သောင်းပြောင်းထွေလာ (၇)
မထင်မှတ်ဘဲ ခြေစွမ်းပြခဲ့သည့် အသင်းများ
ဥရောပချန်ပီယံဟောင်း ဂရိနဲ့ အာဖရိကထိပ်သီး နိုင်ဂျီးရီးယားတို့ကို ကျော်ဖြတ်ပြီး အုပ်စုဒုတိယနဲ့ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ အာရှအသင်း တောင်ကိုရီးယား၊ ဒိန်းမတ်နဲ့ ကင်မရွန်းကို အလဲထိုးနိုင်ခဲ့တဲ့ ရှုံးထွက်အဆင့်ရောက် ဂျပန်အသင်း၊ အီတလီကိုအနိုင်ယူပြီး သမိုင်းဝင်အောင်ပွဲ ဆင်နွှဲနိုင်ခဲ့တဲ့ ရှုံးထွက်အဆင့်ရောက် စလိုဗက်ကီးယား၊ တစ်ပွဲမှ အနိုင်မရခဲ့ပေမယ့် အုပ်စုအဖွင့်ပွဲစဉ်မှာ တစ်ကမ္ဘာလုံးက ဘရာဇီးလ်ပရိသတ်တွေကို ရင်တမမဖြစ်အောင် ခြေစွမ်းပြခဲ့တဲ့ မြောက်ကိုရီးယားအသင်း၊ သြစတြေးလျနဲ့ ဆားဘီးယားတို့ကို နောက်ကောက်ချပြီး ရှုံးထွက်မှသည် ကွာတားဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့တဲ့ အာဖရိကရဲ့ ဂါနာအသင်းတို့ကို ဒီနှစ်ကမ္ဘာ့ဖလားမှာ ဘောလုံးပရိသတ်တွေ အမှတ်ထင်ထင် ဖြစ်ခဲ့ကြလိမ့်မယ် ထင်ပါတယ်။
သောင်းပြောင်းထွေလာ (၈)ယခုနှစ်၏ အကြီးမားဆုံး ကမောက်ကမပွဲစဉ်များ
အိမ်ရှင် တောင်အာဖရိကအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ပြင်သစ်၏အရှုံး၊ ဂရိအသင်းကို နှစ်ဂိုးပြတ်ဖြင့် အနိုင်ရခဲ့သည့် အာရှအသင်း တောင်ကိုရီးယား၏နိုင်ပွဲ၊ တစ်ဂိုးစီ သရေကျခဲ့သည့် အင်္ဂလန်နှင့် အယ်လ်ဂျီးရီးယားပွဲစဉ်၊ ဆားဘီးယားအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ရသည့် ဂျာမနီ၏အရှုံး၊ ဒိန်းမတ်အသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ဂျပန်အသင်း၏ နိုင်ပွဲ၊ သုံးဂိုး-နှစ်ဂိုးဖြင့် အီတလီကို ပြိုင်ပွဲမှ ထွက်သွားစေခဲ့သည့် စလိုဗက်ကီးယား၏ အောင်ပွဲ၊ ဆွစ်ဇာလန်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် ဒူးထောက်ခဲ့ရသည့် စပိန်အသင်း၏အရှုံး၊ လေးဂိုး-တစ်ဂိုးဖြင့် ပြီးသွားခဲ့သည့် ဂျာမနီ-အင်္ဂလန်ပွဲ၊ ဘရာဇီးလ်အသင်းကို ပြိုင်ပွဲမှ နှင်ထုတ်လိုက်သည့် ဟော်လန်အသင်း၏ နှစ်ဂိုး-တစ်ဂိုးအောင်ပွဲ၊ လေးဂိုးပေးပြီး ဂျာမနီကို ပက်ပက်စက်စက် အရှုံးပေးလိုက်ရသည့် အာဂျင်တီးနားအသင်း၏ ရှုံးနိမ့်မှု စသည့်ပွဲစဉ်များသည် ယခုနှစ် ကမ္ဘာ့ဖလားတွင် ပရိသတ်များကို အံ့သြတကြီး ဖြစ်စေခဲ့သည့် ကမောက်ကမပွဲစဉ်များဟု ဆိုချင်ပါသည်။
သောင်းပြောင်းထွေလာ (၉)အတောက်ပဆုံး ကြယ်ပွင့်လေးများ

ဂျပန်အသင်းကစားခဲ့သည့် ပွဲစဉ်စုစုပေါင်း (၄)ပွဲတွင် ဟော်လန်အသင်းကို ရှုံးနိမ့်ခဲ့သည့် ပွဲမှလွဲ၍ ကျန်သုံးပွဲစလုံး (ကင်မရွန်း၊ ဒိန်းမတ်၊ ပါရာဂွေး)တွင် Man of the Match ရရှိခဲ့သော ဟွန်ဒါ၊ ဂျာမနီအသင်း၏ အောင်ပွဲများတွင် အဓိကနေရာမှ ပါဝင်ခဲ့ပြီး လေးဂိုးသွင်းယူထားသည့် မူလာ၊ သူနှင့်အတူ ဂျာမနီနိုင်ပွဲများအတွက် အတွဲအဖက်မိမိ ခြေစွမ်းပြ ကစားနိုင်ခဲ့သည့် အိုဇီးလ်၊ အုပ်စုပွဲစဉ်တွင် ဂျာမနီအသင်းကို ရှုံးနိမ့်ခဲ့သည့်ပွဲမှလွဲ၍ ကျန်ပွဲစဉ်တိုင်းတွင် တစ်ဂိုးစီ သွင်းယူနိုင်ခဲ့သည့် ဂါနာအသင်းအတွက် မရှိမဖြစ်တိုက်စစ်မှူး အဆာမိုဂီယန် (ဥရုဂွေးနှင့်ပွဲတွင် ပင်နယ်တီအဆုံးအဖြတ်၌ ကန်သွင်းယူခဲ့သည်)၊ ဂိုးသွင်းယူနိုင်ခြင်း မရှိသော်လည်း ယခုနှစ်ကမ္ဘာ့ဖလားတွင် မက္ကစီကိုအသင်းအတွက် အထူးခြေစွမ်းပြ ကစားပေးနိုင်ခဲ့သည့် ဒေါ့ဆန်းတို့စ်၊ ပါရာဂွေးအသင်းကို ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်မှလွဲ၍ ရှုံးထွက်အဆင့်အထိ ကျန်ပွဲစဉ်သုံးပွဲလုံးတွင် လေးဂိုးအထိ သွင်းယူနိုင်ခဲ့သော စလိုဗက်ကီးယားတိုက်စစ်မှူး ဗစ်တက်ခ်၊ ကစားခဲ့သည့် ခြောက်ပွဲတွင် ငါးဂိုးအထိ သွင်းယူထားနိုင်သည့် စပိန်အသင်း၏ ဂိုးသွင်းစက် ဒေးဗစ်ဗီလာ၊ ဥရုဂွေးအသင်း ဆီမီးဖိုင်နယ်အထိရောက်အောင် ဦးဆောင်ကစားပြီး ခြေစွမ်းပြနိုင်ခဲ့သည့် ဒီဂိုဖော်လန်၊ အာဂျင်တီးနားအသင်းနှင့်အတူ ဘောလုံးပရိသတ်များအတွက် ရင်ခုန်စွဲမက်ဖွယ် ကစားဟန်များကို ဖန်တီးပြခဲ့သူ မက်ဆီ စသည့်ကစားသမားများကို ယခုနှစ်ကမ္ဘာ့ဖလားတွင် အတောက်ပဆုံး ကြယ်ပွင့်လေးများအဖြစ် ကျွန်တော်ရွေးချယ်မိပါသည်။
ဆက်ပါဦးမည်။ အားလုံးပဲ ရွှင်လန်းချမ်းမြေ့နိုင်ကြပါစေ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လ ၉ ရက်၊ သောကြာနေ့။
ည ၁၀ နာရီ ၁၆ မိနစ်တွင်ပြီး၏။
No comments:
Post a Comment