Thursday, July 22, 2010

လူငယ်တွေ နိုင်ငံရေးလုပ်သင့်တဲ့အချိန် - မောင်ဝံသ


mgwuntha.png
လူငယ်တွေ နိုင်ငံရေးကို စိတ်ဝင်စားဖို့ လိုတယ်၊ လူငယ်တွေ မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ် ရှိကြဖို့လိုတယ် စသည်ဖြင့် ယနေ့ခေတ် နိုင်ငံရေးသမားတွေက ပြောနေကြတာဟာ အလကား အားအားယားယား ပြောနေတာ မဟုတ်ပါ။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးရဲ့ အနာဂတ်ကို တွေးပူမိလို့ ပြောနေကြတာပါ။ ဒီပြဿနာက တစ်နိုင်ငံ နှစ်နိုင်ငံပြဿနာ မဟုတ်ဘူး။ နိုင်ငံအတော်များများမှာ ကြုံနေရတယ်လို့ သတင်းတွေထဲ ဖတ်လိုက်ရဖူးတယ်။

လူငယ်တွေ ရေသာခိုနေလျှင်
လူငယ်တွေ နိုင်ငံရေးစိတ်မ၀င်စားတဲ့ ပြဿနာဟာ ပေါ့သေးသေး မဟုတ်ဘူးဗျ။ ဒီအတိုင်းသာ ဆက်သွားနေရင် တိုင်းပြည်ရဲ့ အနာဂတ် ကံဆိုးမိုးမှောင် ကျမယ့်ကိန်းပဲ။ နိုင်ငံရေး စိတ်မ၀င်စားဘူးဆိုတာကို ဆန့်ကျင်ဘက်ယူလိုက်ရင် ကိုယ့်အရေး ကိုယ့်မိသားစုအရေး ကွက်ကွက်ကလေးပဲ စိတ်ဝင်စားတယ်လို့ အဓိပ္ပါယ်ပေါ်နေတာပေါ့ဗျာ။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး ဘာတွေပဲဖြစ်နေနေ ကိုယ်နဲ့ ကိုယ့်မိသားစုဘ၀ အဆင်ပြေနေရင် ပြီးရောဆိုတဲ့ စိတ်ဓာတ်တွေ လူငယ်တွေဆီမှာ ကိန်းအောင်းအမြစ်တွယ်နေရင် နိုင်ငံရေးကို စေတနာပါပါ အရည်အချင်းရှိရှိနဲ့ လုပ်မယ့် လူကောင်းသူကောင်းတွေ ဘယ်လိုရနိုင်တော့မလဲ။

အရည်အချင်း ရှိသူတွေက နိုင်ငံရေး၊ တိုင်းရေးပြည်ရေးကို စိတ်မ၀င်စားဘဲ ကိုယ်နဲ့မဆိုင်သလို နေကြရင် အရည်အချင်း မရှိသူတွေက အဲဒီကွက်လပ်ထဲ ၀င်နေရာယူကြတော့မှာပေါ့။ လူ့အန္ဓတွေရဲ့ အုပ်ချုပ်မှုကို နိုင်ငံရေးစိတ်မ၀င်စားဘူးဆိုတဲ့ လူတွေ ကျေကျေနပ်နပ်ကြီး ခံကြပေါ့။ ဒါပေမယ့် အဲသလိုလည်း ခံနိုင်ကြတာ မဟုတ်ဘူး။ စိတ်ဆင်းရဲစွာနဲ့ အတင်းအဖျင်းတွေပဲ ထိုင်ပြောနေကြမှာ မြင်ယောင်သေးတယ်ဗျာ။

နိုင်ငံရေးလုပ်ခိုင်းတာလား
သတင်းဂျာနယ်တစ်စောင်နဲ့ ကျွန်တော် တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ လူငယ်တွေ နိုင်ငံရေး စိတ်ဝင်စားကြပါလို့ ကျွန်တော်ရေးခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်နဲ့ ပတ်သက်ပြီး သတင်းထောက်က မေးခွန်းထုတ်တယ်။ "လူငယ်တွေ နိုင်ငံရေးစိတ်ဝင်စားဖို့ ပြောတာဟာ နိုင်ငံရေးလုပ်ကြဖို့ တိုက်တွန်းတာလား" တဲ့။ ကျွန်တော်က လူငယ်တွေကို နိုင်ငံရေးလုပ်ဖို့ မဆိုလိုတဲ့အကြောင်း၊ စိတ်ဝင်စားဖို့ ပြောခြင်းဖြစ်ကြောင်း ပြန်ရှင်းပြလိုက်ရတယ်။

မြန်မာဗုဒ္ဓဘာသာအဆုံးအမမှာ ရှိတယ်မဟုတ်လားဗျာ။ ပထမအရွယ်မှာ ပညာရှာ၊ ဒုတိယအရွယ်မှာ ဥစ္စာရှာ၊ တတိယအရွယ်မှာ တရားဘာဝနာ လုပ်ဖို့ဆိုတာ။

ကျွန်တော်က အဲဒီအဆုံးအမကို မှီငြမ်းပြီး ပထမအရွယ်မှာ ပညာရှာ၊ ဒုတိယအရွယ်မှာ ဥစ္စာလည်းရှာ၊ နိုင်ငံရေးလည်း လုပ်ကြပါလို့ တိုက်တွန်းချင်တာပါ။

ယနေ့ခေတ်မှာ ကျန်းမာရေးအသိ ပို၍ ရှိလာကြတာကြောင့် လူတွေ အသက်ပိုရှည်လာတယ်။ ဒါကြောင့် ဒုတိယအရွယ်ဆိုတာကို အသက် (၄၀) ကနေ (၆၀-၇၀) လောက်အထိတောင် ပြောနိုင်တယ်။ အဲဒီအရွယ်ပိုင်းဟာ နိုင်ငံရေးလုပ်ဖို့ အကောင်းဆုံးပဲဗျ။

အသက် (၂၅)နှစ်လောက်ကစပြီး ပညာရေးပြီးဆုံးကာ လက်တွေ့လုပ်ငန်းခွင်ထဲ ၀င်မယ်။ (၁၅)နှစ်လောက် အသက်မွေးပညာ အသီးသီးဖြင့် ဥစ္စာရှာခြင်းကို လုပ်ဆောင်ပြီးရင် ထိုက်သင့်သလောက် အခြေတကျဖြစ်လာမယ်။ အဲဒီအချိန်မှာ မျက်နှာလွှဲလို့ဖြစ်တဲ့ စီးပွားရေးလုပ်ငန်းတွေကို မျက်နှာလွှဲပြီး တိုင်းပြည်နဲ့လူမျိုး အကျိုးစီးပွားအတွက် မိမိရဲ့ ကိုယ်စွမ်းဉာဏ်စွမ်းကို ပေးလှူသောအားဖြင့် နိုင်ငံရေးလုပ်သင့်တယ်လို့ ကျွန်တော် ဆိုလိုတာပါ။ နိုင်ငံရေးကို ကာယကံမြောက် ၀င်မလုပ်ခင် လူငယ်ဘ၀ တစ်လျှောက်လုံးမှာ နိုင်ငံရေးကို စိတ်ဝင်စားပြီး လေ့လာသုံးသပ်နေဖို့ အလွန်လိုအပ်တယ်။ ဒါမှသာ ကိုယ်တိုင်ဝင်လုပ်တဲ့အခါ ၀မ်းစာပြည့်ပြီးသား လူတစ်ယောက်အဖြစ် လုပ်ကိုင်နိုင်မှာ ဖြစ်တယ်ဗျ။

စင်ကာပူနိုင်ငံကို ကမ္ဘာ့အဆင့်မီ စီးပွားရေးနိုင်ငံဖြစ်အောင် ရှေ့ဆောင်လမ်းပြလုပ်ခဲ့တဲ့ မစ္စတာလီကွမ်ယူက စင်ကာပူမှာ အသက် (၄၀) ၀န်းကျင် ပညာတတ် နိုင်ငံရေးမျိုးဆက်သစ်များ ပျိုးထောင်ရေး စီမံချက်ရေးဆွဲဖို့ စင်ကာပူဝါရင့် နိုင်ငံရေးသမားများနဲ့ လက်ရှိအစိုးရကို ဖိအားပေးတိုက်တွန်းခဲ့တယ်။

အသက် ၄၀ သည် ဘ၀ရဲ့အလယ်ပိုင်း
လီကွမ်ယူက နိုင်ငံရေးမျိုးဆက်သစ်ကို အသက် ၄၀ ၀န်းကျင်လို့ သတ်မှတ်တာဟာ အဓိပ္ပါယ်အများကြီးရှိတယ်။ အလယ်ကောင်ကို ရွေးတဲ့သဘော ဖြစ်တယ်။ အရင်နှစ် ၂၀ နဲ့ နောက်အနှစ် ၂၀ ကို ကွင်းဆက်ယူထားတာ ဖြစ်တယ်ဗျ။ သူက နိုင်ငံရေးမျိုးဆက်သစ်ဟာ ပညာတတ်တွေ ဖြစ်ရမယ်၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းအတွေ့အကြုံ ဆည်းပူးပြီးသူတွေ ဖြစ်ရမယ်လို့ ဆိုတယ်။

စင်ကာပူဟာ အခြားအာရှနိုင်ငံတွေလို အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှု၊ လက်နက်ကိုင် တော်လှန်ရေး စတာတွေ မရှိခဲ့လေတော့ လီကွမ်ယူရဲ့ စိတ်ကူးစိတ်သန်းဟာ သူ့နိုင်ငံအတွက်တော့ အံဝင်ခွင်ကျပဲပေါ့။

ပညာနည်းတော့ ဆင်ခြင်မှုအားနည်း
အခြားအာရှနိုင်ငံတွေကတော့ ဗြိတိသျှ၊ ပြင်သစ်၊ စပိန်၊ ဒတ်ခ်ျ၊ ပေါ်တူဂီ စတဲ့ ကိုလိုနီသမားတွေ လက်အောက်ကနေ လွတ်မြောက်ရေးစစ်ပွဲတွေ ဆင်နွှဲခဲ့ရတယ်။ လူငယ်တွေဟာ ပညာရေးပြီးဆုံးအောင် မသင်ခဲ့ရဘဲ အလယ်တန်းပညာ၊ အထက်တန်းပညာလောက်နဲ့ တော်လှန်ရေးထဲ ပါဝင်ခဲ့ရာက နိုင်ငံရေးသမားတွေ ဖြစ်လာခဲ့ကြတယ်။ တိုင်းပြည်လွတ်လပ်ရေး ရတဲ့အခါ သူတို့ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ခေါင်းဆောင်တွေ ဖြစ်လာတယ်။ သို့ပေမယ့် ပညာရေးအခြေခံ နည်းပါးလေတော့ စဉ်းစားဆင်ခြင်မှုအပိုင်းမှာ အားနည်းကြတယ်။ ရင့်ကျက်မှု နည်းပါးကြတယ်။ ဒီလိုနဲ့ နိုင်ငံတည်ဆောက်ရေးမှာ လွဲချော်မှုတွေ ရှိခဲ့တဲ့ သာဓကတွေ အများကြီးပဲဗျာ။

နိုင်ငံရေးပျိုးထောင်မယ်ဆိုရင်
ဒီတော့ လီကွမ်ယူစိတ်ကူးမျိုးကို လက်တွေ့ကျင့်သုံးမယ်ဆိုရင်တောင် ယနေ့ခေတ်လူငယ်တွေကို ငယ်စဉ်တောင်ကျေး ကလေးဘ၀ ကတည်းက နိုင်ငံရေးပျိုးထောင်ပေးဖို့ လိုလိမ့်မယ်။ လူငယ်တွေအတွက် အဆင့်ဆင့် လေ့ကျင့်ကွင်းတွေ ရှိဖို့လိုတယ်။ ကျောင်းသားဘ၀မှာကို အဖွဲ့အစည်းနဲ့ လုပ်တတ်ကိုင်တတ်တဲ့ အကျင့်၊ အများရဲ့ ယုံကြည်ကိုးစားမှုကို ခံယူနိုင်မှ ခေါင်းဆောင်ဖြစ်နိုင်တယ်ဆိုတဲ့ အသိတွေကို သွတ်သွင်းပေးရတယ်။ ဆရာ ဆရာမအကြိုက်ကို လိုက်လုပ်ပေးရင် ခေါင်းဆောင်ဖြစ်တာပဲ ဆိုတဲ့အသိမျိုး မ၀င်စေရဘူး။ အများရဲ့ဆန္ဒနဲ့ ရွေးကောက်တင်မြှောက်တဲ့အခါ ပါဝင်ယှဉ်ပြိုင် အရွေးခံမယ်။ ပြိုင်ဘက်တွေအပေါ် မညစ်ရဘူး။ မတရားအခွင့်အရေး မယူရဘူး။ မိမိရှုံးသွားရင် အရှုံးကို ပြုံးပြုံးရင်ဆိုင်ရမယ်။ နိုင်တဲ့အခါမှာလည်း ရှုံးသူအပေါ် မျှတမှုရှိရမယ် စတဲ့ အလေ့အကျင့်တွေဟာ ရင့်ကျက်မှုကို ပျိုးထောင်ပေးတာပါပဲ။

No comments:

Post a Comment

 
Web Statistics