(တစ်)
ကျွန်တော် ခရိုင်မြို့ကြီးတစ်မြို့မှာ ရှိနေခဲ့စဉ်က ဖြစ်ပါသည်။ ကျွန်တော့်အား မကြာခဏဆိုသလို အနှောင့်အယှက်ပေးလေ့ရှိသော အရာမှာ မော်တော်ဆိုင်ကယ်သံ အချို့ပင်ဖြစ်ပါသည်။ မြို့က ခြေလျင်လျှောက်၍ သွားရုံနှင့် လိုရာသို့ ရောက်လောက်အောင်ကလည်း မသေး၊ ဘတ်စ်ကားတွေ ပြေးလွှားနေရလောက်အောင်ကလည်း မကြီးနှင့် စကောစက အနေအထားဖြစ်ရာ ထုံးစံအတိုင်း မော်တော်ဆိုင်ကယ်တို့ ခြေချင်းလိမ်နေသောမြို့ပင် ဖြစ်ပါသည်။သည်မြို့မှာ ဆိုင်ကယ်စီးသူ အများစုကတော့ ရိုးရိုးပဲ ဖြစ်ပါသည်။ ပုံမှန်အတိုင်း မောင်းနှင်သွားလာနေကြစမြဲ။ သို့သော် တက္ကသိုလ်ကျောင်းရှေ့က လမ်းတွေပေါ်မှာ ဖြတ်သန်းမောင်းနှင်နေကြသော ဆိုင်ကယ်အချို့ကတော့ ဆန်းပါသည်။ အိတ်ဇောပိုက်ကို ဖြုတ်ထားခြင်းကဲ့သို့သော နည်းစနစ်မျိုးများအပြင် ကျွန်တော်မသိတတ်နိုင်သော နည်းလမ်းများဖြင့် ဆိုင်ကယ်သံကို ကျယ်လောင်စွာထွက်အောင် လုပ်ထားရာ သည်ဆိုင်ကယ်တွေ ဖြတ်သွားပြီဆိုမှဖြင့် ဒုန်းဒုန်းဒိုင်းဒိုင်းနှင့် ၀ုန်းဒိုင်းကြဲသွားလေ့ရှိသဖြင့် လမ်းဘေးဝဲယာက လူတွေ၊ အိမ်ထဲဆိုင်ထဲကလူတွေ အလန့်တကြား ခေါင်းထောင်၍သွားကြကာ လှမ်းကြည်ကြရစမြဲ ဖြစ်ပါသည်။
သည်လိုအများက ၀ိုင်းကြည့်ကြတာမျိုးကိုလည်း ဆိုင်ကယ်သမားက ကျေနပ်နေပုံရပါသည်။ အများအားဖြင့်တော့ သည်လိုဆိုင်ကယ်သမားများက လူငယ်လူရွယ်တွေ။
(နှစ်)
လွန်ခဲ့သော လေးငါးရက်လောက်ကတော့ ဆူးလေဘုရားလမ်းပေါ်က တက္ကစီတစ်စီးပေါ်မှာ ကျွန်တော်ရောက်နေပါသည်။ စုပေါင်းတက္ကစီကလေး ဖြစ်သောကြောင့် အခြားသော ခရီးသည်တွေလည်း ကားပေါ်မှာ ရှိနေကြပါသည်။ ကားရပ်နားထားရာ နေရာမှ ဆူးလေဘုရား လမ်းမကြီးပေါ်သို့ရောက်အောင် တဖြည်းဖြည်း လှိမ့်ထွက်လာစဉ် ရှေ့တူရူမှာ မိန်းကလေးတစ်ယောက်။ ဘောင်းဘီအတိုက ကြည့်ကောင်း၊ ရှုကောင်းရုံ တိုတာမျိုးမဟုတ်တော့။ ရေကူးဘောင်းဘီလောက်နီးနီးကို တိုကပ်ကာ ကျပ်ညပ်နေပါသည်။ စွပ်ကျယ်က ချိုင်းပြတ်။ ဆံပင်ကလည်း ဆေးတွေဆိုးထားလိုက်တာ အရောင်တွေစုံလို့။ လမ်းပေါ်က လူတွေကတော့ သူ့ကို လှမ်းကြည့်ကြ၊ လှည့်ကြည့်ကြ၊ ငေးကြည့်ကြ၊ စောင်းကြည့်ကြ။ သူကလည်း သည်အကြည့်တွေကို ကျေနပ်နေပုံ ရပါသည်။တက္ကစီသမားအပါအ၀င် ကျွန်တော်တို့ အားလုံးကတော့ တစ်သံတည်း ထွက်ပါသည်။ စိတ်ပျက်ညည်းညူသည့် အသံများ။
(သုံး)
စိတ်ပညာစာအုပ်တွေကို ဟိုဖတ် သည်ဖတ် လျှောက်ဖတ်ကြည့်မိတော့ Human Needs ဆိုတာ တွေ့ပါသည်။ လူသား၏ လိုအင်ဟုပဲ ဆိုပါတော့။ သည်မှာ Physical Needs နှင့် Mental Needs တဲ့။ Biological Needs နှင့် Social Needs တဲ့။ ရုပ်ပိုင်းဆိုင်ရာလိုအင်နှင့် စိတ်ပိုင်းဆိုင်ရာ လိုအင်ဟု အနက်ကောက်ရမည် ထင်ပါသည်။ သည်လူသား၏ လိုအပ်တွေကိုပဲ အခြေခံရပ်တည်မှုလိုအင် Basic existence needs နှင့် အဆင့်မြင့်လိုအင် Enrichment Needs ဟု ခွဲထားပါသေးသည်။အစားအစာ၊ ရေ၊ လေ၊ အိပ်စက်နားနေမှု ဆိုသည်များက လူ၏ ရပ်တည်မှုလိုအင်များပင် ဖြစ်ပါသည်။ Enrichment Needs ခေါ် အဆင့်မြင့်လိုအင်ထဲမှာတော့ Self-esteem Needs ဆိုတာ ပါပါသည်။ အများသူငါက မိမိအား ကြည်ညိုတာ လေးစားတာ အထင်ကြီးတာကို ခံလိုသည့် စိတ်ဓာတ်လိုအင်ပဲ ဖြစ်ပါသည်။ တစ်နည်းအားဖြင့် လူတွေက လှမ်းကြည့်တာကို ခံလိုသည့်စိတ်ပဲ ဖြစ်ပါသည်။
အခု ဆိုင်ကယ်သံကို ဒုန်းဒုန်းဒိုင်းဒိုင်းမြည်အောင် လုပ်ထားတာ၊ ဆံပင်တွေကို အရောင်ဆိုးထားတာ၊ မလုံမခြုံ ၀တ်ထားတာ၊ နားဆွဲ၊ နားကွင်း၊ နားကပ် ကိုးရိုးကားရား ဆင်ယင်ထားတာ၊ စက်ဘီးကို လက်လွှတ်ပြီး နင်းသွားတာ စသည် စသည်တို့၏ အခြေခံစိတ်မှာ အများက ကိုယ့်ကို တယ်ဟုတ်ပါလားဟု လှမ်းမျှော်ကြည့်ခြင်းကို ကျေနပ်ပီတိ ဖြစ်သည့်စိတ်ပဲ ဖြစ်ပါသည်။
သည်စိတ်က ပြဿနာမရှိပါ။ သို့သော် လူတကာက မိမိကို အလန့်တကြား လှမ်းငေးရအောင် ဘယ်လိုလုပ်မလဲဆိုသော အကြောင်းအရာကသာ ပြဿနာ ဖြစ်ပါသည်။ ကမ္ဘာရော မြန်မာမှာပါ ကျွန်တော်တို့ လှမ်းငေးမျှော်ရသူတွေ အများအပြားရှိပါသည်။ မာသာထရီဆာ၊ ဗိုလ်ချုပ်အောင်ဆန်း၊ မဟတ္တမဂန္ဓီိ၊ ပီလီ၊ ပီကာဆို၊ မြို့မငြိမ်း၊ ထူးအိမ်သင်၊ ဘီလ်ဂိတ်၊ မိုက်ကယ်အိန်ဂျလို၊ ဗင်းဆင့်ဗန်ဂိုး၊ စီရော်နယ်လ်ဒို၊ မိုက်ကယ်ဂျော်ဒန်၊ ဗီသိုဗင်၊ ပေါ်ဦးသက်၊ ဖရန့်ဇ်ကာဖကာ၊ မိုက်ကယ်ဂျက်ဆင်၊ ဒေးဗစ်ဘက်ဟမ်း စသည် စသည်ဖြင့် နာမည်တွေကို မဟာစကြ၀ဠာအနှံ့ ဖြန့်ချရေးလို့ မကုန်နိုင်ပါ။ သည်လူတွေကို ကမ္ဘာက မြန်မာက ငေးမောကြည့်နေခဲ့ကြရခြင်းမှာ ဆံပင်ထောင်ထားတာလို၊ ကိုးရိုးကားရား ၀တ်ထားတာလို၊ ဆိုင်ကယ်ကို စတန့်ထင်စီးပြတာမျိုးတွေလိုကြောင့် ငေးမောကြည့်နေခဲ့ကြခြင်း မဟုတ်ပါ။ အကယ်၍ သည်အမှုကိစ္စမျိုးတွေကို လုပ်ထားသည်ထားဦး ယင်းက ပဓာနမကျပါ။
သူတို့၏ ဘောလုံးစွမ်းရည်၊ ဂီတစွမ်းရည်၊ ပန်းပုစွမ်းရည်၊ ပန်းချီစွမ်းရည်၊ စာပေစွမ်းရည်၊ နိုင်ငံရေးစွမ်းရည်၊ လူမှုရေးစွမ်းရည်တွေကြောင့် သူတို့ကို ငေးမောကြည့်နေခဲ့ကြရခြင်း ဖြစ်ပါသည်။
လူ၌ မိမိကို အများက လေးစားကြည်ညို အထင်ကြီးအားကျစေချင်သည့် လိုအင်ရှိနေခြင်းသည် အပြစ်မဟုတ်ပါ။ သဘာဝတရား ဖြစ်ပါသည်။ သို့သော် ဆိုင်ကယ်ကို အဆန်းထွင်စီးပြတာမျိုး၊ ဆံပင်ထောင်ပြတာမျိုး၊ နားကွင်းဆွဲပြတာမျိုး၊ ကိုးရိုးကားရား ၀တ်ပြတာမျိုးများနှင့်တော့ အကြည့်မခံစေလိုပါ။ စွမ်းရည်တစ်ခုခု။
ဟုတ်ပါသည်။ စွမ်းရည်တစ်ခုခု။ ဘောလုံးကန်ကောင်းတာလည်း ဖြစ်ချင်ဖြစ်ပေါ့။ ဂစ်တာအတီးကောင်းတာလည်း ဖြစ်ချင်ဖြစ်မည်ပေါ့။ စာပေစွမ်းရည် မြင့်မားတာလည်း ဖြစ်ချင်ဖြစ်မည်ပေါ့။ ပရဟိတအကျိုး သယ်ပိုးတာလည်း ဖြစ်ချင်ဖြစ်မည်ပေါ့။ သည်လို စွမ်းရည်တစ်ခုခုကြောင့် နေစကြ၀ဠာတစ်ခုလုံးက ၀ိုင်းဝန်းငေးမောရသည့် လုလင်တွေ၊ လုံမတွေ ဖြစ်နေကြရင် ဘယ်လောက်များ ကောင်းလိုက်လေမလဲ။ ဒါကတော့ မေတ္တာနှင့်ယှဉ်သည့် ကျွန်တော့်ဆန္ဒပဲ ဖြစ်ပါလေသည်။
No comments:
Post a Comment