Saturday, July 17, 2010

အသုံးများသော မြန်မာဗန်းစကားများ (က)


ကျွန်တော်တို့ နေ့စဉ်ပြောဆိုနေကြတဲ့ စကားလုံးတွေထဲမှာ ပြောသာပြောနေရပေမယ့် အဓိပ္ပါယ်ကို သေသေချာချာ၊ ရေရေရာရာ မသိလှတာတွေ အများကြီးပါနေပါတယ်။ ကြားဖူးနေကျ၊ ဖတ်ဖူးနေကျမို့ ပါးစပ်ကနေ အလွယ်တကူ ထွက်သွားတတ်ပါတယ်။ ဘယ်လိုအခြေအနေမျိုးဆိုရင် ဘယ်စကားလုံးကို သုံးရမယ်ဆိုတာ သိပေမယ့်လည်း အဲဒီစကားလုံးရဲ့ မူရင်းအဓိပ္ပါယ်ဟာဘာလဲ၊ သူတို့ရဲ့ မူရင်းနောက်ခံသမိုင်းက ဘာလဲဆိုတာကိုတော့ အများအားဖြင့် မသိဘဲဖြတ်တတ်ပါတယ်။ ပုံမှန်စကားလုံးတွေဆိုရင် မြန်မာအဘိဓာန်ကို လှန်လှောဖတ်ရှု ရှာဖွေကြည့်ရှုလို့ရပေမယ့် ဗန်းစကားတွေကိုတော့ အဘိဓာန်ထဲမှာ တွေ့နိုင်မှာမဟုတ်ပါဘူး။ အဲဒီလို မတွေ့နိုင်တာတွေထဲကမှ အသုံးများတဲ့ ဗန်းစကားတွေကို ရှာဖွေဝေငှလိုက်ပါတယ်။ အဲဒီစာအုပ်ကို ရှာတွေ့တဲ့အတွက် ၀မ်းသာခဲ့ရသလို၊ စာအုပ်ထဲက ဗန်းစကားတွေရဲ့ အဓိပ္ပါယ်တွေကို ဖတ်ရတဲ့အခါမှာလည်း သဘောကျလို့မဆုံး၊ ကျေနပ်လို့မဆုံးပါဘူး။ အမြဲတစေပြောနေတဲ့ အချို့စကားလုံးတွေရဲ့ အဓိပ္ပါယ်ဟာ ဘယ်လိုလဲဆိုတာကို အခုမှပဲ သေသေချာချာ သိခွင့်ရတဲ့အတွက် နည်းနည်းတော့ ရှက်မိတာ အမှန်ပါပဲ။ မသိသေးတဲ့လူတွေအတွက် အကျိုးရှိမှာ အသေအချာပါ။ သိပြီးသားလူတွေလည်း ဇဝေဇ၀ါဖြစ်နေရင် ပြန်ဖတ်လို့ရတာပေါ့။ သိသလိုလို၊ မသိသလိုလို ဖြစ်နေသူတွေအတွက်တော့ ရှင်းရှင်းလင်းလင်း ဖြစ်စေလိမ့်မယ်လို့ မျှော်လင့်ကြောင်းပါ။ ဆရာလှသမိန်ရဲ့ "မြန်မာဘန်းစကား အဓိပ္ပါယ်သုံးနည်း" ဆိုတဲ့ စာအုပ်ထဲကနေ ပြန်လည်ကူးယူဖော်ပြခြင်း ဖြစ်ပါကြောင်းခင်ဗျား။ တန်ဖိုး ၃ ကျပ်ဆိုတာ စာအုပ်မှာ နှိပ်ထားတာကို ရေးထားတာပါ။ ခုနှစ်ကတော့ ပုံနှိပ်မှတ်တမ်းရယ်လို့ သီးသန့်မပါတဲ့အတွက် စာအုပ်မှာပါတဲ့ ရက်စွဲတစ်ခုကိုယူပြီး ရေးလိုက်တာပါ။ အခုရေးထားတဲ့ ၁၉၇၁ ခုနှစ်ဆိုတာထက်တော့ နောက်မကျတာ အသေအချာပါပဲ။ အချို့သော သတ်ပုံတွေကို အခုခေတ်နဲ့လျော်ညီအောင် ပြင်ရေးထားပါတယ်။ ဥပမာ "တယောက်၊ တဦး" စသည်ကို "တစ်ယောက်၊ တစ်ဦး" စသည်ဖြင့်ပေါ့လေ။ မူလစာအုပ်နာမည်ကိုက ဘန်းစကားလို့ ရေးထားပေမယ့် မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းမှာ ဗန်းစကားလို့ ပြထားတဲ့အတွက် ပြင်ရေးထားတာကို နားလည်ပေးကြဖို့လည်း တစ်ဆက်တည်း ပြောလိုပါတယ်။ စာအုပ်မှာပါသမျှ ဗန်းစကားတိုင်းကို ပြန်ရိုက်ပေးထားခြင်းမဟုတ်ဘဲ အသုံးများတာတွေနဲ့ အသိမှားတတ်တာလေးတွေကိုပဲ ရွေးထုတ်ပေးထားခြင်း ဖြစ်ကြောင်းပါ။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၇ ရက်၊ စနေနေ့။

စာအုပ်အမည် - မြန်မာဘန်းစကား အဓိပ္ပါယ်သုံးနည်း
ရေးသူ - လှသမိန်
တန်ဖိုး - ၃ ကျပ်
ထုတ်ဝေ - ပထမအကြိမ်၊ ၁၉၇၁ ခုနှစ်

myanmarwords.png

ကညာစစ်သည်
နှေးကွေးလေးလံစွာ ပြုမူခြင်း
အပျိုစင် မိန်းကလေးများသည် ရဲတင်းဖျတ်လတ်ခြင်း နည်းပါး၍ မရဲတရဲ၊ မ၀ံ့တ၀ံ့နှင့် ရှက်စနိုးအမူအရာဖြင့် နှေးကွေးဇာချဲ့၍ ပြုမူလှုပ်ရှားတတ်ကြသည်ဖြစ်ရာ တစ်စုံတစ်ရာကို နှေးကွေးလေးလံစွာ ကနွဲ့ကလျ လှုပ်ရှားဆောင်ရွက်နေသူအား အပျိုစင်ကလေးကဲ့သို့ ပြုလုပ်နေလေရော့သလားဟု အပြစ်တင်သောအားဖြင့် အပျိုစစ်ကျနေသည်၊ ကညာစစ်နေသည် စသည်ဖြင့် တင်စားပြောဆိုကြသည်။

ကလိန်စေ့ ငြမ်းဆင်သည်
မဖြစ်နိုင်သည်ကို လုပ်ကြံသည်
ကလိန်ပင်မှ ကလိန်သီး၏ အစေ့သည် ပြောင်ချော၍ နေလေသည်။ ထိုကလိန်စေ့ကို တစ်စေ့ပေါ်တွင်တစ်စေ့ ချောမကျအောင် ဆင့်တင်ရန် ခက်ခဲလှပေသည်။ ထိုသို့ မဖြစ်နိုင်ဘဲလျက် အလွန်မြင့်သော လူတက်ရောက်စရာ ငြမ်းအဖြစ်ဆင်သည်ဟု ဆိုသည်မှာ အလွန့်အလွန် မဖြစ်နိုင်သော အလုပ်တစ်ခုကို လုပ်နေကြောင်း လေးနက်အောင် ပမာပြုခြင်းပင် ဖြစ်ပါသည်။ ထို့ကြောင့် မဖြစ်နိုင်သည်ကို ပြုလုပ်သည်ဖြစ်စေ၊ ပြောသည်ဖြစ်စေ၊ တင်စား၍သုံးသည်။ သို့ရာတွင် "ကလိမ်" ဟူသော အသံနှင့် "ဆင်" ဟူသော အသံကိုစွဲ၍ "လိမ်လည်၍ ဉာဏ်ဆင်သည်" ဟူ၍လည်း အမှတ်ထားကာ သုံးကြသည်။ မဟုတ်နိုင်သည်ကို အဟုတ်လုပ်၍ ပြောခြင်းကို ချေဆိုခိုင်းနှိုင်းရာ၌မူကား မူလအဓိပ္ပါယ်အရလည်း ဆီဆိုင်ပေသည်။

ကာလနဂါး
အအိပ်ကြီးသောသူ
မြတ်စွာဘုရားသည် သဗ္ဗညုတဉာဏ်တော်ကို ရပြီးနောက် နေရဉ္စရာမြစ်တွင် ဃနာနို့ဆွမ်းကို ဘုဉ်းပေးပြီးသော် ရွှေခွက်ကို မျှောတော်မူရာ၊ ရှေးဘုရားရှင်တို့၏ ရွှေခွက်တို့မြုပ်ရာအရပ်သို့ရောက်လျှင် ရွှေခွက်နစ်၍ ရှေးရွှေခွက်တို့နှင့်ထိလျက် အသံမြည်လေသည်။ ထိုအသံကို အိပ်ပျော်နေသော ကာလနဂါးနိုး၍ ကြားလေသော် "အော် - ဘုရားတစ်ဆူ ပွင့်ပြန်လေပြီ" ဟု ဆိုမြည်လေသည်။ ကာလနဂါးသည် ဘုရားတစ်ဆူပွင့်မှ တစ်ကြိမ်နိုးသည်ဆို၏။ ထိုနဂါးကိုစွဲ၍ အိပ်ရေးကြီးသူ၊ အအိပ်စုံမက်သူတို့အား တင်စား၍ခေါ်သည်။

ကာတစ်
မိန်းမတင်ဆုံ
ကာတစ်မှာ မန္တလေးမြို့ ဘီလမ်းရှိ ဘယဆေးဆိုင်တစ်ဆိုင် အမည်ဖြစ်သည်။ ထိုဆိုင်မှာ စစ်မဖြစ်မီကာလကပင် ရှိခဲ့၍ ပိုင်ရှင်၏အမည်ဖြင့် ကာတစ်ဆေးတိုက်ဟု ခေါ်ဝေါ်၍ ဆေးတိုက်အမှတ်တံဆိပ်မှာ ဆေးထောင်းသော ဆုံတွင် ကျည်ပွေ့စိုက်ထားသောပုံ ဖြစ်လေသည်။ ကာတစ်ဟူသော အမည်ကို ကြားသိသူတိုင်း ဆုံတံဆိပ်ကိုလည်း တွဲလျက် သိရှိကြပြီး ဖြစ်လေသည်။ ထို့ကြောင့် ကာလသားများက မိန်းမပျို၏ တင်ပါးဆုံကို သွယ်ဝိုက်သော စကားဝှက်ဖြင့် တင်စား၍ "ဆုံ" အစား "ကာတစ်" ဟုပင် ခေါ်ဝေါ်ပြောဆိုသုံးနှုန်းကြရာမှ ထိုစကားမှာ အရပ်ရပ်သို့ ပျံ့နှံ့တွင်ကျယ်၍ ဗန်းစကားတစ်ရပ် ဖြစ်တည်လာခဲ့သည်။

ကိုယ့်ရှူး ကိုယ်ပတ်သည်
ကိုယ့်ပယောဂကြောင့် ကိုယ့်ကိုပြန်၍ ထိခိုက်သည်
ကလေးများ ကစားရာတွင် မြွေကြီးလင်းမြွေ ဟူသောနည်းတစ်မျိုးမှာ ကလေးများသည် ခေါင်သူကြီးပြုလုပ်သူ၏ နောက်တွင် တစ်ယောက်ခါးကို တစ်ယောက်တွဲလျက် ရှေ့စဉ်နောက်ဆက် စီတန်းရပ်နေပြီး အတိုင်အဖောက် ခေါ်ထူးပြီးသောအခါ ခေါင်းသဏ္ဌာန် ခေါင်သူကြီးလုပ်သူက ငယ်သားထဲမှ နောက်ဆုံးဖြစ်သော အမြီးသဏ္ဌာန်သူငယ်ကို လက်အုပ်ဖြင့် ဘယ်ညာလှည့်ပတ် ချောင်းမြောင်းကာ မိအောင်ကစားလေသည်။ ဤအခါတွင် မြွေကဲ့သို့ "ရှူး" ဟု အသံပေး၍ ခေါင်သူကြီးက လိုက်လေ့ရှိရာ နောက်မှအတွဲသည် နောက်ဆုံးလူကို မထိမိအောင် ကွေ့ပတ်၍ ဘေးတိုက်ယိမ်းလွှဲ ပြေးလွှားရသဖြင့် ခေါင်သူကြီးကိုပင် တစ်ပတ် ပတ်မိနေတတ်လေသည်။ ဤသဘောကိုယူ၍ မိမိကိုယ်တိုင် အချက်ပေးသော ရှူးကြောင့် မိမိကိုယ်ပင် အပတ်ခံရသည်ဟု ကိုယ့်ပယောဂကြောင့် ကိုယ့်ကိုယ်ကိုယ်ပြန်၍ ထိပါးခံရသည့်အခါတွင် တင်စား၍သုံးသည်။

ကစ်သည်
ခိုးဝှက်ထားသည်
ထိုစကားမှာ မွန်စကား (ကေတ်) ဖြစ်၍ အသံထွက်မှာ "ကစ်" ပင် ဖြစ်သည်။ အဓိပ္ပါယ်မှာ ယူသည်ဟူ၍ ဖြစ်၏။ မော်လမြိုင်စသော မွန်နှင့်နီးစပ်ရာ ဒေသများ၌ ယူသည်၊ ခိုးယူထားသည်၊ နုတ်ယူထားသည် စသောအဓိပ္ပါယ်ဖြင့် စကားဝှက်ပြုကာ သုံးနှုန်းကြရာမှ အသုံးများ၍ ဗန်းစကားဖြစ်လာသည်။

ကြာခိုသည်
သူတစ်ပါး သားမယားကို ပြစ်မှားလွန်ကျူးသည်
မိဖုရား အဆောင်တော်များတွင် ကြာပွင့်ပုံများ ထုလုပ်ထားသော ညောင်စောင်းတို့ရှိပေရာ၊ ထိုအဆောင်ကို ကြာညောင်သဉ္ဇာ၊ ကြာညောင်ရိပ် - ကြာခြည်ရံ စသည်ဖြင့် တင်စားခေါ်ဝေါ်လေသည်။ ခြင်ထောင်ကိုလည်း (ခြင်းရံ) ကြာခြည် စသည်ဖြင့် ခေါ်ဆိုလေသည်။ ထိုစကားကိုစွဲ၍ သူတစ်ပါး၏ သားမယား အိပ်ယာခန်းခွင်သို့ ကျူးဝင်စော်ကားခြင်းကို စကားယဉ်ကျေးစွာဖြင့် ကြာရိပ်ခိုသည်။ ကြာခြည်အောင်းသည် စသည်ဖြင့် တင်စားသုံးစွဲရာမှ ကြာခိုသည်ဟု ပြောဆိုသုံးနှုန်းလာခဲ့လေသည်။ သူတစ်ပါး၏ သားမယားကို ပြစ်မှားကျူးလွန်ခြင်းကို ခေါ်ဆိုသုံးစွဲသည်။ ယောက်ျားအတွက်သာမက မိမိလင်မှတစ်ပါး အခြားသူနှင့် ဖောက်ပြန်သော မိန်းမအတွက်လည်း ထိုစကားကိုပင် အချို့သုံးစွဲကြသေးသည်။

ကြိုးကိုင်သည်
သြဇာပေး၍ စေစားထိန်းကိုင်သည်
ရုပ်သေးကပြသည့်အခါတွင် ရုပ်သေးရုပ်များကို လိုသလို လှုပ်ရှားစေရန် အရုပ်ကြိုးကိုကိုင်၍ စေစားလှုပ်ရှား ပေးရသည်ဖြစ်ရာ၊ ထိုကဲ့သို့ တစ်စုံတစ်ဦး၏ အပြုအမူ အပြောအဆို စသည်ကို ထိန်းကိုင်စေစား၍ လိုရာပြုပြင် ပေးနေသောအခါ ကြိုးကိုင်သည်ဟုပင် တင်စား၍ သုံးနှုန်းကြသည်။

ကြိုးဆွဲသည်
သူတစ်ပါးကို ခြယ်လှယ်သည်
ဤစကားမှာ ရုပ်သေးပွဲတွင် ရုပ်သေးရုပ်ကလေးများကို လှုပ်ရှားစေရန် အရုပ်ကြိုးကို ကိုင်၍ လိုသလိုဆွဲပေးရသည်ဖြစ်ရာ ၎င်းကို ပမာပြု၍ တစ်စုံတစ်ဦးအား မိမိအလိုကျ ပြုမူစေရန် ခြယ်လှယ်စီမံခြင်းမျိုး၊ သြဇာအာဏာ လွှမ်းမိုးခြင်းမျိုးတို့ကို ကြိုးဆွဲသည်ဟု ဆိုကြသည်။

ကျွဲမြီးတိုသည်
စိတ်ဆိုးသည်
စိတ်ဆိုးသည်ကို မကြိုက်သော ယောက္ခမသည် သားမက်ကို စိတ်စမ်းလို၍ သားမက် လယ်ထွန်ရာသို့ ထမင်းပို့မြဲမပို့လျှင် သားမက်က စိတ်ဆိုးကာ ကျွဲမြီးကိုဖြတ်၍ မီးကင်စားလေရာ ယောက္ခမက စိတ်ဆိုး-မဆိုး မေးသည်တွင် စိတ်မဆိုးပါ၊ ကျွဲမြီးသာတိုပါသည်ဟု ပြန်၍ပြောသည့် ဒဏ္ဍာရီကိုစွဲ၍ စိတ်ဆိုးခြင်းကို အခြားစကားဖြင့် ပြောဆိုသုံးနှုန်းလိုရာ၌ ကျွဲမြီးတိုသည်ဟု ဆိုကြသည်။

ကျပ်ချွတ်
အသစ်စက်စက်
မီးပူ၊ မီးကြွေ မပေါ်ပေါက်သေးသော ရှေးအခါက ခေါင်းပေါင်းပုဝါ၊ ပုဆိုးစသည်တို့ကို ချပ်ရပ်စေရန် လိပ်တုံးတွင်ပတ်၍ နှိပ်ထားရလေသည်။ ထိုသို့ ပြုလုပ်ထားသည်ကို ကျပ်သွင်းသည်ဟုဆို၍၊ ထိုကျပ်မှ ချွတ်ခါစတွင် အ၀တ်အထည်သည် မ၀တ်ဆင်ရသေး၍ စန့်ပြန့် ချပ်ရပ်လျက် ရှိသည်ကို အကြောင်းပြု၍ အလွန်သစ်လွင်သည်ကို တင်စားသောအားဖြင့် ကျပ်ချွတ်ဟု သုံးနှုန်းသည်။ (အချို့က ကျပ်ခိုးချွတ်ကာစဟု ထင်မှားတတ်ကြသည်။)

ကြက်ခေါင်းဆိတ်ခံသည်
အနွံအတာခံသည်
တစ်စုံတစ်ရာ ထိပါးမှုဖြစ်လျှင် ကြက်က ဦးခေါင်းကို ဆိတ်ရုံမျှလောက် နာကျင်ထိခိုက်မှုမျိုးပင် ဖြစ်စေကာမူ၊ မခံမရပ်လိုသော အကဲဆတ်သူအား ကြက်ခေါင်းဆိတ်မခံဟု ဆိုကြသည်။ ထိုသို့မဟုတ်ဘဲ အနွံအတာခံသူ၊ သည်းခံတတ်သူတို့အား ကြက်ခေါင်းဆိတ်ခံသည်ဟု ဆိုကြသည်။

No comments:

Post a Comment

 
Web Statistics