အာဇာနည်နေ့ဆိုလျှင် ၀မ်းနည်းယူကျုံးမရစရာ၊ တမ်းတလှိုက်မောစရာ နေ့တစ်နေ့အဖြစ် မြန်မာနိုင်ငံသူ နိုင်ငံသားတို့ မှတ်ယူထားကြသော်လည်း ထိုနေ့က ပေးခဲ့သည့် သင်ခန်းစာကိုမူ မေ့လျော့ထားပုံ ပေါက်နေပေသည်။
"အာဇာနည်နေ့" သည် မြန်မာ့လွတ်လပ်ရေးကို ကြိုးပမ်းရာတွင် ရှေ့တန်းမှ ဦးဆောင်ခဲ့သည့် ပုဂ္ဂိုလ်ကြီးများ လွတ်လပ်ရေးကြိုးပမ်းနေစဉ် ရလုရခါနီးတွင် အသက်ပေးသွားသည်ကို အထိမ်းအမှတ်ပြုလုပ်ထားခြင်းဖြစ်ရာ ထိုနေ့သည် သာမန်အများပြည်သူ အလုပ်ပိတ်ရက်တစ်ရက်ထက် ပိုလွန်ထူးခြားပါသည်။
မိမိနိုင်ငံကို လိုချင်မက်မောသောကြောင့် သိမ်းပိုက်ထားခဲ့သည့် နယ်ချဲ့တို့လက်အောက်မှ လွတ်မြောက်ရန် ကြိုးပမ်းမှုတိုင်းတွင် စွန့်လွှတ်အနစ်နာခံရသည့် ပုဂ္ဂိုလ်များစွာ ရှိမြဲဖြစ်ရာ အသက်သွေးချွေး စတေးခဲ့ရသည့် အညတရပုဂ္ဂိုလ်များနှင့်ပါ အာဇာနည်နေ့သည် သက်ဆိုင်ပါသည်။
လူဆိုသည်မှာ အတ္တရှေ့ဆောင်မြဲဖြစ်ရာ ပရခေါ် အများအကျိုးကို ဦးထိပ်ထားသည့် ပုဂ္ဂိုလ်များသည် ရှားပါးလှသော်လည်း ထိုပုဂ္ဂိုလ်များကြောင့် လူ့ဘောင်သည် ကမ္ဘာသက်တမ်းနှင့်ယှဉ်လျှင် မပြောပလောက်သည့် ကာလအတွင်း မမှတ်မိလောက်အောင် တိုးတက်လာခြင်းဖြစ်သည်။
"အာဇာနည်နေ့" သည် မိမိနိုင်ငံ၊ မိမိလူမျိုးအတွက် အသက်ကိုပင်ပေးကာ စွန့်လွှတ်သွားသောသူများကို ဂုဏ်ပြုထားခြင်းဖြစ်ပြီး ထိုသူတို့လောက် မစွန့်လွှတ်နိုင်သည့်တိုင် မိမိနိုင်ငံ၊ မိမိလူမျိုးအကျိုးကို တတ်အားသမျှ ၀င်ရောက်ပံ့ပိုးရန် သတိပေးနေခြင်းဖြစ်သည်။
အာဇာနည်နေ့တွင် ခေါင်းဆောင်ကြီးများ ကျဆုံးသောကြောင့် တစ်တိုင်းပြည်လုံး ကြိမ်မီးအုံးကာ ပူဆွေးကြသော်လည်း များမကြာမီတွင်ပင် လွတ်လပ်ရေးရပြီးစ မြန်မာနိုင်ငံတွင် ဂိုဏ်းဂဏအုပ်စုများ ကွဲပြားကာ လွတ်လပ်ရေးကြိုးပမ်းခဲ့သည့် ရဲဘော်ရဲဘက်အချင်းချင်း ရန်ဘက်အဖြစ် အပြန်ပြန်အလှန်လှန် တိုက်ခိုက်ခဲ့ကြသောကြောင့် တိုင်းပြည်ကြေမွခဲ့ပေသည်။
သဘောထားမတူကြသော်လည်း ဘုံအကျိုးစီးပွားဖြစ်သည့် နိုင်ငံအကျိုး၊ မိမိလူ့အဖွဲ့အစည်း အကျိုးအတွက် လက်တွဲလုပ်ကိုင်ခြင်းသည် အောင်မြင်သော လူ့အဖွဲ့အစည်းများ၏ စရိုက်လက္ခဏာဖြစ်သော်လည်း ထိုသို့ လွတ်လပ်ရေးနှင့် ဖွားဘက်တော်အဖြစ် မွေးဖွားခဲ့သော ပဋိပက္ခများသည် ခေါင်းဆောင်ကြီးများ ကျဆုံးအပြီး ၆၃ နှစ် အကြာတွင်ပင် ရှိနေသေးပြီး မြန်မာနိုင်ငံကို ရှိသင့်သည်ထက် များစွာနိမ့်ကျသည့် အခြေအနေသို့ တွန်းပို့ခဲ့သည့် အဓိကအကြောင်းရင်းတစ်ရပ် ဖြစ်နေပေသည်။
အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဆန္ဒမှာ ကမ္ဘာ့အလယ်တွင် မြန်မာနိုင်ငံ ထည်ထည်ဝါ၀ါ ရပ်တည်နိုင်ရေးဖြစ်ရာ သူတို့ကို နှမြောတသ လွမ်းဆွတ်နေရုံမျှဖြင့် မပြီးဘဲ သူတို့အလိုကျ နိုင်ငံတည်ဆောက်ရေးတွင် အုတ်တစ်ချပ်၊ သဲတစ်ပွင့် ပါဝင်ခြင်းသည် အာဇာနည်ကြီးများကို အကောင်းဆုံး ဂုဏ်ပြုခြင်းပင် ဖြစ်ပေတော့သည်။
Monday, July 19, 2010
အာဇာနည်နေ့
အယ်ဒီတာ (၁၂-၇-၂၀၁၀)
Posted by Ko Nyan Posted Time 1:43 PM
Labels စာအုပ်မှတ်စုများ, အထိမ်းအမှတ်နေ့များ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment