ခေတ်ဟောင်း ဂျာမနီမှ နာဇီခေါင်းဆောင် ဂိုဘဲလ်က "နိုင်ငံရေးပါတီတို့သည် ပြဿနာတို့ကို မဖွဘဲ နေလို့မရ။ သူတို့ဖွထားသည့် ပြဿနာတို့ကို ကျုပ်တို့က ဖြေရှင်းရတယ်" ဟူ၍ ပြောဖူးသည်။ သူ၏ ဤသို့ပြောကြားချက်ကို ဒီမိုကရေစီတရားတို့၌ နိုင်ငံရေးသိပ္ပံပညာရှင်တို့က ရည်ညွှန်းကြသည်။ နိုင်ငံရေးပါတီတို့က ပြဿနာတို့ကိုဖွ၍ အာဏာရှင်စနစ် ပေါ်ထွန်းရသည်ဟု အာဏာရှင်တို့က ဆင်ခြေပေးလေ့ပေးထ ရှိခဲ့သည်။
တစ်ဖက်မှ စဉ်းစားကြည့်လျှင် ဒီမိုကရေစီသည် ပြဿနာတို့ကို ဖျာအောက်၌ ၀ှက်ထားလို့မရ။ ပြဿနာတို့သည် လူသိရှင်ကြား ဖြစ်နေရသည်။ ထို့ကြောင့်လည်း ဒီမိုကရေစီ လက္ခဏာတစ်ပါးသည် ပွင့်လင်းမြင်သာမှု ဟူ၍ ဖြစ်နေသည်။ ပွင့်လင်းမြင်သာမှုဆိုသော မူဖြင့် ဒီမိုကရေစီက ပြဿနာတို့ကို ဖွင့်လှစ်သည်။ ဤသို့ ဖွင့်လှစ်သည်ကိုပင် ပြဿနာတို့ကို ဖွသည်ဟု ဆိုလာသည်။ နာဇီခေါင်းဆောင်တို့ အဆိုအရ နိုင်ငံရေးပါတီတွေ ပြေလည်အောင် ဖြေရှင်းနိုင်လျှင် ပြဿနာတို့ကို ဖွခြင်းသည် အကြောင်းမဟုတ်။ ဖွတာကတော့ အာဏာရှင်စနစ်ကို လမ်းဖွင့်ပေးရာရောက်သည်။
နိုင်ငံရေးအပေါ် သဘောထား
ဤအကြောင်းသည် အာဏာရှင်စနစ်နှင့် ဒီမိုကရေစီစနစ်ကို နှိုင်းယှဉ်ရာမှ ပေါ်လာသော ပြဿနာတစ်ရပ် ဖြစ်သည်။ ဒီမိုကရေစီအကျိုးမှာ ပြဿနာတွေ ဖုံးဖိထားရမည်ဟူ၍ မဆိုလိုပေ။ ဒီမိုကရေစီပြဿနာတို့ကို ဖုံးဖိထားခွင့်မရှိ။ အကြောင်းမူ ပြဿနာဖြေရှင်းရာတွင် မဲဆန္ဒရှင်တို့ကို အသိပေးရန် လိုသောကြောင့် ဖြစ်သည်။ ဖုံးဖိထားလျှင် နောက်ရွေးကောက်ပွဲ၌ အရေးနိမ့်သွားနိုင်သည်။ အရာအချို့က ဒီမိုကရေစီ၏ ပုံစံကျလက္ခဏာတို့ထက် နိုင်ငံရေးအပေါ် သဘောထားက ပို၍ အရေးကြီးသည်ဟု ထောက်ပြသည်။ နိုင်ငံရေးအားပေးသလား၊ အားမပေးဘူးလားဆိုသော သဘောထားက အခြေခံကျကျ အရေးကြီးခြင်း ဖြစ်သည်။
အုပ်စိုးသူက နိုင်ငံရေးကို မုန်းတီးနေလျှင် ဒီမိုကရေစီအတွက် အလားအလာမကောင်းပေ။ ယုတ်စွအဆုံး နိုင်ငံရေးသည် ပြဿနာတို့ကို ညှိနှိုင်းအပေးအယူလွယ်သည့် သဘောရှိသည်ဟု ခံယူလျှင်ပင် နိုင်ငံရေးကို အားပေးရမှန်း သိသွားပါလိမ့်မည်။ နိုင်ငံရေးအပေါ် အဆိုးမမြင်အောင် နိုင်ငံရေးပါတီ ခေါင်းဆောင်တို့၌လည်း တာဝန်ရှိသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အခြားသက်ဆိုင်ရာ ဥပဒေတို့လည်း ပြဋ္ဌာန်းပြီးဖြစ်သဖြင့် နိုင်ငံရေးအပေါ် အမြင်ကြည်လင်စရာ အကြောင်းရှိနေပါပြီ။
ပညာနှင့် သဘောထားအမြင်
အချို့က ၀ိရောဓိတစ်ခုကို လက်ညှိုးထိုးကြသည်။ ဒီမိုကရေစီသည် အစိုးရကောင်း ပေါ်ထွန်းရေးကို ရည်ညွန်းသည်ဖြစ်၍ အစိုးရကောင်းနှင့် ပညာသည် ဒွန်တွဲနေရသည်။ ပညာထွန်းကားမှ အစိုးရကောင်းပေါ်မည်။ သို့သော် မဲဆန္ဒရှင်လူထုသည် အီမိုးရှင်းကို အခြေခံသော သဘောထားအမြင်ဖြင့် ပြုမူသည်ဖြစ်၍ ပညာနှင့် သဘောထားအမြင်တို့အကြား ၀ိရောဓိပေါ်မည်။ ယခုခေတ်သစ် နိုင်ငံရေးစကားနှင့် ပြောရလျှင် နိုင်ငံအုပ်ချုပ်မှု၌ မဟာဗျူဟာ ရှုထောင့်မှကြည့်ခြင်း အားနည်းနိုင်သည်။
ဤသို့ ဖြစ်ရသည်မှာ ပညာနှင့် သဘောထားအမြင်တို့ ၀ိရောဓိဖြစ်ရာ ကျသောကြောင့် ဖြစ်သည်။
အညွှန်း - Harvard Series
No comments:
Post a Comment