ဟိုမရောက် ဒီမရောက်တွေ
ဒါက သဘာဝမို့ အထူးပြောစရာ မရှိပါဘူး။ ကိုယ်ကမနှစ်သက်ပေမယ့် နှစ်သက်သူလည်း ရှိမှာပေါ့။ နှစ်ခြိုက် သဘောကျလို့လည်း ရေးနေကြတာပဲ။ သူ့အကြောင်းနဲ့သူ ရှိပါလိမ့်မယ်။ ကိုယ်မနှစ်သက်တာလည်း အကြောင်းမဲ့သက်သက် အင်္ဂလိပ်စာ၊ အင်္ဂလိပ်ယဉ်ကျေးမှုကို မုန်းလို့မဟုတ်ပါဘူး။ မုန်းစရာလည်း မဟုတ်ပါဘူး။ အင်္ဂလိပ်စာကို မမုန်းသလို မြန်မာစာကို ချစ်လွန်းလို့လည်း မဟုတ်ပါဘူး။ သူလိုငါလိုထက် မပိုပါဘူး။ မုန်းတာက ဟိုလိုလို ဒီလိုလိုနဲ့ မြန်မာစာလည်းမဟုတ် အင်္ဂလိပ်စာလည်းမဟုတ်တဲ့ ဟိုမရောက် ဒီမရောက် စာမျိုးတွေဖြစ်တယ်။
မမှန်တဲ့ အင်္ဂလိပ်စကား
မြန်မာလိုရေးရင် မြန်မာစာ ပီသစေချင်သလို အင်္ဂလိပ်လိုရေးရင်လည်း အင်္ဂလိပ်စာ ပီသစေချင်တယ်။ ကမ္ဘာ့ဖလားပွဲ သတင်းရေးရာမှာToday match, Tomorrow match ရေးတာမျိုး မဖြစ်စေချင်ဘူး။ ဒီအရေးအသားက ယနေ့ပွဲ၊ နက်ဖြန်ပွဲဆိုတဲ့ မြန်မာစကားကို အဓိပ္ပာယ် ပြန်ရေးထားတာဖြစ်တယ်။အင်္ဂလိပ်စကား မဟုတ်ဘူး။ အင်္ဂလိပ်လိုရေးရင် Today's match, Tomorrow's match လို့ ရေးရမှာမဟုတ်လား။ မမှန်မကန် ရေးမယ့်အစား ယနေ့ပွဲ၊ နက်ဖြန်ပွဲလို့ မြန်မာလိုရေးလိုက်ရင် ဘာဖြစ်သွားမှာမို့လဲ။
အကြွားလွန်တော့ ရယ်စရာဖြစ်
တချို့ကျတော့လည်း မှန်တော့မှန်တယ်။ ဒါပေမယ့် မလိုအပ်ဘဲနဲ့ အင်္ဂလိပ်စာတွေ ထည့်ရေးလွန်းအားကြီးတော့ တတ်ကြောင်းသိပ်ကြွားချင်မှန်း သိသာပြီး လူရယ်စရာ ဖြစ်သွားတယ်။ သတင်းလို့ ရေးနိုင်ပါလျက်နဲ့ News လို့ ရေးလိုက်တာမျိုး၊ နည်းပညာ စက်မှုအတတ်ပညာလို့ ရေးရင်ဖြစ်လျက်နဲ့ တက္ကနော်လော်ဂျီလို့ ရေးလိုက်တာမျိုး၊ လူတိုင်း အလုပ်သမားလို့ ရေးနေတာကို 'လေဘာ'လို့ ရေးလိုက်တာမျိုးတွေပေါ့။ ဘိုလိုရေးချင်ပြီး အသံထွက်မမှန်တော့ ကိုယ်ညံ့တာ ထုတ်ကြွားသလို ဖြစ်နေတာမျိုးတွေလည်း အများကြီးရှိသေးတယ်။
အဲယားဝေးတဲ့လား
ထိုင်းလေကြောင်းလို့ ရေးလိုက်ရင် ပြီးနေတာကို ထိုင်းအဲယားဝေးလို့ ရေးလိုက်တော့ ကြည့်မကောင်းဘူး။ အိုင်ဒီယောလော်ဂျီ(ideology)ကို အိုင်ဒီအိုလော်ဂျီ၊ အီဒီအိုလော်ဂျီ စသဖြင့် ရေးလိုက်တော့လည်း ရယ်စရာဖြစ်သွားတယ်။ ရှေးက သဘောတရားတို့၊ အတွေးအခေါ် အယူအဆတို့ဆိုပြီး ဘာသာပြန်ခဲ့ကြလို့ (Socialist Ideology)ကို ဆိုရှယ်လစ်သဘောတရားလို့ ရေးခဲ့ကြ၊ နားလည်ခဲ့ကြပြီးသား မဟုတ်လား။ ထိုင်နေ အကောင်းသား၊ ထသွားမှ ကျိုးမှန်းသိ ဆိုသလို အကြွားလွန်ရင် ရယ်စရာဖြစ်တတ်တယ်။
အင်္ဂလိပ်စာတန်းထိုး ရုပ်ရှင်တွေ
စာနယ်ဇင်းတွေမှာသာ မဟုတ်သေးဘူး။ အခုတစ်လော မြန်မာရုပ်ရှင်တွေမှာပါ အင်္ဂလိပ်စာတန်းထိုးတွေ ဖက်ရှင်ဖြစ်လာတာ သတိထားမိတယ်။ အတော်များများက Today match ယနေ့ပွဲ ရေးသလိုမျိုး မြန်မာစကားကို အင်္ဂလိပ်အဓိပ္ပာယ် ပြန်ထားတာမျိုးတွေ ဖြစ်နေတာလည်း သတိထားမိပါတယ်။ မြန်မာတွေဖတ်ပြီး အတုယူမှားရင် မကောင်းသလို နိုင်ငံခြားသား ဖတ်မိရင်လည်း ကိုယ့်လူမျိုးကို အထင်သေးသွားစရာဖြစ်တယ်။ ကိန်းရုပ်ရှင်ပွဲတော်လို ပွဲကြီးကို သွားပြိုင်မှာမို့ အင်္ဂလိပ်စာတန်းထိုးတယ်ဆိုရင် နားလည်နိုင်သေးတယ်။ မြန်မာတွေကြည့်ဖို့ မြန်မာပြည်တွင်းမှာပဲ ပြနေကြတာတွေကို အင်္ဂလိပ်စာတန်းထိုးတာတော့ ကြွားချင်တာသက်သက်ပဲလို့ ကောက်ချက်ချမိတယ်။
ချက်အရက်က ၀ီစကီမဖြစ်ရ
အင်္ဂလိပ်စကားလုံးတွေထည့်ရေးတိုင်း အင်္ဂလိပ်စာတန်းတွေ ထိုးပြတိုင်း နိုင်ငံတကာအဆင့်မီ ဖြစ်သွားပြီထင်ရင်တော့ တော်တော်သနားစရာ ကောင်းတယ်လို့ ပြောရမှာပဲ။ ချက်အရက်ကို အင်္ဂလိပ်လိုရေးထားတဲ့ တံဆိပ်ကပ်ရောင်းရုံနဲ့ ၀ီစကီဖြစ်သွားတာမှ မဟုတ်တာ။ အရေးကြီးတာက ကိုယ့်ပစ္စည်း ကောင်းဖို့သာဖြစ်တယ်။ ကဗျာဆရာကြီး တဂိုးဟာ အင်္ဂလိပ်စာတတ်ပေတတ်ကြီး ဖြစ်တယ်။ တစ်ခါတလေမှာ အင်္ဂလိပ်လို ရေးလေ့ရှိတယ်။ ဒါပေမယ့် သူ့ကဗျာအများစုကို သူ့မိခင်ဘာသာစကား ဘင်္ဂါလီဘာသာနဲ့ပဲ ရေးပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ ဘာသာစကားတိုင်းလိုလိုနဲ့ တဂိုးရဲ့ ကဗျာတွေကို ဘာသာပြန်ယူကြပါတယ်။ ရုရှားဘာသာနဲ့ ရှိသလို တရုတ်ဘာသာနဲ့လည်း ရှိပါတယ်။
အင်္ဂလိပ်လို ရေးကြပါ
ကမ္ဘာကျော်စာရေးဆရာကြီး တော်လ်စတွိုင်းရဲ့ လက်ရာအားလုံးကိုလည်း ဘာသာပေါင်းစုံ ဘာသာပြန်ခဲ့ကြပါတယ်။ ဆရာကြီးက ရုရှားဘာသာနဲ့ပဲ ရေးခဲ့တာဖြစ်တယ်။ ကမ္ဘာတစ်ခွင်လုံး ပျံ့နှံ့ခဲ့တဲ့ ကားလ်မတ်ရဲ့ ကွန်မြူနစ်ဝါဒ ကျမ်းတွေလည်း ဂျာမန်ဘာသာနဲ့ ရေးခဲ့တာတွေချည်းပါပဲ။ ဒါတွေပြောတာက မြန်မာတွေ မြန်မာလိုပဲရေးကြ၊ တခြားဘာသာတွေနဲ့ မရေးကြနဲ့လို့ ပြောတာမဟုတ်ပါဘူး။ တခြားဘာသာတွေနဲ့ ရေးနိုင်ရင် အင်မတန်ကောင်းပါတယ်။ အင်္ဂလိပ်ဘာသာနဲ့က မြန်မာတွေ ပိုရင်းနှီးတော့ အင်္ဂလိပ်ဘာသာနဲ့ စာတွေရေးပြီး ထုတ်ကြပါ။ နိုင်ငံခြားက စာနယ်ဇင်းတွေမှာလည်း မြန်မာအကြောင်း ကမ္ဘာသိအောင် ရေးကြပါလို့ နှိုးဆော်ပါတယ်။
ဖျင်း ဖျင်းတယ်ပေါ့
ဝါးလုံးခေါင်းထဲ လသာသလို မြန်မာစာတွေထဲ အင်္ဂလိပ်စာလုံးတွေ ရောညှပ်ရေးနေတာလောက်နဲ့ ကျေနပ်မနေကြပါနဲ့။ မြန်မာစာ ရေးတဲ့အခါမှာ မြန်မာစာပီပီသသ ဖြစ်ဖို့လိုပါတယ်။ အင်္ဂလိပ်စာ ရေးတဲ့အခါမှာလည်း အင်္ဂလိပ်စာ ပီပီသသ ရေးကြစေချင်တယ်။ Today match ဆိုတာမျိုးကတော့ ရှက်စရာကောင်းတယ်။ လုံးဝမဖြစ်သင့်ဘူး။ မြန်မာက ဝေါဟာရ ခေါင်းပါးလို့ဆိုတဲ့ ဆင်ခြေက မခိုင်လုံဘူးဆိုတာလည်း လူတိုင်းသိပါတယ်။ ကိုယ့်ဟာကိုယ် ပျင်း ပျင်းတယ်၊ ဖျင်း ဖျင်းတယ်ပေါ့။
အဖော်အချွတ်နဲ့ ဂလိုဘယ်
ဂလိုဘယ်နဲ့ ကိုင်မပေါက်နဲ့။ ဘာမှမဆိုင်ဘူး။ အင်္ဂလိပ်စကားဟာ ကမ္ဘာသုံးစကား ဖြစ်တယ်ဆိုတာကို အငြင်းမပွားဘူး။ အင်္ဂလိပ်စကားပြောတာ အင်္ဂလိပ်စာရေးတာကို ကဲ့ရဲ့ပြစ်တင်နေတာလည်း မဟုတ်ဘူး။ အင်္ဂလိပ်စာလည်း မဟုတ်၊ မြန်မာစာလည်း မပီသတဲ့ တောင်မရောက်၊ မြောက်မရောက်၊ ကကတစ်စာ အရေးအသားမျိုးတွေ မဖြစ်ဖို့သာ ပြောတာ။ ခုခေတ်က ထစ်ကနဲဆို ဂလိုဘယ်နဲ့ ကိုင်ပေါက်ချင်နေကြတာ။ အဖော်အချွတ် ၀တ်စားဆင်ယင် ကြသူများကလည်း ဂလိုဘယ်ယဉ်ကျေးမှုတို့၊ ခေတ်ရေစီးကြောင်းတို့၊ နိုင်ငံတကာအဆင့်မီတို့ဆိုတဲ့ စကားမျိုးတွေ သိပ်ပြောကြတယ်။ ဘာမှမဆိုင်ဘူး။ တခြားစီပဲ။ သူတို့ အတူယူနေကြတဲ့ ဂလိုဘယ်ယဉ်ကျေးမှု ဆိုတာတွေက အစစ်အမှန် အနောက်တိုင်းယဉ်ကျေးမှု ဓလေ့ထုံးစံတွေ မဟုတ်ပါဘူး။ ခေတ်ပျက်မှာ ဗရုတ်သုက္ခနဲ့ ထွက်ပေါ်လာတဲ့ ယဉ်ကျေးမှုပျက်တွေသာ ဖြစ်တယ်။
မြန်မာမှုပြုရမယ်
နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် "စုတုပြု" လုပ်ရမှာပဲ။ အတုခိုးစရာတွေကို အတုခိုးရမှာပဲ။ ဒါပေမယ့် မူရင်းအစစ်အမှန်တွေကို အတုခိုးကြရမှာပါ။ အတုအယောင်အပျက်တွေကို အတုခိုးရမှာ မဟုတ်ပါဘူး။ အတုယူသင့်တာတွေကို အတုယူပြီး ကိုယ့်တိုင်းပြည်ရဲ့ ရေမြေသဘာဝ၊ ကိုယ့်လူမျိုးရဲ့ ဓလေ့စရိုက်တွေနဲ့ လိုက်လျောညီထွေဖြစ်အောင် "မြန်မာမှုပြု" ပြီး ယူရမှာဖြစ်တယ်။ မြန်မာပြည်ဆိုတာ ကမ္ဘာပေါ်မှာ လူဦးရေအများဆုံး နိုင်ငံကြီးနှစ်ခုကြားမှာ တည်ရှိနေတဲ့ နိုင်ငံသေးသေးလေးတစ်ခုသာ ဖြစ်တယ်ဆိုတဲ့အချက်ကို ကျွန်တော်တို့ မေ့ထားလို့မရပါဘူး။ စာပေနဲ့ ယဉ်ကျေးမှုကို ၀ါးမျိုခံမသွားရအောင် သတိကြီးစွာ ထားနေကြရပါမယ်။ စာပေနဲ့ယဉ်ကျေးမှု ပျောက်ကွယ်သွားရင် လူမျိုးပါ ကွယ်ပျောက်သွားမှာ ဖြစ်ပါတယ်။
No comments:
Post a Comment