Thursday, July 22, 2010

ဒီနေ့နိုင်ငံရေးအသံများ ဝေဖန်ချက် - ကျော်စိန်ထွန်းမြင့်


ဒီမိုကရေစီစနစ်သည် အားနည်းချက်၊ ချို့ယွင်းချက်အချို့ (အများ) ရှိသည်ဆိုငြား၊ အဆိုးထဲက အကောင်းဟုတော့ ယူသော်ရကြောင်း မောင်စူးစမ်းက မြန်မာပို့စ်ဂျာနယ်တွင် ရေးထားသည်။

လူထုက နိုင်ငံရေးတွင် စိတ်မ၀င်စားဘူးဆိုတဲ့ လူထုအပေါ် ငြိုငြင်တာမျိုးတွေလည်း မလုပ်ကြပါနဲ့ဟု မောင်စူးစမ်းက အခြားဂျာနယ်တစ်ခုတွင် မေတ္တာရပ်ခံထားတာလည်း ဖတ်ရသည်။

လာရင်းကိစ္စအတူတူ အချင်းချင်း ချက်အောက်ထိုးတာမျိုး မလုပ်ပါနဲ့ဟုလည်း VOICE ဂျာနယ် ခေါင်းကြီးတွင် ဖတ်ရသည်။ တစ်ပါတီအာဏာရှင်၊ ဖက်ဆစ်နာဇီလက်သစ်၊ မင်းမဲ့ဝါဒ အကြမ်းဖက်ဝါဒများနှင့်စာလျှင် ဒီမိုကရေစီ (ပြည်သူ့ထံမှ ပြည်သူထံသို့ ရှေးဂရိအစဉ်အလာ)က ကောင်းပါသေးသည်။ ကျွန်တော်တို့သည် စတာလင်လို၊ ပိုပေါ့လို အစွန်းရောက် တစ်ယူသန် အာဏာရှင်တွေလို ခေါင်းဆောင်မျိုးကို မလိုလားသင့်ပါ။ ဆရာမောင်စူးစမ်း တန်ပြန်ထောက်ပြသလို လူထုကိုလည်း အပြစ်မဆိုသင့်ပါ။ သီပေါမင်း ပါတော်မူပြီးချိန်မှ ယနေ့ထိ လူထုက လူထုအခန်းမှာ တာဝန်ကျေခဲ့ပါသည်။ နိုင်ငံရေးခေါင်းဆောင် ဆိုသူတွေသာ ကိုယ့်ကိုယ်ကိုယ် ဝေဖန်ရေး Self-Criticism လုပ်ကြဖို့ (အမြဲ) လိုပါမည်။

လူထုက ရွေးကောက်ပွဲ တကယ်နီးလာလျှင် စိတ်ဝင်စားမှု တကယ်ပြသလိမ့်မည်။ ပူပန်ကြောင့်ကြ မနေပါနှင့်ဟု မောင်စူးစမ်းက ထောက်ပြသည်။ လူထုသည် ပါတီစွဲ ပုဂ္ဂိုလ်စွဲ ရှိစရာမလို။ ဂိုဏ်းဂနစွဲ မရှိ။ ရွေးကောက်ပွဲနေ့ရောက်၍ မဲရုံရောက်လျှင် အလိုလို ကိုယ်ကြိုက်ရာ ရွေးထည့်သွားမည်။ မဲရုံအပြင်ဘက်မှာ အကြာကြီး ဘယ်သူ့သြဇာခံမှ ဖြစ်နေစရာမလို၊ ဘယ်ပါတီအရိပ်မှ ခိုနေစရာမလို၊ လွတ်လပ်သူသာ ဖြစ်သင့်သည်ဟု ပညာရှင် ဆရာမောင်စူးစမ်းက ဝေဖန်ပြသည်။ မှန်ပါ၏။ ထောက်ခံပါ၏ခင်ဗျာ။ မြန်မာ့နိုင်ငံရေးသည်၊ မြန်မာ့ဒီမိုကရေစီသည် လွှတ်တော်သုံးရပ်၊ ပါတီစုံ၊ တပ်မတော်ပါဝင်ခြင်းများကြောင့် လူထုနှင့် နိုင်ငံရေးပါတီတွေအကြား ဆက်ဆံရေးပုံသဏ္ဌာန် ထူးခြားနေလိမ့်မည်ဟု ခန့်မှန်းကြောင်း မောင်စူးစမ်းက Democracy, Harvard Series ကို ကိုးကားပြောဆိုသည်။

နိုင်ငံရေးသည် ရေဘ၀ဲဗေဒင်မဟုတ်
သတင်းစာများ၊ ဂျာနယ်များ၊ မီဒီယာများတွင် ယနေ့ခေတ်စားနေသော ကမ္ဘာ့ဖလား ဘောလုံးပွဲ အနိုင်အရှုံး ဂျာမနီရေဘ၀ဲ ဗေဒင်မျိုး မြန်မာ့နိုင်ငံရေးတွင် သုံးလို့မရနိုင်ပါ။ အဆိုးမြင် ဗေဒင်ကို ပို၍ အလိုမရှိပါ။

ရေဘ၀ဲကောင်ကို သတင်းစာမီဒီယာ ဂျာနယ်မီဒီယာက နေရာပေးသည်မှာ လူ့သဘာဝ (ဒါမျိုးကို ဟုတ်ဟုတ် မဟုတ်ဟုတ် ကြိုက်တတ်တဲ့ စိတ်ဝင်စားတတ်တဲ့ လူတွေရဲ့ သဘာဝ) ကို ကိုင်လှုပ်ကစားချင်တဲ့ မီဒီယာသဘာဝကြောင့် ထည့်ပေးနေတာ၊ အမှန်တရားကြီးပဲဟေ့၊ ဟုတ်သကွ မှန်သကွဟု အဓိပ္ပါယ်မရပါ။ တရားဝင်သဘောလည်း မဟုတ်နိုင်ပါ။ မှန်မှန်မှားမှား တာဝန်မယူ တာဝန်မရှိ ဟာသ,သဘောတောင် ပါနေသေး၏လို့ ကျွန်တော်ခံစားနားလည် ဝေဖန်မိပါ၏ခင်ဗျာ။

နိုင်ငံရေးသည် ရေဘ၀ဲဗေဒင် မဟုတ်နိုင်ပါ။

No comments:

Post a Comment

 
Web Statistics