လူတို့သည် မိမိတို့၌ မကောင်းကျိုးများ ဆိုက်ရောက်လာသောအခါ မိမိတို့ ပယောဂနှင့် အကြောင်းဆက်ကို မမြင်တတ်ဘဲ မကောင်းသော ဂြိုဟ်ဆိုးတို့ မွှေနှောက်နှောင့်ယှက်ခြင်းကြောင့် ဖြစ်လာရသည်ဟု အယူသီးတတ်ကြသည်။ ထို့ကြောင့် မကောင်းကျိုး သက်ရောက်သည်ကို ဂြိုဟ်ဆိုးတို့က မွှေနှောက်သည်၊ ဖန်တီးနှောင့်ယှက်သည်ဟု တင်စား၍ ဆိုကြသည်။ ကောင်းကင်ရှိ ဂြိုဟ်နက္ခတ်တို့သည် ဆိုင်ရာလူတို့အား အကျိုးအပြစ် ဖြစ်စေနိုင်သည်ဟု ယူဆကြရာမှ ထိုစကား ပေါ်လာသည်။
ခရီးသွားတို့သည် မရောက်မပေါက်ဖူးသည့် ခရီးတွင် လမ်းဆုံလမ်းဂွ တစ်ခုခုသို့ ကျရောက်လာသောအခါ မည်သည့်ဘက်သို့ သွားရမည်မသိဘဲ အခက်အခဲ အကျဉ်းအကြပ်တွေ့၍ နေတတ်သဖြင့် အဆင်မပြေ အကြပ်အတည်းကျခြင်းကို တင်စား၍ ခွကျသည်ဟုပင် ဆိုကြသည်။
တစ်နည်းအားဖြင့် သစ်ပင်ကြီးများကို ခုတ်ဖြတ်၍ သစ်လုံးအဖြစ် ရွေးဖြတ်ရာတွင် အဖျားအကိုင်းခွသို့ ကျရောက်လာသောအခါ တပြေးတည်း၊ တရွယ်တည်း၊ တဆက်တည်း၊ ချောမောစွာ အလျားဆက်၍ မယူသာတော့ဘဲ လုံးဝန်းသေးငယ် ပြောင်းလဲသွား၍ ထိုနေရာ၌ပင် ဖြတ်တောက်ရသည့် သဘောကိုယူ၍ တပြေးတညီတည်း ချောမောခြင်းတံ့ရပ်၍ အဆင်မပြေဖြစ်ရခြင်းကို တင်စားသည်ဟုလည်း ယူဆနိုင်သည်။
သဘောအဓိပ္ပါယ်မှာကား ဟိုမရောက်၊ သည်မရောက်၊ တောင်မထောက်၊ မြောက်မမှီ စသည်ကဲ့သို့ တစ်ဖက်သတ် တိကျပြတ်သားခြင်း မရှိဘဲ မကွဲမပြား၊ မရေမရာ၊ မပြတ်မသား နှစ်ဖက်အကြား ခွ၍ ရပ်တည်ကျရောက်နေသော သဘောအနက်ပင် ထင်ရှားပေသည်။
အထည်ရောင်းဝယ်ရာတွင် အထည်အနံသည် အများအားဖြင့် တစ်ဂိုက် (သုံးပေ) ရှိတတ်၍ အချို့မှာ အနည်းငယ် လျော့ကြလေသည်။ တစ်ဂိုက်တိတိကျကျ ပြည့်ဝလျှင် ဂိုက်ပြည့်သည် ဂိုက်ကောင်းသည်ဟု ဆို၍ ဂိုက်ပြည့်လျှင် အနံအရွယ်အစား (ဆိုက်) ကောင်းသည်ဟု ဆိုရလေသည်။ ထို့ကြောင့် ဂိုက်ကောင်းလျှင် ဆိုက်ကောင်းမြဲဖြစ်သည်။ အနံပြည့်မှီသော အထည်အမျိုးအစားကို ဂိုက်ကောင်းဆိုက်ကောင်း ဟူ၍ဆိုရာ၊ အရပ်အမောင်း ဟန်အမူအရာ တင့်တယ်မွန်သူကိုလည်း တင်စား၍ ဂိုက်ကောင်း ဆိုက်ကောင်းဟုပင် ဆိုကြသည်။
("ဂိုက်" ကား ဟိန္ဒီစကား၊ "ဆိုက်" ကား အင်္ဂလိပ်စကားတည်း။)
သားရဲတိရစ္ဆာန်ကြီးများသည် သားကောင်းငယ်များကို ကိုက်သတ်ချီယူသောအခါ ဇက်ပိုးလည်ဂုတ်မှ ချီငင်၍ ကိုက်ဖြတ်စားသောက်လေ့ ရှိသည်။ ထို့ကြောင့် ဘီလူးသဘက်တို့သည်လည်း လူကို လည်ဂုတ်ချိုး၍ သွေးကို စုတ်သောက်သည်ဟု အထင်ရှိကြသည်။ ထို့ကြောင့် အမြတ်ကြီးစား၍ အသွေးအဆီကို မျိုစုတ်သကဲ့သို့ အကျိုးအခွင့် ဖြတ်စားလေ့ရှိသော ဓနရှင်နယ်ချဲ့သမားတို့အား ဘီလူးနှင့် ပမာနှိုင်းကာ ထိုသူတို့၏ အပြုအမူကိုလည်း သွေးစုတ်သော သဘောဖြင့် ပမာနှိုင်းကြသည်။ ထို့ကြောင့် ဂုတ်သွေးစုတ်သည်ဟု တင်စားသုံးနှုန်းကြသည်။
Related:
အသုံးများသော မြန်မာဗန်းစကားများ (က)
အသုံးများသော မြန်မာဗန်းစကားများ (ခ)
No comments:
Post a Comment