Monday, July 26, 2010

ဝေးဝေးကြည့်၊ နက်နက်တွေး - လူထုစိန်ဝင်း


useinwin.jpg
သတင်းစာအလုပ်ကို စွဲလမ်းမြတ်နိုးလွန်းတာကြောင့် တစ်သက်လုံး ဒီအလုပ်တစ်ခုတည်းကိုပဲ လုပ်ခဲ့ပါတယ်။ သတင်းစာမျိုးဆက် ကန်းသွားမှာစိုးတဲ့အတွက် သတင်းစာပညာနဲ့ ပတ်သက်တဲ့စာတွေလည်း အများကြီး ရေးခဲ့ပါတယ်။ ရေးတဲ့အခါမှာလည်း ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာကို အထူးအလေးထား ရေးခဲ့ပါတယ်။

အနာပေါ်တုတ်ကျဖြစ်ရှာကြ
ဈေးကွက်စီးပွားရေးနဲ့အတူ ပုဂ္ဂလိကဂျာနယ်တွေ ပေါ်ထွန်းလာတဲ့အခါ ကံစမ်းမဲကိစ္စ၊ လက်ဆောင်ကိစ္စ ဆိုတာမျိုးတွေကြောင့် ဂျာနယ်သမားတွေ နာမည်ပျက်စရာတွေ အများကြီး ဖြစ်လာခဲ့ကြတယ်။ ကြော်ငြာကို သတင်းယောင်ဆောင် ရေးသားထည့်သွင်းတာ မျိုးတွေလည်း တွေ့လာရတယ်။ လက်ဆောင်ကြောင့် ဂျာနယ်သမားချင်း ရန်ဖြစ်ရတာတို့၊ ဖိတ်စာဖျောက်တာတို့ဆိုတဲ့ မဖွယ်မရာတွေလည်း မပြတ်ကြားလာရတယ်။ အဲဒါကြောင့် လက်ဆောင်ကို လက်ရှောင်ဖို့ စာတွေအများကြီး ရေးခဲ့တယ်။ စာအုပ်လက်ဆောင်ယူပြီး ကောင်းတယ်ညွှန်းတာ မလုပ်ဖို့၊ သံရုံးကလွှတ်လို့ သူတို့နိုင်ငံ အလည်သွားရပြီး ပြန်လာတော့ အားလုံးကောင်း၊ လွှတ်ကောင်း၊ ဆွေမျိုးသာမက နိုင်ငံပါ မေ့သွားအောင်ကောင်း ဆိုတဲ့ ကျေးဇူးဆပ်စာမျိုးတွေ မရေးဖို့ ဆိုတာမျိုးတွေလည်း ထပ်ခါတလဲလဲ ရေးခဲ့တယ်။ ရေးလွန်းအားကြီးလို့ တချို့ခေတ်ပေါ်ဂျာနယ်တွေက ကွယ်ရာကနေ အောက်ကလိအာ ပြောကြတာတွေတောင် ခံရတယ်။ အနာပေါ်တုတ်ကျ ဖြစ်ရှာကြတာကိုး။

လူငယ်တစ်ယောက်ကဆုံးမ
သူများကို ဆုံးမလွန်းလို့ ၀ဋ်လည်တာထင်ပါရဲ့။ အသက် ၇၀ ကျမှ လူငယ်တစ်ယောက်က ဆုံးမတာ ခံလိုက်ရတယ်။ အင်တာနက်ထဲက ဆုံးမတာဖြစ်လို့ လူငယ်လို့ ပြောလိုက်တာပါ။ ဘယ်သူဘယ်ဝါ မသိပါဘူး။ အင်တာနက်ထဲမှာ ရေးမဆုံးနိုင် ဖြစ်နေကြတဲ့ "လက်ရောက်ကျူးလွန်မှု" တစ်ခုနဲ့ ပတ်သက်ပြီး ဂျာနယ်သမားတွေက ထင်မြင်ချက် လာတောင်းတဲ့အတွက် ထင်မြင်ချက်ကို ပြောလိုက်ပါတယ်။ ဘာအကြောင်း ဘာကိစ္စမျိုးနဲ့မှ လူတစ်ဦးတစ်ယောက်ကို ကိုယ်ထိလက်ရောက် ရိုက်နှက်ထိုးကြိတ်တာမျိုး လုပ်ခွင့်မရှိတဲ့အကြောင်း၊ လုပ်ခဲ့ရင် ဥပဒေအရ အပြစ်ရှိတဲ့အကြောင်း ပြောလိုက်တာပါ။ အဲဒီလို ပြောလိုက်ပြီးတဲ့နောက် အင်တာနက်ကနေပြီး "လူကြီးဖြစ်ပြီး ကိုယ်ဟာကိုယ် မနေဘဲ ဒီလိုကိစ္စမျိုးတွေထဲ ဘာလို့ဝင်ပါနေရတာလဲ" ဆိုတဲ့ စာတက်လာတာကို ဖတ်လိုက်ရပါတယ်။

မျက်နှာလွှဲရမယ့် ကိစ္စမဟုတ်
ပေါ့ပ်နယ်ပယ်ကကိစ္စမို့ ဘာမှမဆိုင်ဘူး။ ၀င်ပါစရာ မလိုဘူးလို့ ထင်မယ်ဆို ထင်နိုင်ပါတယ်။ ဒါပေမယ့် ကိုယ်တိုင်က ဒီကိစ္စကို ငါးစိမ်းတန်းက မိန်းမနှစ်ယောက် နပန်းလုံးတဲ့ကိစ္စလို မျက်နှာလွှဲထားလိုက်ရမယ့် ကိစ္စမျိုးလို့ မယူဆပါဘူး။ စိတ်ဓာတ်ရေးရာ ဖောက်ပြန်ပျက်စီးမှုတွေ ဘယ်လောက်အထိ ကျယ်ကျယ်ပြန့်ပြန့် နက်နက်ရှိုင်းရှိုင်း ဖြစ်ပွားနေပြီလဲဆိုတာကို ထင်ဟပ်ဖော်ပြနေတဲ့ လက္ခဏာတစ်ရပ်လို့ ယူဆပါတယ်။

ဇာတ်မင်းသားငယ်ကိစ္စ
တစ်နေ့က သဘင်အစည်းအရုံးက တစ်ရှိန်ထိုးနာမည်ကြီးလာတဲ့ ဇာတ်မင်းသားငယ်တစ်ယောက်ကို (၂)နှစ် ဇာတ်မကရ လို့ ပြစ်ဒဏ်ချမှတ်ထားရာက သက်ညှာတဲ့အနေနဲ့ တစ်နှစ်လို့ လျှော့ချပေးလိုက်တဲ့သတင်း ဂျာနယ်တွေမှာ ဖတ်လိုက်ရတယ်။ ဇာတ်မင်းသားငယ်က ၀န်ချတောင်းပန်တာကိုလည်း တွေ့ရတယ်။ ဖျော်ဖြေရေးလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်း ပြုနေတဲ့ သဘင်သည်တစ်ယောက်ကို နှစ်နှစ်ကြီးတောင် ဇာတ်မကရ လို့ ပြစ်ဒဏ်ချမှတ်တာဟာ အတော်ပြင်းထန်ပါတယ်။ သာမန်အားဖြင့် မလုပ်သင့်ပါဘူး။ ဘာကြောင့်များ ဒီလိုပြစ်ဒဏ်ခတ်ရတာလည်း ဆိုတာကို ပြန်လေ့လာလိုက်တော့ အောင်မြင်မှုမာန် သိပ်တက်နေတဲ့ မင်းသားငယ်က ဇာတ်စင်ပေါ်ကနေပြီး စင်အောက်က လှောင်ပြောင်တဲ့ ပရိသတ်ကို ရုန့်ရင်းကြမ်းတမ်းတဲ့ စကားလုံးတွေ၊ စော်ကားတဲ့ အပြုအမူတွေနဲ့ တုံ့ပြန်ပြုမူခဲ့တာကြောင့် ပွဲခင်းထဲမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ရတယ်။

သွေးနားထင်ရောက်လို့
သဘင်အစည်းအရုံးက ငယ်ရွယ်သူမင်းသားလေး သင်ခန်းစာယူနိုင်အောင် တစ်နှစ်ဇာတ်မကဖို့ ပိတ်လိုက်တယ်။ ဒါကို မင်းသားက မထီမဲ့မြင်ပြုပြီး နယ်ပွဲတွေမှာ ၀င်ရောက်ဖျော်ဖြေတာတွေ လုပ်တယ်။ သဘင်အစည်းအရုံးကသိတော့ စည်းကမ်းဖောက်ဖျက်မှုကြောင့် မူလပြစ်ဒဏ် တစ်နှစ်အစား နှစ်နှစ်ဆိုပြီး အပြစ်တိုးလိုက်တယ်။ ဒီတင် မင်းသားငယ်က လာရောက်ဝန်ချ တောင်းပန်လို့ လူကြီးတွေက ဆုံးမပြောဆိုပြီး ပြစ်ဒဏ်လျှော့ပေါ့ ပေးလိုက်တာပါ။ ဒါ အင်မတန် သင့်လျော်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ မင်းသားငယ်အနေနဲ့ အောင်မြင်မှုကြောင့် သွေးနားထင်ရောက်ပြီး ဘယ်သူ့မှ ဂရုစိုက်စရာ မလိုဘူးဆိုတဲ့ စိတ်ဓာတ်နဲ့ ပထမ သူ့ထမင်းရှင် ပရိသတ်ကို မထီမဲ့မြင်လုပ်တယ်။ နောက်တော့ သဘင်လောကရဲ့ လူကြီးသူမတွေကိုပါ ဂရုစိုက်ဖို့ မလိုဘူးလို့ ယူဆပြီး ထင်ရာစိုင်းလုပ်ခဲ့တယ်။

ထမင်းရှင်ကို မပြစ်မှားနဲ့
အခုတော့ ကလေးက နောင်တရပြီး လူကြီးတွေကို ၀န်ချတောင်းပန်တယ်။ နောက်နောင်မဖြစ်စေဖို့ အာမ၀န္တံခံတယ်။ ဒီအဖြစ်တွေအားလုံး အစကနေအဆုံးထိ ဂျာနယ်တွေမှာပါလာတော့ တခြားအနုပညာနယ်က လူငယ်လေးတွေပါ သင်ခန်းစာယူနိုင်ကြတယ်။ သဘင်အစည်းအရုံးက အပြစ်ပေးတယ်ဆိုတာ လူငယ်တစ်ယောက် အညွန့်ကျိုးသွားအောင်၊ ဘ၀ပျက်သွားအောင် လုပ်တာမှမဟုတ်တာ။ ဆင်ခြင်နိုင်စေဖို့နဲ့ ပရိသတ်ဆိုတာ ထမင်းရှင်၊ ကျေးဇူးရှင်ဖြစ်တဲ့အတွက် မပြစ်မှားရဘူးဆိုတဲ့ သဘင်သည်တို့ ကျင့်ဝတ်ကို သဘောပေါက် နားလည်စေဖို့ဖြစ်တယ်။ အခုတော့ လူငယ်မင်းသားလေးလည်း နောင်ကြဉ်သွားလောက်ပြီဆိုတော့ ပြစ်ဒဏ်လျှော့ပေါ့ပေးတာ လျော်ကန်သင့်မြတ်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။

ဥပဒေဆိုခေါက်ထား
အခုခေတ် အနုပညာနယ်ပယ်မှာက လူငယ်လေးတွေများတယ်။ တော်တော်များများဆို ကြီးကောင်ဝင်သံတောင် မပျောက်သေးတဲ့ အရွယ်လေးတွေ ဖြစ်ကြတယ်။ ရှေးခေတ်ကလို ဆရာနဲ့ သမားနဲ့ လူကြီးသူမများရဲ့ စောင့်ရှောက်မှုနဲ့ ရောက်လာကြတာမျိုး မဟုတ်ဘဲ အရှင်မွေး နေ့ချင်းကြီးဆိုသလို ၀ုန်းကနဲ၊ ၀ုန်းကနဲ ထင်ပေါ်ကျော်ကြားသူတွေ ဖြစ်သွားကြတယ်။ သူတို့အရွယ်တွေနဲ့ မလိုက်အောင် ပိုက်ဆံတွေ ရှာနိုင်ကြတယ်။ အဲဒီတော့ ထုံးစံအတိုင်း ခြေဖျားထောက်လာတယ်။ သွေးနားထင် ရောက်လာတယ်။ ငွေရှိရင်၊ ဂုဏ်ရှိရင်၊ မျက်နှာကြီးရင် ဘယ်သူ့မှ ဂရုစိုက်စရာ မလိုဘူး။ မော်တော်ပီကယ်ဆို ဟောက်ထားလိုက်၊ ဥပဒေဆို ခေါက်ထားလိုက်ဆိုတဲ့ မောက်မာထောင်လွှားမှုတွေ လွန်ကဲလာကြတယ်။

လျစ်လျူရှုထားမယ်ဆိုရင်
ထင်ပေါ်ကျော်ကြားသူတွေရဲ့ လုပ်ရပ်မှန်သမျှ တစ်ခဏချင်း လူ့အဖွဲ့အစည်းအတွင်း ကူးစက်ရောက်ရှိသွားတာ သဘာဝဖြစ်တယ်။ ဂါရ၀တရားတို့၊ မင်္ဂလာတရားတို့ သိပ်အလေးထားတဲ့ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ ရှေးကမကြုံဖူး၊ မကြားဖူးတဲ့ ရုန့်ရင်းကြမ်းတမ်းမှုတွေ၊ ဟီရိသြတပ္ပ ကင်းမဲ့မှုတွေ၊ ရိုင်းပျစော်ကားမှုတွေ ဒီနေ့ နေရာစုံ၊ နယ်ပယ်စုံမှာ မတွေ့ချင်၊ မမြင်ချင်အဆုံး မြင်တွေ့နေရတယ်။ ဒါမျိုးတွေကို လျစ်လျူရှုထားလိုက်မယ်ဆိုရင် မြန်မာ့ယဉ်ကျေးမှုသိချင်ရင် ပုဂံဘုရားနံရံတွေက ဆေးရေးပန်းချီတွေ သွားကြည့်မှ ဖြစ်မယ့်ကိန်း ဆိုက်ရောက်သွားနိုင်တယ်။

ပေါ့ပ်ဆိုပြီး မပေါ့နဲ့
ပေါ့ပ်ကိစ္စပဲ၊ ပေါ့ပ်စာစောင်တွေပဲဆိုပြီး ခပ်ပေါ့ပေါ့ သဘောထားလို့ မဖြစ်ပါဘူး။ ပေါ့ပ်တွေက လူငယ်တွေကြား အများဆုံးရောက်နေတာ ဖြစ်တယ်။ ဖျော်ဖြေရေး၊ ဖျော်ဖြေရေးနဲ့ လျစ်လျူရှုထားလိုက်ရင် ဖျော်ဖြေရေးကတစ်ဆင့် လျှပ်ပေါ်လော်လီတဲ့အဆင့်ကို ကူးပြောင်းသွားဖို့ ဘာမှခက်လှတာ မဟုတ်ပါဘူး။ အဲဒါကြောင့် ပြောသင့်ပြောထိုက်တာတွေ ပြောဖို့လိုပါတယ်။ ပြောတဲ့နေရာမှာလည်း နှစ်ကိုယ်တည်းကြိတ်ပြီး ပြောလို့မရပါဘူး။လူသိရှင်ကြားဖြစ်အောင် မီဒီယာတွေကတစ်ဆင့် ပွင့်ပွင့်လင်းလင်းပြောဖို့ လိုပါတယ်။ ဒီလိုပြောတာ၊ ရေးတာကို နားလည်ပေးကြဖို့လည်း လိုပါတယ်။

မီဒီယာတွေ လုပ်ပိုင်ခွင့် ချဲ့ဖို့လို
နိုင်ငံတော်လုံခြုံရေး ထိပါးစေမယ့် ကိစ္စမျိုး၊ အစိုးရကို အကြည်ညိုပျက်စေတဲ့ ကိစ္စမျိုး၊ ဆူပူအုံကြွအောင် လှုံ့ဆော်သလို ဖြစ်စေတဲ့ ကိစ္စမျိုး စတဲ့ စတဲ့ အရေးကြီးကိစ္စမျိုးတွေ မဟုတ်ခဲ့ရင်၊ သတင်းမီဒီယာတွေအတွက် လုပ်ပိုင်ခွင့်နယ်ပယ် (Space)ကျယ်ရင် ကျယ်သလောက် နိုင်ငံနဲ့လူမျိုးအတွက် အကျိုးရှိစေနိုင်ပါတယ်။ ၁၉၅၀ ခုနှစ်များအတွင်းက တရုတ်ဖြူတိုက်ထုတ်ရေး စစ်ဆင်မှုတွေမှာ မီဒီယာတွေရဲ့ တက်တက်ကြွကြွ ပါဝင်လှုံ့ဆော်မှုတွေကြောင့် တစ်နိုင်ငံလုံး နိုးကြားလာခဲ့ကြပြီး ၀ိုင်းဝန်းကူညီခဲ့ကြတဲ့ သာဓကရှိပါတယ်။ နာဂစ်ဘေးဒုက္ခကြီး ကျရောက်စဉ်ကလည်း သတင်းမီဒီယာတွေ တက်ကြွစွာ ပါဝင်လှုံ့ဆော်ခဲ့မှုကြောင့် အထောက်အကူ အများကြီးဖြစ်ခဲ့တာကို လက်တွေ့မြင်ခဲ့ကြရပါတယ်။

ဝေးဝေးကြည့်၊ နက်နက်တွေး
အင်တာနက်ထဲမှာ အပြန်အလှန် ငြင်းခုန်နေကြတဲ့ လက်ရောက်ကျူးလွန်မှုကိစ္စဟာ သာမန်ပေါ့ပ်ကိစ္စ မဟုတ်ပါဘူး။ ငွေရှိ၊ ဂုဏ်ရှိ၊ မျက်နှာရှိရင် ဘယ်သူ့မှ ဂရုစိုက်စရာ မလိုဘူး။ မော်တော်ပီကယ်လောက်တော့ ဟောက်ထား၊ ဥပဒေဆိုတာ ခေါက်ထားဆိုတဲ့ ငါ့မြင်းငါစိုင်း စိုင်းချင်ရာစိုင်းဆိုတဲ့ စိတ်ဓာတ်တွေ ပျံ့နှံ့နေတာကို တားဆီးကာကွယ်ဖို့ကိစ္စ ဖြစ်ပါတယ်။ မီဒီယာတွေက နိုင်ငံနဲ့လူမျိုးရဲ့ အရေးကိစ္စမှန်သမျှမှာ တက်တက်ကြွကြွ တာဝန်သိသိ ပါဝင်ဆောင်ရွက်ရေး ကိစ္စလည်း ဖြစ်ပါတယ်။ ပြဿနာတစ်ရပ်ကို ကြည့်တဲ့အခါမှာ ဝေးဝေးမျှော်ကြည့်တတ်ဖို့ လိုပါတယ်။ နက်နက်ရှိုင်းရှိုင်း တွေးတတ်ဖို့လည်း လိုပါတယ်လို့ပြောရင်း နိဂုံးချုပ်လိုက်ပါတော့မယ်။

No comments:

Post a Comment

 
Web Statistics