Tuesday, July 27, 2010

အသုံးများသော မြန်မာဗန်းစကားများ (ဆ)


myanmarwords.png

ဆရာစားချန်သည်
အချို့အ၀က်ခြွင်းချန်ထားသည်
ဆရာများသည် တပည့်ဖြစ်သူအား မိမိတတ်သိသမျှသော နှုတ်မှု လက်မှု စသည်တို့ကို သင်ကြားပေးသောအခါ တပည့်သည် မိမိနှင့်ရည်တူ တတ်မြောက်သွားပါက မိမိနှင့် ပြိုင်ဖက်ပေါ်လာ၍ မိမိအကျိုးအခွင့် နည်းပါးမည်ကို စိုးရိမ်ကာ ဆရာအဖြစ်နှင့် မိမိက အမြဲတမ်း သာလွန်နေခြင်းဖြင့် မိမိအဖို့ လုပ်ကိုင်စားသောက်ခွင့် ကြွင်းကျန်လေအောင် အတတ်ပညာအချို့ကို တပည့်အား မသင်ကြားဘဲ ခြွင်းချန်ထားလေ့ ရှိဖူးလေသည်။ ထိုသဘောကိုတင်စား၍ မည့်သည့်အရာမဆို အလုံးစုံ မဖွင့်မပြဘဲ ချန်လှပ်ထားသည်ကို ဆိုသည်။

ဆလံတိုက်သည်
အလေးပြုသည်၊ အလျှော့ပေးသည်။
အူရဒူစကား၌ အလေးပြုဦးတိုက်သည်ဟူသော အဓိပ္ပါယ်ဖြင့် ဆလံဟု ဆိုသည်ကို မြန်မာတို့က ဆလံတင်သည်၊ အလံပေးသည်၊ ဆလံသသည်၊ ဆလံတိုက်သည် စသည်ဖြင့် အပြုအမူ သဘောကိုလိုက်၍ ဆိုကြသည်။ ထိုစကားကိုစွဲ၍ တစ်စုံတစ်ရာ၌ အရှုံးပေးခြင်းကို တင်စား၍ ဆလံသသည်ဟု ဆိုကြသည်။ ထိုမှတဆင့် မလိုလားသဖြင့် "တန်ပါ" ဟု တားမြစ်ငြင်းပယ်သော သဘော၌လည်း သုံးစွဲကြပြန်လေသည်။

ဆေးထသည်
ကိုယ်စွမ်းမဲ့ ကြိမ်းဝါးသည်၊ မငြိမ်မသက်လှုပ်ရှားသည်။
မြန်မာလူမျိုးအချို့သည် မြွေပြီးဆေး၊ စားခွက်နှိုက်ဆေး၊ တုတ်ဓားပြီးဆေး၊ ကိုယ်ပေါ့ဆေး စသည့် ဆေး၊ အင်းအမျိုးမျိုး ထိုးနှံလေ့ရှိသည်။ အချို့မှာ အလိုရှိသောအခါ စိတ်မာန်အင်အား ကြီးမားသန်စွမ်း တက်ကြွစေသည့် ပုဏ္ဏကဆေး၊ ပေါရိသာရဆေး၊ အာဠာဝကဆေး စသည် ထိုးနှံကြသေးရာ ထိုဆေးအင်းတို့ တန်ခိုးထကြွသည့်အခါ ဆေးထိုးနှံထားသူသည် စိတ်ခက်ထန်၍ ဘီလူးသဘက်စိတ်ကဲ့သို့ ကြမ်းတမ်းဆူကြွ လာတတ်လေသည်။ ထိုသို့ ထကြွသည်ကို ဆေးထသည်ဟုဆိုရာ၊ တစ်စုံတစ်ယောက်သည် မိမိကိုယ်စွမ်းမရှိဘဲ ကြိမ်းဝါးသည်ကိုလည်းကောင်း၊ မငြိမ်မသက် လှုပ်ရှားတက်ကြွ နေသည်ကိုလည်းကောင်း ခိုင်းနှိုင်း၍ သုံးနှုန်းကြသည်။

ဤစကားသည် အတူတကွ ဆေးကြောသုတ်သင်ရသူ အဖော်အဖက်ဟူသော အဓိပ္ပါယ်ကို မဆိုလိုပေ။ ကူဖော်လောင်ဖက် ဟူသည်၌ ပူလောင်ဟူသော ကြိယာကို အစွဲပြုသော်လည်း ဆေးဖော်ကြောဖက်၌ ဆေးကြောဟူသော ကြိယာကို အစွဲမပြုပေ။ ပူပန်ဖော်၊ ပူပန်ဖက်၌ အဓိပ္ပါယ်ရှိလေသည်။ ဆေးကြောဖော် ဆေးကြောဖက်၌ အဓိပ္ပါယ်အစပ် အရင်းအမြစ် မဆီလျော်ပေ။ စင်စစ်ကား ဆေးဖော်ကြောဖက်သာ ဖြစ်လေသည်။ ဆေးစာဖော်စပ်ရာ၌ ဆေးဖက်ဝင်သောအရာ အသီးသီး ပစ္စည်းတစ်ရပ်နှင့်တစ်ရပ် အဖော်အဖက် ဖြစ်သည်ကို စွဲ၍ ဆေးဖော်ဆေးဖက်ဟူ၍ ခေါ်ဆိုရာ၊ အိနြေ္ဒသံပတ္တား ဟူ၍လည်းကောင်း၊ အလန့်တကြား၊ အလန့်ထညက် ဟူ၍လည်းကောင်း စကားလုံးအမှတ်အယူ လွဲရာမှ မူလအဓိပ္ပါယ်ဆောင်သော ပုဒ်ကို အခြားတစ်ပါး အနက်ထင်မှတ်ကာ စကားအဖက် မှားယွင်းတွဲစပ်မိခဲ့ခြင်း ဖြစ်လေသည်။
အင်း အိုင် ချောင်း မြောင်း ဟူသောစကားမှ "အင်း" နှင့် စပ်သော "အိုင်" စကားဖက်ကို နှုတ်ကျိုးနေသဖြင့် ဆေး အင်း လက်ဖွဲ့ ဟူသောစကားမှ "အင်း" နှင့်လည်း စကားဖက်အလွယ် ရောက်ဆက်လာအောင် အင်း အိုင် ခါးလှည့် လက်ဖွဲ့ စသည်တို့မှ "အိုင်" သည် အဓိပ္ပါယ်မထင်ချေ။
ထိုနည်းတူ ဆေးဟူသော စကား၌ ဘယဆေးပစ္စည်း "အခါး" ရေဆေးသည်၊ ခေါင်းဆေးသည်မှ ကြိယာဆေးနှင့် အမှတ်မှားကာ "ကြော" ဟူသော ကြိယာဖက်ကိုပြောင်း၍ ဆေးဖော်ကြောဖက်ဟု အမှတ်လွဲမှားခဲ့သည်။ ဆေးဖော်ဆေးဖက်မှ အဖော်အဖက်သဘော၌ ပို၍ အဓိပ္ပါယ်မူရင်း ပြေလည်သည်။ အရာဌာနအားလုံးနှင့် အပ်စပ်သည် ကျယ်ပြန့်သည်။ ဆေးဖော်ကြောဖက်သည် ပူဖော်လောင်ဖက်ကဲ့သို့ အရာဌာနကျဉ်းကျုံ့၍ အပေါင်းအသင်းဟူသော ယေဘုယျအနက်ကို မထင်စေဘဲ အလုပ်ကြမ်း လုပ်ဖော်လုပ်ဖက်ဟူ၍သာ အဓိပ္ပါယ်ရှိသည်။

ဆောင်တော်ကူးသည်
မိန်းမကို ကျူးလွန်ဆက်ဆံသည်
ရှေးကမင်းနှင့် မင်းသားတို့သည် မိဖုရားကိုယ်လုပ်မောင်းမအများ ထားရှိ၍ အဆောင်သီးခြား ချထားနေထိုင်စေလေသည်။ မိမိတို့ဆက်ဆံလိုသော မိဖုရားကိုယ်လုပ်တို့ အဆောင်သို့ ကူးဝင်သွားလာသည်ကို အဆောင်တော်ကူးသည်ဟု ဆိုသည်။ ထိုသဘောကို တင်စား၍ မိန်းမတစ်ဦးဦးကို ကျူးလွန်ဆက်ဆံသည်ကို ဆောင်တော်ကူးသည်ဟု ဆိုသည်။

ဆယ်လီကျသည်
အောက်သက်ကျေသည်၊ စနစ်ကျသည်။
ရှေးက တစ်ကျပ်လျှင် အပြားတစ်ရာရှိ၍ ဆယ်ပြားလျှင် တစ်မူးအားဖြင့် ဆယ်မူးရှိလေသည်။ ကုန်ဈေးတွက်ချက်သောအခါ ဆယ်လီမူးဖြင့် နှုန်းသင့် တွက်ချက်လေသည်။ ထိုသို့ အစိပ်စိပ် အလီလီ အသေးစိတ်ခွဲ၍ တွက်ချက်လေသည်ကို ဆယ်လီတွက်သည်ဟု ဆို၍ ဆယ်လီကျေသည်၊ ဆယ်လီစိပ်သည်၊ ဆယ်လီကျသည် စသောစကားများကိုလည်း ဆက်စပ်ရာတွင် သုံးစွဲကြလေသည်။ အသေးစိတ် စနစ်ကျမှု၊ အောက်သက်ကျေမှု စသည်တို့ကို ဆယ်လီကျေသည်ဟုပင် ဆိုလေသည်။

ဆိတ်ဝှေးစေ့
မတည်ငြိမ်ဘဲ သာရာဖက်သို့ ပေါင်းတတ်သူ၊ ဖောက်လွဲဖောက်ပြန်ပြုသူ
ဆိတ်ဝှေးစေ့သည် သွားသောအခါ ခြေလှမ်းဖြင့် ယိမ်း၍ ဘယ်ပေါင်-ညာပေါင် တစ်ဖက်စီသို့ထိကာ လှုပ်ရှားလိုက်ပါလေသည်။ ထိုသဘောကိုစွဲ၍ တစ်ဖက်သတ် အတည်တကျ ပူးပေါင်းခြင်းမပြုဘဲ နှစ်ဖက်လုံးကို အကြောင်းသင့်အောင် တွယ်ကပ်တတ်သူ၊ အခွင့်အရေးသာရာသို့ ပြောင်းလဲကပ်ရပ်တတ်သူများကို တင်စား၍ သုံးသည်။ ခွတုတ်၊ ပန်းပြားပင်၊ ဆောင်းလေ စသည်ဖြင့်လည်း တင်စားကြသည်။

Related:
အသုံးများသော မြန်မာဗန်းစကားများ (က)
အသုံးများသော မြန်မာဗန်းစကားများ (ခ)
အသုံးများသော မြန်မာဗန်းစကားများ (ဂ)
အသုံးများသော မြန်မာဗန်းစကားများ (င)
အသုံးများသော မြန်မာဗန်းစကားများ (စ)

No comments:

Post a Comment

 
Web Statistics