းယုတ်လျှော ကျဆင်းရသည်ဟူ၍လည်း တင်စားနိုင်သည်။

ချွတ်ခြုံကျသည်
အလွန်ဆင်းရဲသည်
ဆင်းရဲလွန်းသောသူသည် ခြုံစရာ စောင်မရှိ၍ အ၀တ်တစ်ထည်ထည်ကို နေ့အခါဝတ်၍ ညအခါ ချွတ်ခြုံရသည်။ ဒါဝတ်အဖြစ် တစ်လှည့်၊ ခြုံလွှာအဖြစ်တစ်လှည့်ဖြင့် တစ်ထည်တည်းကိုသာ အသုံးပြုရသောဘ၀သို့ ကျရောက်သည်ကို ချွတ်ခြုံကျသည်ဟု ဆိုသည်။ တကယ်ပင် ထိုမျှဆင်းရဲသော်လည်း ခေါင်းပါးခြင်း၊ ဆင်းရဲခြင်း၊ သာမန်ကို တင်စား၍ ချွတ်ခြုံကျသည်ဟု ဆိုကြသည်။

ခြောက်ပြစ်ကင်း
အပြစ်လုံးဝ ကင်းစင်သူ
မိန်းမတို့၏ ကောင်းခြင်းလက္ခဏာတွင် အပြစ်ခြောက်ပါး ကင်းရမည်ဟု ရှေးစာပေတို့တွင် ဆိုသည်။ ထိုခြောက်ပါးမှာ-
(၁) မ၀လွန်းခြင်း
(၂) မပိန်လွန်းခြင်း
(၃) မဖြူလွန်းခြင်း
(၄) မမဲလွန်းခြင်း
(၅) မရှည်လွန်းခြင်း
(၆) မပုလွန်းခြင်း

ဟူ၍ ဖြစ်သည်။ တစ်နည်းအားဖြင့် အခါမဲ့ လည်ပတ်တတ်သူတို့ သင့်ရောက်သော မပြစ်ခြောက်ပါး ဟူ၍လည်း ရှိလေသေးသည်။ ထိုခြောက်ပါးမှာ-
(၁) မိမိကိုယ် မလုံခြုံခြင်း
(၂) သားမယား မလုံခြုံခြင်း
(၃) ပစ္စည်းဥစ္စာ မလုံခြုံခြင်း
(၄) သူတစ်ပါး မသင်္ကာခြင်းခံရခြင်း
(၅) စွပ်စဲခံရခြင်း
(၆) ဘေးသင့်တတ်ခြင်း

ဟူ၍ ဖြစ်လေသည်။ ထိုသဘောကိုတင်စား၍ ရုပ်ဆင်းနှင့် မပတ်သက်ဘဲ အကျင့်စာရိတ္တနှင့် ပတ်သက်ရာ၌လည်း အပြစ်ခြောက်ပါး သင်္ချာကိုသာ တင်စား၍ အပြစ်ခြောက်ပါးကင်းသည်၊ ခြောက်ပြစ်ကင်းဟူ၍ သုံးနှုန်းကြသည်။ လှပသော မိန်းကလေးကိုလည်းကောင်း၊ အကျင့်မွန်မြတ်သူကိုလည်းကောင်း တင်စားသုံးနှုန်းသည်။

ချိုကြွ (ဂျိုကြွ)သည်
မာန်တက်ကြွသည်၊ လှုပ်ရှားဟန်ပြင်သည်၊ ထောင်လွှားသည်
ဦးချိုရှိ တိရစ္ဆာန်များသည် အချင်းချင်း တိုက်ခိုက်ဝှေ့ခတ်လိုသောအခါ ချိုကိုဝင့်ကာ ဟန်ပြင်လေ့ရှိကြသည်။ ထိုသို့ ဦးချိုသည် တက်ကြွလှုပ်ရှားနေသည်ကို တင်စား၍ တစ်စုံတစ်ရာ အားထုတ်အစွမ်းပြရန် စိတ်အားထက်သန်၍ ဟန်ပြမာန်ကြွနေသူကို ချိုကြွသည်ဟု ဆိုသည်။ မငြိမ်မသက် ထောင်လွှားနေသူကိုလည်း ဆိုသည်။

Related:
အသုံးများသော မြန်မာဗန်းစကားများ (က)

No comments:

Post a Comment

 
Web Statistics