Saturday, July 17, 2010

ယဉ်ကျေးမှု ချွတ်ခြုံကျခြင်း ရေစီးကြောင်းကြီး - လူထုစိန်ဝင်း


peopleseinwin.jpg
ဈေးကြီးတစ်ဈေးမှာ အမျိုးသမီးအ၀တ်အစား အသုံးအဆောင်မျိုးစုံ ရောင်းချတဲ့ ကျောင်းသူဟောင်းတစ်ယောက်၊ တနင်္ဂနွေတစ်ရက် ရောက်လာပြီး ခေတ်မိန်းကလေးများ ၀တ်စားဆင်ယင်မှု တစ်နေ့တခြား လွန်ကဲလာပုံ အကြောင်းများကို ရေးပါဦးလို့ ဆိုပါတယ်။

အမေတွေကို ထောင်းချင်တယ်
အမျိုးသမီးသုံး ပစ္စည်းတွေချည်း သီးသန့်ရောင်းတာဆိုတော့ ဆယ်ကျော်သက် အရွယ်လေးတွေကအစ လေးဆယ်ကျော်၊ ငါးဆယ်ကျော်တွေအထိ အရွယ်မျိုးစုံ အမျိုးသမီးများနဲ့ နေ့စဉ် ထိတွေ့ဆက်ဆံနေရသူ ဖြစ်တာကြောင့် အမြင်မတော်တာမျိုးတွေကို သူများတွေထက်ပိုပြီး မြင်တွေ့နေရလို့ ပြောရတာပါလို့လည်း သူက ပြောပါတယ်။ "ဆရာ့ကို ပြောမကောင်းတာတွေ တစ်ပုံကြီးပါပဲ။ ကျွန်မကတော့ အမေတွေကိုပဲ ဖိထောင်းချင်တော့တယ် ဆရာရယ်" လို့လည်း ဒေါမနဿစိတ်တွေ ပွင့်အန်ထွက်လာပါတယ်။

မသင့်တော်တာ ပြောမိလို့
"ကန်တော့နော်၊ ကန်တော့"လို့ သူစကားခံပြီး ပြောတာတွေထဲက နှစ်ခုလောက်ပဲ နမူနာထုတ်ပြပါမယ်။ တစ်ခုကတော့ ၁၂ နှစ်အရွယ်၊ ၁၃ နှစ်အရွယ် ကလေးတွေ ဘရာစီယာ လာဝယ်ကြတဲ့အခါမှာ သူက ဘရာစီယာ မ၀တ်သင့်သေးဘူး၊ ချပ်ချပ်ရပ်ရပ်ရှိတဲ့ ချွေးခံလို၊ ရှင်မီးလို အင်္ကျီမျိုးသာ ၀တ်သင့်သေးတယ်လို့ ပြောမိတဲ့အကြောင်း၊ အဲဒီအခါမှာ ကလေးတွေက မျက်စောင်းခဲပြီး ဆောင့်ကြီးအောင့်ကြီးနဲ့ ထွက်သွားကြတဲ့အကြောင်း ဖြစ်တယ်။ နောက်တစ်ခုကတော့ သူ့ဆိုင်လာနေကျ မော်ဒယ်ဂဲလ်တွေနဲ့ တခြားအပျိုမတွေ အကြောင်းပါ။

အရှက်ဆိုတာ နားမလည်တာလား
ခုခေတ် အပျိုအရွယ် မိန်းကလေးတွေက ကမ္ဘာကျော်တင်းနစ်မယ်တွေ ၀တ်ကြတဲ့ တိုနန့်နန့်စကတ်တိုလေးတွေ ၀တ်ကြပါတယ်တဲ့။ ပြီးတော့ စကတ်အောက်က ပေါင်လယ်လောက်ထိရောက်တဲ့ ဘောင်းဘီကျပ်ကျပ်ကို ၀တ်ဆင်ကြတယ်။ အဲဒီဘောင်းဘီကို ပါးပါးလှပ်လှပ်ကလေးတွေမှ ရွေးဝတ်ကြသတဲ့။ "အရှက်ဆိုတာ သူတို့ လုံးလုံး နားမလည်တော့တာလား၊ နားလည်ပါလျက်နဲ့ ဂရုမစိုက်တာလား မပြောတတ်တော့ပါဘူး" လို့လည်း ညည်းပြော,ပြောလိုက်ပါသေးတယ်။ ပြီးတော့ ဒီကိစ္စတွေ ရေးဖြစ်အောင်ရေးပါ ဆရာရယ်လို့လည်း တိုက်တွန်းသွားပါတယ်။

ရင်လျားနဲ့ပဲ နေတော့တယ်
သူလို မိန်းကလေးတစ်ယောက်တောင် နားမလည်နိုင်တော့တဲ့ ကိစ္စမျိုးကို အသက် ၇၀ တန်း ရောက်နေပြီဖြစ်တဲ့ လူအိုကြီးတစ်ယောက်က ဘယ်လိုလုပ်ပြီး နားလည်မှာလဲ။ စာစောင်တွေထဲမှာ မြင်ရ၊ တွေ့ရတဲ့ ၀တ်စားဆင်ယင်ပုံတွေကိုကြည့်ပြီး ဟီရိသြတပ္ပတရား ခေါင်းပါးလာကြတဲ့ အကြောင်းများကို ရေးခဲ့ဖူးပါတယ်။ ဒါပေမယ့် "ဟောရင်းသာ ပျံတော်မူရလိမ့်မယ်" ဆိုတဲ့ စကားအတိုင်းပါပဲ။ ပေါ်တာ၊ ပါးတာတွေ၊ ဖော်တာ၊ ချွတ်တာတွေ ရေးရင်းရေးရင်းနဲ့ အခုဆို မိန်းကလေးတွေ အပေါ်ပိုင်းတစ်ခုလုံး ဗလာကျင်းပြီး ရင်လျားနဲ့ပဲ နေကြတော့တယ်လေ။

ကမ္ဘာလုံးဆိုင်ရာ ရေစီးကြောင်းကြီး
တပည့်ပြောသလို အမေတွေကို ဖိထောင်းလည်း ထောင်းထောင်းရှိမှာပဲ။ ကောင်းသွားဖို့တော့ မမြင်ဘူး။ ဘာကြောင့်လဲဆိုတော့ အခုလို ဟီရိသြတပ္ပတရား ခေါင်းပါးကုန်ကြရတဲ့ အကြောင်းရင်းက ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုချွတ်ခြုံကျခြင်း ရေစီးကြောင်းကြီးရဲ့ ရိုက်ခတ်မှု ဖြစ်နေလို့ပါပဲ။ ကမ္ဘာ့အနောက်ခြမ်းမှာ စတင် သန္ဓေတည်ခဲ့တဲ့ ငွေသာအဓိက စီးပွားရေးစနစ်ဆိုးကြီးက လူသားများ တန်ဖိုးထားခဲ့ကြတဲ့ စံနှုန်းမှန်သမျှကို အခြေခံကစပြီး ရိုက်ချိုးဖျက်ဆီးပစ်လိုက်တဲ့အတွက် လူ့အဖွဲ့အစည်း အသီးသီးဟာ "ငွေသာလျှင် ကိုးကွယ်ရာ" လို့ သဘောထားတဲ့ အဆင့်ထိရောက်အောင် ယုတ်လျော့ကျဆင်းသွားခဲ့ကြတယ်။

ဇနပုဒ် စိတ်ဓာတ်တဲ့လား
ရှေးက လူ့တန်ဖိုးလို့ သတ်မှတ်ခဲ့ကြတဲ့ အသိဉာဏ်ပညာ မြင့်မားခြင်း၊ စိတ်သဘောထား ကြီးရင့်ခြင်း၊ ကိုယ်ကျင့်တရား ကောင်းမွန်ခြင်း၊ ဟီရိသြတပ္ပတရား စောင့်ထိန်းခြင်း၊ မေတ္တာ၊ စေတနာ ဖြူစင်သန့်ရှင်းခြင်း၊ ကရုဏာကြီးမားခြင်း၊ ကိုယ်ချင်းစာတရား လက်ကိုင်ထားခြင်းဆိုတဲ့ အရာတွေအားလုံးဟာ ခုခေတ်မှာ နုံအခြင်း၊ မိုက်မဲခြင်း၊ ခေတ်နောက်ပြန်ဆွဲခြင်းလို့ ရှုမြင်ကြတော့တယ်။ ဒီခတ်က ဘာမဆို ကမ္ဘာနဲ့ချီ စဉ်းစားရတဲ့ "ကမ္ဘာပြုမှုခေတ်" ဖြစ်နေပြီ။ ကျဉ်းမြောင်းတဲ့အမြင်၊ ဇနပုဒ်စိတ်ဓာတ်နဲ့ အနောက်ရယ် အရှေ့ရယ် ခွဲခြားနေလို့ မဖြစ်တော့ဘူး။ နိုင်ငံတကာဆိုတဲ့ စိတ်မွေးမြူကြရမယ်လို့ ကျယ်ကျယ်လောင်လောင် ပြောဆိုနေကြတယ်။

ယဉ်ကျေးမှုပျက်တွေ
တချို့ကျတော့လည်း ခေါင်းမွေးစုတ်ဖွားနဲ့၊ မုတ်ဆိတ်ကျင်စွယ် ထူလပျစ်နဲ့၊ ဂျင်းဘောင်းဘီ ဖွာလန်ကြဲ ၀တ်ကြတာမျိုးတွေနဲ့၊ အဖော်အချွတ်တွေနဲ့ စင်ပေါ်တက် လူလုံးပြတာမျိုးတွေ၊ ရည်းစားတစ်ထောင် လင်ကောင်တစ်ယောက် အဖြစ်မျိုးတွေကို လက်ညှိုးထိုးပြပြီး အနောက်တိုင်းယဉ်ကျေးမှုတွေပဲဆိုပြီး သိမ်းကျုံး ရှုတ်ချပစ်လိုက်ကြတယ်။ ဒါလည်း မမှန်ပါဘူး။ ဒါမျိုးတွေဟာ အနောက်တိုင်းယဉ်ကျေးမှု မဟုတ်ပါဘူး။ ငွေသာ ပဓာနစနစ်ဆိုးကြောင့် ဘက်ပေါင်းစုံ ယိုယွင်းပြီး ချွတ်ခြုံကျသွားတဲ့ အနောက်လူ့အဖွဲ့အစည်းရဲ့ "ယဉ်ကျေးမှုပျက်" တွေသာ ဖြစ်ပါတယ်။

ကလေးနဲ့အပျိုဆိုတာမျိုး
ရှေးခေတ် ရှေးအခါသမယလူတွေ ဒါလောက် "ငွေရူး" မရူးကြသေးခင်အချိန်က အနောက်တိုင်းသူတွေလည်း ဂါဝန်ရှည်ကြီးတွေ ခြေမျက်စိဖုံးအောင် ၀တ်ကြပါတယ်။ အတွင်းခံ ကိုယ်ကျပ်အင်္ကျီ (ကော့ဆက်)ဆိုရင်လည်း နောက်ကျောတစ်ပြင်လုံး ဘောကန်ဖိနပ်ကြိုးတွေလို ကြိုးအထပ်ထပ်နဲ့ ငှက်ပျောထုပ် ထုပ်သလို တင်းကျပ်နေအောင် စည်းထားကြရတာပါ။ အနေအထိုင် လော်လီမိလို့ မဖုံးနိုင်၊ မဖိနိုင် အဖြစ်မျိုး ကြုံလာရင်တော့ အရှက်ကို အသက်နဲ့ လဲသွားကြရပါတယ်။ အခုခေတ်လို (Single Mother) ကလေးနဲ့ အပျို ဆိုတာမျိုး ဘယ်ရှိမှာလဲ။

အတိုးတက်ဆုံး၊ အပျက်စီးဆုံး
ရှေးက အရှက်ဆိုတာ ထိန်းသိမ်းရမှန်း သိကြသလို ရက်စက်ကြမ်းကြုတ်မှု ဆိုတာလည်း ခုခေတ်လောက်တော့ ကြောက်စရာ မကောင်းသေးပါဘူး။ စစ်ဖြစ်လို့ တိုက်ကြ၊ ခိုက်ကြ၊ သေကြ၊ ကြေကြဆိုတာမျိုးကလွဲပြီး အခုခေတ်လို စာသင်ကျောင်းထဲဝင်ပြီး ကလေးတွေကို ပစ်သတ်တာမျိုး၊ စားသောက်ဆိုင်ထဲ၊ ဟိုတယ်ထဲဝင်ပြီး အသေခံဗုံးခွဲ တိုက်ခိုက်တာမျိုးတွေ မရှိပါဘူး။ မကြားဖူး၊ မမြင်ဖူးပါဘူး။ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသွားပြီး နောက်ပိုင်းခေတ်ဟာ နည်းပညာတွေ အထွန်းကားဆုံး၊ အတိုးတက်ဆုံး ခေတ်ကြီးဖြစ်သလို လူသားများရဲ့ စိတ်ဓာတ်နဲ့ ယဉ်ကျေးမှုတွေ အပျက်စီးဆုံးခေတ်လို့လည်း သတ်မှတ်နိုင်လိမ့်မယ် ထင်ပါတယ်။

ကလင်တန်ရဲ့ဖြစ်ရပ်
စိတ်ဓာတ်ချွတ်ခြုံကျပျက်စီးမှု ဘယ်လောက်ထိ ကြီးမားဆိုးရွားနေသလဲ ဆိုတဲ့အချက်ကို အချက်နှစ်ချက်နဲ့ မီးမောင်းထိုးပြလိုက်ပါမယ်။ ပထမတစ်ချက်ကတော့ သမ္မတ ကလင်တန်နဲ့ မော်နီကာလူဝင်စကီး အဖြစ်အပျက်ပါ။ သမ္မတ ရင့်မကြီးတစ်ယောက်က အိမ်ဖြူတော်မှာ လုပ်အားလာပေးနေတဲ့ သမီးအရွယ် ကျောင်းသူလေးကို မဖွယ်မရာ ပြုခဲ့ပါတယ်။ ဒီကိစ္စ ဖုံးမနိုင်၊ ဖိမရနဲ့ တိုင်းကျော်ပြည်ကျော် ကမ္ဘာကျော်ဖြစ်ပြီး ငြင်းကွယ်လို့ မရတဲ့အခါကျတော့ (ငြင်းတော့ ငြင်းပါသေးတယ်) ကလင်တန်က "ဆောရီးပါ" ပြောပြီး သမ္မတ ကုလားထိုင်မှာ မျက်နှာပြောင်ပြောင်နဲ့ အထိုင်မပျက်ပါပဲ။ လင်ကွန်းတို့ခေတ်ကသာ ဆိုရင်တော့ ဒီကိစ္စမျိုးဟာ ကိုယ့်နားထင်ကိုယ် သေနတ်နဲ့တေ့ပြီး မောင်းဖြုတ်ပစ်လိုက်ရမယ့် ကိစ္စအဖြစ် သဘောထားကြမှာပါ။

ရှစ်လစံ ၀န်ကြီးချုပ်
နောက်ကိစ္စတစ်ခုကတော့ မကြာမီက ရာထူးက နုတ်ထွက်သွားတဲ့ ဂျပန်ဝန်ကြီးချုပ် ဟာတိုယာမရဲ့ အဖြစ်ပါ။ ရာထူးမှာ ရှစ်လခွဲသာ တာဝန်ထမ်းဆောင်ရသေးပြီး လွှတ်တော်မှာ မဲရှုံးလို့လည်း မဟုတ်၊ အကျင့်ပျက် ခြစားမှုကြီးတွေ ပေါ်ထွက်လာလို့လည်း မဟုတ်ဘဲနဲ့ ရုတ်တရက် နုတ်ထွက်သွားခဲ့ပါတယ်။ လူထုဆန္ဒ စစ်တမ်းကောက်ယူမှုတွေမှာ သူ့ကို ထောက်ခံမှု ဒလဟော ကျဆင်းသွားတဲ့အတွက် နုတ်ထွက်သွားခဲ့တာပါ။ နုတ်ထွက်မိန့်ခွန်း ပြောကြားရာမှာ အိုကီနာဝါကျွန်းပေါ်က အမေရိကန် ရေတပ်စခန်းကြီးကို ပိတ်သိမ်းပစ်မယ်လို့ မဲဆွယ်ကာလမှာ ကတိပေးခဲ့တဲ့အတိုင်း မဆောင်ရွက်နိုင်ခဲ့တဲ့အတွက် မဲဆန္ဒရှင်များကို တောင်းပန်ပါတယ်လို့ ပြောကြားသွားခဲ့ပါတယ်။

ချီးကျူးလေးစားတယ်
သူနုတ်ထွက်တာကို ဂျပန်တစ်နိုင်ငံလုံးက အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နဲ့ လက်ခံကြပါတယ်။ နုတ်ထွက်တာကို အပြစ်တင်သူ မရှိသလို ချီးကျူးသူလည်း မရှိပါဘူး။ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဂျပန်လူမျိုးများကပဲ စိတ်ဝင်စားမှု မရှိတာလား။ အရှက်တို့ ဂုဏ်သိက္ခာတို့၊ တာဝန်ယူမှုတို့နဲ့ ပတ်သက်ပြီး အလေးအနက် သဘောမထားကြတာလား ဆိုတာတော့ မတွေးတတ်ပါဘူး။ ကိုယ်တိုင်ကတော့ မစ္စတာယာတိုယာမကို ချီးကျူးလေးစားသွားပါတယ်။

တွယ်ကပ်နေနိုင်သေးတယ်
မစ္စတာယာတိုယာမကို လူကြိုက်များမှု ကျဆင်းသွားတာ မှန်တယ်။ အိုကီနာဝါကိစ္စနဲ့ ပတ်သက်ပြီး သူ့ကို မဲဆန္ဒရှင်တွေ မကျေမနပ် ဖြစ်ကြတာလည်း မှန်တယ်။ ဒါပေမယ့် ထိုင်းဝန်ကြီးချုပ် အဘီဆစ်လို လူတွေ သိန်းချီ လမ်းပေါ်ထွက်ပြီး ရာထူးကဆင်းပေးဖို့ တောင်းဆိုခံရတာမျိုး မဖြစ်သေးဘူး။ လွှတ်တော်မှာ အယုံအကြည်မရှိ အဆိုတင်သွင်းတာလည်း မရှိသေးဘူး။ သူ့ပါတီတွင်း ပုန်ကန်ဆန့်ကျင်မှုမျိုးလည်း ကြီးကြီးမားမား မရှိသေးဘူး။ သူ့ရာထူးကို ဆက်လက်ဆုပ်ကိုင်ပြီး တွယ်ကပ်နေမယ်ဆိုရင် လအတော်ကြာအောင် နေလို့ရနိုင်သေးတဲ့ အခြေအနေမှာ ရှိပါတယ်။

ထမင်းထုပ်သာ သိုးမယ်
ဒါပေမယ့် မစ္စတာ ဟာတိုယာမက ကမ္ဘာကျော်တဲ့ ဂျပန်တို့ရဲ့ အရှက်နဲ့ဂုဏ်သိက္ခာကို အသက်နဲ့လဲ ကာကွယ်တဲ့အစဉ်အလာကို ထိန်းတဲ့အနေနဲ့ သူ့သဘောနဲ့သူ ရာထူးက နုတ်ထွက်သွားခဲ့ပါတယ်။ ဒါကို ဂျပန်လူမျိုးအများစုက မသိကျိုးကျွံ ပြုနေခဲ့ကြပါတယ်။ ဒီခေတ် ကမ္ဘာကြီးတစ်ခုလုံးမှာ ဒီလိုတာဝန်ယူစိတ်ရှိပြီး ဂုဏ်သိက္ခာကို လေးစားတန်ဖိုးထားသူမျိုး အင်မတန်မှကို တွေ့ရခဲလှပါတယ်။ မစ္စတာဟာတိုယာမအကြောင်း ဘာမှ သိပ်မသိပါဘူး။ သူ့ပေါ်လစီ မူဝါဒတွေကိုလည်း သိပ်မသိပါဘူး။ ဒါပေမယ့် တာဝန်ယူမှုစိတ်ဓာတ်နဲ့ အရှက်နဲ့ဂုဏ်သိက္ခာကို တန်ဖိုးထားတဲ့ စိတ်ဓာတ်ကိုတော့ အထူးလေးစားပါတယ်။ ဒီခေတ်မှာ အရှက်တို့၊ ဂုဏ်သိက္ခာတို့ကို တန်ဖိုးထားသူဆိုတာ ကမ္ဘာပတ်ပြီး လိုက်ရှာရင်တောင် ထမင်းထုပ်သာ သိုးမယ်၊ တွေ့လိမ့်မယ် မထင်ရတော့ဘူး မဟုတ်လား။
လူထုစိန်ဝင်း (၆-၇-၂၀၁၀)

1 comment:

  1. အရမ်းကိုထောက်ခံမိပါတယ် ဆရာ...။ ဒီလိုတန်ဖိုးရှိတဲ့ စာမျိုးကို ဖတ်ခွင့်ရတဲ့အတွက်လဲ အရမ်းဝမ်းသာကျေးဇူးတင်မိပါတယ်..။ အရှက်နဲ့ သိက္ခာကိုတန်ဖိုးထားထိန်းသိမ်းတာနဲ့ ခေတ်နောက်မကျန်ခဲ့ပါဘူးဆိုတာ သက်သေပြနိုင်အောင် ကြိုးစားနေပါတယ် ဆရာ။ ကိုယ့်ပတ်ဝန်းကျင် မှာတောင်မှ ဒါမျိုးတွေထဲမျောပါနေတဲ့ သူငယ်ချင်းတွေရှိပါတယ်..။ ဘာမှ မတတ်နိုင်ပါဘူး... အလွယ်တကူ မျောပါသွားတဲ့ သူငယ်ချင်းတွေကိုမြင်တိုင်း စိတ်မကောင်းဖြစ်ရပါတယ်။

    ReplyDelete

 
Web Statistics