ငယ်သော်လှ၏ ဆိုသောစကားလည်း မှန်ပါသည်။ သို့သော် ကြီးရင့်အိုမင်းသွားတိုင်းလည်း အရုပ်ဆိုး အကျည်းတန်သည်တော့ မဟုတ်ပါ။ အရေးကြီးသည်က "တန်ဖိုး"ပင် ဖြစ်ပါသည်။ တန်ဖိုးဆိုသည်ကလည်း အသုံးဝင်မှုပင် ဖြစ်သည်။
ဘ၀တွင် တန်ဖိုးထားမှု၊ အသုံးကျမှု၊ အဓိပ္ပါယ်ရှိရှိ နေထိုင်မှု ဆိုသည်မှာ အရွယ်မရွေး လိုအပ်ပါသည်။ ကြိုးစားအားထုတ်မှု၊ မျှော်လင့်ချက် မြင့်မြင့်မားမား ထားရှိမှု၊ စွမ်းဆောင်ရည်ရှိမှု ဆိုသည်မှာ ငယ်သည်မဟူ၊ ကြီးသည်မရွေး အလေးထားအပ်လှပါသည်။ ငယ်ပါသေးတယ်ဟူ၍ အချိန်ဆွဲ လေးဖင့်မနေသင့်သလို ငါတော့ ကြီးပါပြီကွာဟူ၍လည်း အားမလျော့သင့်ပါ။ အိုမင်းမစွမ်းဆိုသည်မှာ စိတ်ဓာတ်အပေါ် မူတည်ပါသည်။ အလောင်းစည်သူမင်းကြီးကဲ့သို့ လက်ပျဉ်းကျသော်လည်း စိတ်ဓာတ်မကျပါက အိုမင်းပေမယ့် စွမ်းပါလိမ့်မည်။
လူတွေ၏ အတ္ထုပ္ပတ္တိပေါင်း များစွာကို ကျွန်တော်လေ့လာ ဖတ်ရှုမိခဲ့ရာမှ အသက်အရွယ် အပိုင်းအခြားတို့၏ ထူးခြားချက်ကို တွေ့ရှိခဲ့ရသည်။ ၎င်းမှာ မထင်မှတ်သော စွမ်းအားများ၊ ထူးချွန်ထက်မြက်မှုများ၊ ဉာဏ်ရည်ဉာဏ်သွေးများ၊ ပြတ်သားပီပြင်သော ရည်မှန်းချက်များသည် အသက်အရွယ် ပိုင်းခြားမှုကို ကျော်လွန်နေပါသည်။ အများသူငါ သိရှိပြီးဖြစ်သော လူနေမှုပုံစံခွက်ထဲမှ ခွဲထွက်သည့် အနေအထားမျိုးပါလေ။
တချို့ ငယ်ငယ်ရွယ်ရွယ်ဖြင့် ထူးချွန်ကြသည်။ တချို့တော့ လူလတ်ပိုင်းအရွယ်မှာ တချို့တော့ အိုမင်းခါကျမှပင် ထူးထူးခြားခြား အောင်မြင်မှုတွေ ရရှိလာတတ်ကြသည်။ သူတို့၏ စွမ်းအားကို ဘယ်တော့မှ နောက်ပြန်မဆွဲကြပါ။
အသက်အရွယ် အပိုင်းအခြား တစ်ခုစီတွင် စွမ်းအားတစ်မျိုးစီဖြင့် ထူးချွန်အောင်မြင်ခဲ့ကြသည်ကို အောက်ပါသာဓကများက သက်သေပြဆိုနေပါသည်။
၃ နှစ်အရွယ်မှာ
ကမ္ဘာကျော် ဂီတဆရာကြီး မိုးဇတ် (Mozart) သည် ဗျပ်စောင်းတစ်လက်ဖြင့် ကြိုးညှိပြီး တီးခတ်နေလေ့ရှိသည်။ ရှည်လျားသော ဂန္ထ၀င်သီချင်းကြီးများကို တစ်ကြိမ်နားထောင်ရုံဖြင့်ပင် အလွတ်ရသွားတတ်သည်။
၇ နှစ်အရွယ်မှာ
ကမ္ဘာကျော် ဂီတပညာရှင် ရှိုပင်သည် ပိုလိုနှိပ်တီးကွက်ကို ရေးစပ်သီကုံး တီးခတ်နိုင်ခဲ့သည်။
၁၀ နှစ်အရွယ်မှာ
အက်ဒီဆင်သည် သူ့ဖခင်၏ မြေအောက်ဓာတ်ခွဲခန်းထဲ၌ ဓာတ်ခွဲခန်းငယ်လေးတစ်ခု တည်ဆောက်ပြီး "လျှပ်စစ်" ကို ရှာဖွေစမ်းသပ်ခဲ့သည်။ လူသားအကျိုးပြု စွန့်ဦးတီထွင်သူ ပုဂ္ဂိုလ်ကြီးများတွင် အထူးခြားဆုံး သိပ္ပံပညာရှင် ဖြစ်လာခဲ့သည်။
၁၂ နှစ်အရွယ်မှာ
ဂျားထရုအယ်ဒါးသည် ကိုက် ၈၈၀ ရေကူးမှုစံချိန်သစ် တင်နိုင်ခဲ့သည်။
၁၅ နှစ်အရွယ်မှာ
အမေရိကန် ချီကာဂိုမြို့မှ ဘော်ဘီဖစ်ရှာသည် နိုင်ငံတကာ စစ်တုရင်ချန်ပီယံအဖြစ် စံချိန်တင်နိုင်ခဲ့သည်။
၂၁ နှစ်အရွယ်မှာ
ဂျိန်းအော်စတင်သည် ၁၈ ရာစုမှ စပြီး ၂၀ ရာစုအထိ အကြိမ်ကြိမ် ပြန်ရိုက်ရပြီး ဟောလီးဝုဒ်မှ ရုပ်ရှင်အဖြစ် ရိုက်ကူးခဲ့သော ၀တ္ထု Pride And Prejudice ကို ရေးသားခဲ့သည်။
၂၂ နှစ်အရွယ်မှာ
ဟယ်လင်ကဲလားသည် မျက်မမြင် နားမကြားဖြစ်ရသည့် အခြေအနေမှန်ကို ကျော်လွန်ပြီး သူမ၏ "ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ" ကို ရေးသားခဲ့သည်။ အဆိုပါ အတ္ထုပ္ပတ္တိသည် ယနေ့တိုင် လူကြိုက်များ ကျော်ကြားလျက်ရှိပြီး မြန်မာဘာသာဖြင့်ပင် သုံးလေးကြိမ် ပြန်ဆိုဖြန့်ချိခဲ့ကြပြီး ဖြစ်သည်။
၂၈ နှစ်အရွယ်မှာ
တင်းနစ်ကစားသမား ဘီလီကျင်းကင်း သည် ကြေးစားအားကစားလောကမှ တစ်နှစ်ဝင်ငွေ ဒေါ်လာတစ်သိန်းကို ပထမဦးဆုံး ရရှိခဲ့သူအဖြစ် ၁၉၇၁ ခုနှစ်မှာ စံချိန်တင်ခဲ့သည်။
၄၂ နှစ်အရွယ်မှာ
လူ့ဘ၀သည် အသက် ၄၀ မှ စသည်ဟု ဆိုကြသည်မဟုတ်ပါလား။ ဘဲလေးကချေသည် မာဂိုးဖွန်တင်းသည် ၄၂ နှစ်အရွယ်တွင် နာမည်ကျော် ရုရှားအမျိုးသား ဘဲလေးကချေသည် "ဂူဒေါ့နူရီးယက်ဖ်" ဖြင့် ပေါင်းဖက်မိပြီး ကပွဲပေါင်းများစွာကို နှစ်ဦးတွဲလျက် တက်ညီလက်ညီ ကပြအောင်မြင်ခဲ့သည်။ သူတို့၏ အတွဲညီသော ကကွက်များကို ယနေ့တိုင် မည်သူမျှ ကျော်လွှားအောင်မြင်အောင် မကနိုင်ကြသေးပါ။
၄၃ နှစ်အရွယ်မှာ
ဂျွန်အက်ဖ်ကနေဒီသည် ၄၃ နှစ်အရွယ်မှာပင် သမ္မတဖြစ်ခဲ့သည်။ အမေရိကန်သမ္မတထဲတွင် အသက်အငယ်ဆုံး ဖြစ်သည်။
အသက် ၅၀ အရွယ်မှာ
ဖို့ဒ်ကားကုမ္ပဏီ၏ ဖခင်ကြီးဖြစ်သော ဟင်နရီဖို့ဒ်သည် ကားပစ္စည်းတပ်ဆင်ရေး စက်ယန္တရားကြီးကို စတင်တီထွင်ခဲ့သည်။ အစုလိုက်အပြုံလိုက် ထုတ်လုပ်ရေး (Mass Production) မှာ အထူးခြားဆုံး တီထွင်ဖန်တီးမှုကြီးလည်း ဖြစ်သည်။
၅၃ နှစ်အရွယ်မှာ
မာဂရက်သက်ချာသည် ဗြိတိန်နိုင်ငံ၏ ပထမဦးဆုံး အမျိုးသမီးဝန်ကြီးချုပ် ဖြစ်ခဲ့သည်။ သူသည် သံမဏိအမျိုးသမီး (Iron Lady) ဟု အသိအမှတ်ပြု ခဲ့ရသူလည်း ဖြစ်သည်။
၆၄ နှစ်အရွယ်မှာ
ဖရန်စစ်ချီချက်စတာသည် ၅၃ ပေ ရှည်သော ရွက်လှေကလေးတစ်စင်းဖြင့် တစ်ကိုယ်တော် ကမ္ဘာပတ်ခရီးကို အောင်မြင်ခဲ့သည်။
၆၅ နှစ်အရွယ်မှာ
ဗြိတိန်နိုင်ငံတွင် ၀င်စတန်ချာချီသည် ၀န်ကြီးချုပ်ဖြစ်လာပြီး နာဇီဟစ်တလာကို ကြံ့ကြံ့ခံ ဆန့်ကျင်နိုင်ခဲ့သည်။
၇၁ နှစ်အရွယ်မှာ
ဘွားဘွား ဂိုဒါမေယာသည် အစ္စရေးဝန်ကြီးချုပ် ဖြစ်ခဲ့သည်။ သူ၏စွမ်းရည်ကို အကဲခတ်သမားများက ယခုကဲ့သို့ ဖော်ထုတ်ခဲ့ကြသည်။ "၀န်ကြီးအဖွဲ့ထဲမှာ ယောက်ျားဆို ဒီအဘွားကြီးတစ်ယောက်တည်းပဲရှိတယ်" ဟူ၏။
၇၅ နှစ်အရွယ်မှာ
ကယ်လီဖိုးနီးယားမှ အက်ဒီလာနိုသည် တခြားမြို့မှ ကျင်းပသော ကောလိပ်ကျောင်းသားများ မိတ်ဆုံတွေ့ဆုံပွဲ ရွှေရတုသဘင်ကို ၃၃ ရက်ကြာ၊ မိုင်ပေါင်း ၃၀၀၀ ကျော်ခရီးကို စက်ဘီးစီး၍ သွားရောက်ခဲ့သည်။ [Link]
အသက် ၈၀ ဘွားဘွားကြီးအရွယ်မှာ
အင်နာမေရီရော်ဘင်ဆင်မိုးဆက်သည် သူမ၏ လက်ရာပန်းချီကားများကို တစ်ကိုယ်တော်ပြပွဲအဖြစ် ခင်းကျင်းပြသခဲ့သည်။ သူမသည် အသက် ၇၀ ကျော်မှ ပန်းချီကို စတင်ရေးဆွဲခဲ့သူဖြစ်သည်။
၈၁ နှစ်အရွယ်မှာ
ဘင်ဂျမင်ဖရန့်ကလင်သည် အကွဲကွဲအပြားပြားဖြစ်ပြီး ငြင်းခုံနေကြသည်များကို အဆုံးသတ်စေ၍ အမေရိကန် ဖွဲ့စည်းအုပ်ချုပ်ပုံ စည်းမျဉ်းကို ချမှတ်ရေးဆွဲ ပြီးမြောက်စေခဲ့သည်။
၈၄ နှစ်အရွယ်မှာ
ဝင်စတန်ချာချီသည် ၀န်ကြီးချုပ်သက်တမ်း နှစ်ကြိမ်ရရှိခဲ့သည်။ အသက် ၈၀ အရွယ်မှာ သာမန်လွှတ်တော်အမတ်ဖြစ်ပြီး အားလပ်ချိန်မှာ ပန်းချီရေးဆွဲခဲ့သည်။ ၈၄ နှစ်အရွယ်မှာ ပန်းချီလက်ရာများကို ခင်းကျင်းပြသနိုင်ခဲ့သည်။
၈၈ နှစ်အရွယ်မှာ
ပက်ဘလိုကက်ဆယ်စ်သည် တယောဝိဇ္ဇာတစ်ယောက်ဖြစ်ပြီး သူသည် ဂီတပွဲတွေမှာ ၀င်ရောက်နွှဲတုန်းပင် ဖြစ်သည်။ သူ ကွယ်လွန်ချိန် အသက် ၉၆ နှစ်ထိ တီးခတ်ခဲ့သည်။
အသက် ၁၀၀ ပြည့်အရွယ်မှာ
၁၉၈၃ ခုနှစ်က ကွယ်လွန်ခဲ့ပြီးဖြစ်သော စန္ဒရားဆရာကြီး ယူဘီဘလိတ်သည် ဂီတစာဆိုအဖြစ် တေးဂီတအကွက်ဆန်းများကို ဆန်းသစ်တီထွင်ခဲ့သည်။ အသက်တစ်ရာကျော်၊ မကွယ်လွန်မီ ငါးရက်အလိုမှာ သူက ဤသို့ ပြောကြားခဲ့သည်။
"ဒါလောက် အသက်ရှည်ရှည်နေရမယ်ဆိုတာသာ ကြိုသိခဲ့ရင် ကျုပ်ကျန်းမာရေးကို ဒီထက်ပိုပြီး ဂရုစိုက်ခဲ့မှာပါဗျာ"
အသက် ၁၁၉ နှစ်အရွယ် အဘိုးကြီး
ဂျပန်အမျိုးသားကြီး ရှင်ဂယ်ချီယိုအီဇူမီယာသည် ၁၉၈၄ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့တွင် အသက် ၁၁၉ နှစ် ပြည့်ခဲ့သည်။ ထိုအရွယ်ထိ စစ်မှုရေးရာ မှတ်တမ်းများကို သူ့ထံမှ အတည်ပြုချက်များ ရယူခဲ့ကြရသည်။
*************************************************************************************************
မူရင်းစာအုပ်ထဲမှာကတော့ ဓာတ်ပုံတွေမပါပါဘူး။ ကျွန်တော့်ဘာသာ အင်တာနက်ကနေ လိုက်ရှာပြီး ထည့်ပေးထားတာပါ။ ဖတ်ရတဲ့လူတွေအတွက် ပိုကောင်းမယ်ထင်လို့ပါ။ အများစုကတော့ ၀ီကီပီးဒီးယားက ပုံတွေပါ။ တစ်ယောက်ချင်းစီရဲ့ အကြောင်းကို သိချင်သူတွေအတွက်လည်း ကျယ်ကျယ်ပြန့်ပြန့် သွားဖတ်နိုင်အောင် ၀ီကီပီးဒီးယားမှာ ကျွန်တော်ရှာတွေ့သမျှကို လင့်ခ်တွေ ထည့်ပေးထားပါတယ်။ ဓာတ်ပုံတွေကို ဖော်ပြရာမှာ အတတ်နိုင်ဆုံး အသက်အရွယ်အလိုက်ဖြစ်အောင် ကြိုးစားထားပါတယ်။ ဥပမာ- အက်ဒီဆင်ဆိုရင် အများသိတဲ့ ဓာတ်ပုံမဟုတ်ဘဲ သူငယ်ငယ်တုန်းက ဓာတ်ပုံကိုပဲ တမင်တကာ သုံးထားတာမျိုးပေါ့။ စက်ဘီးစီးတဲ့ အက်ဒီလာနိုကိုတော့ ဘယ်လိုမှကို ရှာမတွေ့လို့ ဓာတ်ပုံရော၊ လင့်ခ်ပါ မတင်ပေးနိုင်ခဲ့ပါဘူး။ ဒါပေမယ့် စာထဲမှာပါတဲ့အတိုင်း စက်ဘီးစီးခဲ့တယ်ဆိုတာကိုတော့ စာမျက်နှာတစ်ခုမှာ တွေ့ပါတယ်။ အဲဒါကြောင့် နောက်ဆုံးမှာပဲ လင့်ခ်ဆိုပြီး သတ်သတ်ပေးထားလိုက်တာပါ။ မူလစာအုပ်ပါ အကြောင်းအရာတွေကို ပြန်ရိုက်ရတာက ဘာမျှမကြာလှပါဘူး။ ဒါပေမယ့် ၀ီကီပီးဒီးယားမှာ သူတို့တွေကို ပြန်ရှာရတာ အတော်ဦးနှောက်စားပါတယ်။ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေက မခက်ခဲပေမယ့် အချို့လူတွေက မြန်မာလိုနာမည်ကို အင်္ဂလိပ်လို လိုက်ပေါင်းရတာ အတော်ခက်ပါတယ်။ တော်ပါသေးရဲ့ ဂူဂဲလ်နဲ့ ၀ီကီ နှစ်ခုပေါင်းပြီး မွှေလို့ရနေပေလို့။ :D ဘာပဲဖြစ်ဖြစ် ဖတ်တဲ့လူတွေအတွက် အသုံးဝင်မယ်၊ အကျိုးရှိမယ်၊ ကျေနပ်မှုတစ်ခုခု ရစေမယ်ဆိုရင်တော့ ပင်ပန်းရကျိုးနပ်ပါတယ်။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။
ညနေ ၄ နာရီ ၅၁ မိနစ်။
အမြဲ ဖတ်ပြီး စိတ်ကို မြှင့်တင်နိုင်မဲ့ ပို့စ်ကောင်းလေးပါပဲ
ReplyDeleteThanks for this inspirational post. However, the fact about Bobby Fischer is a little inaccurate. He became a Grand Master at 15, and a World Champion at 27. The youngest World Champion (undisputed) was Garry Kasparov at age 22.
ReplyDelete