Thursday, July 22, 2010

တို့ဗမာသီချင်း


မနေ့က ဂျာနယ်တွေသွားယူတော့ ပြည်သူ့ခေတ်ဂျာနယ်ကိုပါ ရခဲ့တယ်။ အမှန်ဆိုရင် ဒီနေ့(ကြာသပတေး)မှ ရတတ်တဲ့ဂျာနယ်ပါ။ တစ်ရက်စောပြီး ရောက်လာတယ်လို့ ဆိုင်ကညီမငယ်က ပြောပါတယ်။ မထင်မှတ်ဘဲ စောစောစီးစီး ဖတ်ရမယ်ဆိုတော့ ၀မ်းသာတာပေါ့ဗျာ။ မျက်နှာဖုံးကို ကြည့်လိုက်တော့ ဆရာမောင်ဝံသရဲ့ “လွတ်လပ်ရေးတိုက်ပွဲ သမိုင်းဝင် တို့ဗမာသီချင်း နှစ် ၈၀ ပြည့်မြောက်လေပြီ” ဆိုတဲ့ ခေါင်းစဉ်ကြီးကို တွေ့ရတယ်။ အံ့သြသွားသလို ၀မ်းသာသွားမိတယ်။ အံ့သြတာက အဲဒီသီချင်းကို တင်ပေးမယ်ဆိုပြီး အကြောင်းပြချက်အမျိုးမျိုးကြောင့် (ထုံးစံအတိုင်းပေါ့) မတင်ပေးဖြစ်သေးဘူး။ အော်... ဖတ်ရတာက ဆရာမောင်ဝံသရဲ့ “ရှာမှရှားတဲ့ နိုင်ငံရေးသမား နှင့် နိုင်ငံရေးဆောင်းပါးများ” ဆိုတဲ့ လတ်တလော ကျွန်တော်ဖတ်နေတဲ့ စာအုပ်ထဲမှာပါ။ ဒါပေမယ့် အဲဒီသီချင်း အနှစ် ၈၀ ပြည့်တယ်ဆိုတာကိုတော့ သတိမထားမိဘူး။ ဂျာနယ်မှာတွေ့မှပဲ အဲဒီတို့ဗမာသီချင်းဟာ အနှစ် ၈၀ ပြည့်ပါပေါ့လားဆိုပြီး သိရတယ်။ တဆက်တည်း ဆရာမောင်ဝံသရဲ့ စာအုပ်ထဲမှာ ဖတ်ခဲ့ရတဲ့ ဆောင်းပါး (တို့ဗမာသီချင်းနှင့် နိုင်ငံရေးဓာတ်ခံ) ကိုတောင် ဒီအပတ်ထုတ် ပြည်သူ့ခေတ်ဂျာနယ်မှာ ဖော်ပြထားသေးတယ်။ ကောင်းလိုက်ပါဘိလို့ပဲ ရေရွတ်မိပါတယ်။ ကဲ... အခုတော့ ဟိုရွှေ့ဒီရွှေ့ လုပ်လို့မရတော့ဘူး။ အဲဒီသီချင်းကို တင်ပေးလိုက်ပါတယ်နော်။ အချက်အလက်အချို့ကိုတော့ အရင်ဆုံး ကောက်နုတ်တင်ပြခွင့်ပြုပါဦး။ --------[ကိုဉာဏ်]

  • မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် တစ်မျိုးသားလုံး နိုးကြားရေးကို ထိထိရောက်ရောက် လှုံ့ဆော်ပေးခဲ့သော သမိုင်းဝင် သီချင်းတစ်ပုဒ်ဖြစ်သည်။
  • ၁၉၃၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့၌ ရန်ကုန်မြို့ ရွှေတိဂုံစေတီရင်ပြင်တော်တွင် အခမ်းအနားဖြင့် စတင်သီဆိုဖွင့်လှစ်ခဲ့သည်။
  • တို့ဗမာသီချင်း၏ ၀ိသေသများ - (ပထမ) မြန်မာတို့၏ သမိုင်းကြောင်းကိုပြောသည်။ (ဒုတိယ) ၁၉၃၀ တ၀ိုက် မြန်မာနိုင်ငံ၏ အခြေအနေကို ပြောသည်။ (တတိယ) လွတ်လပ်ရေးနှင့် ခေတ်သစ်ထူထောင်ရေး လမ်းစဉ်ကို ပြောသည်။ (စတုတ္ထ) ဇာတိသွေး၊ ဇာတိမာန်နှင့် မျိုးချစ်စိတ်ကို နှိုးဆွသည်။ (မြဟန်၊ ကိုလိုနီခေတ် မြန်မာ့သမိုင်း အဘိဓာန်၊ တ-ကြိမ်၊ ၁၉၉၉၊ တက္ကသိုလ်များ သမိုင်းသုတေသနဌာန)
  • ယခုအသုံးပြုနေသည့် နိုင်ငံတော်သီချင်းမှာလည်း တို့ဗမာသီချင်းကို အခြေခံ၍ ရေးသားထားသည့် သီချင်းဖြစ်သည်။
  • တို့ဗမာသီချင်း စာသားများကို တို့ဗမာအစည်းအရုံး စတင်တည်ထောင်သူ သခင်ဘသောင်းနှင့် သခင်ခေါင်းဆောင်အချို့က ရေးပေးပြီး ၀ိုင်အမ်ဘီ သခင်တင်က ဂီတတီးလုံးတီးကွက် ဖွဲ့စည်းသည်။
  • တို့ဗမာသီချင်းရဲ့ တီးလုံး တီးကွက်များကို ၀ိုင်အမ်ဘီ ဆရာတင်က တီထွင်ပါသည်။ တို့ဗမာသီချင်းထဲမှာပါသည့် အမျိုးသားချစ်ခင်ရေးသဘော၊ နိုင်ငံရေးသဘော၊ တစ်မျိုးသားလုံး ကျင့်ကြံရေးသဘော စသည့် အယူအဆ အတွေးအခေါ်များကိုတော့ ကျွန်တော်က ကြံစည် စိတ်ကူးပေးပါသည်။ အဲဒီလို တို့ဗမာသီချင်းကို ၀ိုင်အမ်ဘီ သခင်တင်က ရေးစပ်ပြီးသည့် အခါကျတော့ သခင်လှဘော်တို့ သခင်သိန်းမောင်တို့ ကျွန်တော်တို့နှင့်တကွ စုဝေးလာရောက်ကြသူများက ၀ိုင်းဝေဖန်ပြီး ပို၍ကောင်းအောင် ပြုပြင်ကြပါသည်။ တို့ဗမာသီချင်းထဲတွင် အခြားသီချင်းများထဲမှာလို သီချင်းစပ်သူနာမည် မပါတဲ့အတွက် တို့ဗမာသီချင်းကို ပုံနှိပ်ထုတ်ဝေတဲ့အခါမှာ “တို့ဗမာအစည်းအရုံး၏ အစီအရင်ကို ခံ၍ ၀ိုင်အမ်ဘီ သခင်တင် စပ်ဆိုသော တို့ဗမာသီချင်း” ဟု ခေါင်းစဉ်တပ်ပေးခဲ့ပါသည်။ အဲဒီလို “တို့ဗမာ အစည်းအရုံး၏ အစီအရင်ကို ခံ၍” လို့ ဖော်ပြခဲ့ပေမယ့် အဲဒီအချိန်မှာ စနစ်တကျ တို့ဗမာအစည်းအရုံးကို မဖွဲ့ရသေးပါဘူး။ ဒါကြောင့် အစည်းအရုံးဝင်ရယ်လို့လည်း မရှိသေးပါဘူး။ (၁၉၆၅ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့တွင် ရန်ကုန်မြို့ ဂန္ဓီခန်းမဆောင်၌ ကျင်းပခဲ့သော “တို့ဗမာသီချင်း ၃၅ နှစ်မြောက် ၀ိုင်အမ်ဘီ သခင်တင် အထိမ်းအမှတ်ပွဲ” တွင် စာရေးဆရာကြီး “သခင်ဘသောင်း” ၏ တို့ဗမာသီချင်း ဖြစ်ပေါ်လာပုံ ဟောပြောချက်မှ)

 
တကောင်း... အဘိရာဇာ...၊ တို့ဗမာ သာကီမျိုးဟာမို့ မညှိုးဂုဏ်တေဇာ၊ ယိုးဒယားနဲ့ ကုလားကိုပါ တိုက်ခိုက်ကာ အောင်ခဲ့တာ တို့ဗမာ။ စိန်မှန်ကင်းစစ်... အဖြစ်ကြီးဖြစ်လျက် ထင်းတစ်လှည့်ကြုံရ ထုံးနှင့်မသွေ၊ လောက ဓမ္မတာပေ ငါတို့ကံခေ ဖြစ်ရပြန်သလေ သို့သော် အရင်းကိုစစ်လျှင် ဗမာပြည် ငါတို့ပြည် နောင်ဥဒါန်း ဘယ်မကြေစရာ ရာဇ၀င်တင်ထား၊ မျိုးရိုးနွယ်လာ ကမ္ဘာတစ်ခွင်မှာဖြင့် ဗမာအထင်အရှား တို့ခေတ်တွင်မှ ညံ့ကြတော့မှာလား တို့ဗမာ၊ တို့ဗမာ မဟုတ်လေသလား (တို့ဗမာ ငါတို့ဗမာ)၂ ဒါ..... ငါတို့ဗမာ ဒါ..... ငါတို့ဗမာ အားလုံးညီညီ ယောက်ျားဘသား တို့ဗမာ နောင်လာနောက်သား ကောင်းစားဖို့ရာ တို့ကိုယ်ကျိုး လုံးလုံးမပါ ရဲရဲဗမာပီပီ ဗမာပြည် တို့ဗမာဖို့ပါ၊ သခင်ကျင့်ကို ကျင့်ကြပါ။ သခင်မျိုးဟေ့ တို့ဗမာ မိုးအောက်မြေပြင်မှာ အထက်တန်းစိတ်နဲ့ စာမရီသွေး တို့ဗမာ....။

သံပြိုင်။
(ကမ္ဘာမကြေ၊ ဗမာတတွေ ဒါ တို့ပြည် ဒါ တို့မြေ ဒါ ငါတို့ပြည်)၃
(တို့ဗမာ)၂ ပြည်ကို တိုင်းရင်းသားအကုန်အစင် တို့ပြည်လို့ မှတ်ထင် တို့ဝတ္တရားပင် တို့ဗမာခင်၊ အမျိုးသားရေး ကြိုးပမ်းကြပါ တို့ဗမာ... ဟေ့ တို့ဗမာ။
သြော်... အမျိုးသားရေးကို ကြိုးပမ်းကြပါ တို့ဗမာ... ဟေ့.... တို့ဗမာ....
အရှေ့က နေ၀န်း.... ထွက်သည့်ပမာပ တို့ခေတ်ကို ရောက်ရမည်မှာ မလွဲပါ။
တို့ဗမာ... ဟေ့... တို့ဗမာ... ဗမာပြည်တ၀ှမ်း အကုန်တို့အိမ်မှတ်ပါ တို့ယာမှတ်ပါ အဲဒါ တို့ဗမာ.... .... ....
(သံပြိုင် ပြန်ကောက်)

တို့ဗမာသီချင်းကို နားဆင်လိုပါလျှင်

ဝိုင်အမ်ဘီ သခင်တင်သခင် ဘသောင်း

ကိုးကား - ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ-၁၊ အမှတ်-၃၊ ဇူလိုင် ၂၂၊ ၂၀၁၀၊ စာမျက်နှာ-၁၈၊ ၁၉
ဓာတ်ပုံ - Google Image Search
သီချင်း - Ainmat

2 comments:

  1. Anonymous9:02 PM

    တို့ဗမာဆိုတော့ကာ...တို့ကရင်၊ တို့ကချင်၊ တို့ရှမ်း..etc...တွေလည်းလုပ်ပါအုံး။

    ReplyDelete
  2. Anonymous10:02 PM

    တို့မြန်မာဆို ပိုကောင်းမယ်ထင်တယ် :)

    ReplyDelete

 
Web Statistics