ဘလော့ဂ်နှင့်ပတ်သက်၍
ကျွန်တော့်ရဲ့ မြန်မာ့သွေးဘလော့ဂ်ကို လာရောက်ဖတ်ရှုကြသူတွေအနက် အချို့တွေက နောက်ခံအရောင်ကို ပြောင်းပါလားလို့ အကြံပေးကြတယ်။ အနက်ရောင်ဖြစ်နေတော့ စာအကြာကြီးဖတ်တဲ့အခါ အနှောင့်အယှက် ဖြစ်ရတယ်လို့ ဆိုတယ်။ စီဘောက်မှာလည်း အကြံပြုကြတယ်၊ ကွန်းမန့်တွေမှာလည်း ရေးပေးကြတယ်၊ ပုံမှန်ဖတ်နေကျ အပြင်က သူငယ်ချင်းတွေကလည်း ပြောကြတယ်။ သူငယ်ချင်းတစ်ယောက်ကဆိုရင် ဘာပြောလဲဆိုတော့ "မင်း ဘလော့ဂ်က underground website လိုလို၊ ဘာလိုလိုနဲ့" တဲ့။ ရော်... ခက်ချေပြီ။ အနက်ရောင်လို့ ဆိုလိုက်တာနဲ့ ဘာကြောင့်များ အနုတ်သဘောတွေကိုပဲ ပြေးမြင်နေကြပါလိမ့်။ ဘယ်သူ့ကိုမှလည်း ပြန်မဖြေရှင်းဖြစ်၊ ပြင်လည်းမပြင်ဘဲ ထားလေတော့ စာဖတ်သူတွေကို လျစ်လျူရှုပြီး ဥပေက္ခာပြု ဂရုမစိုက်ဘူး ဆိုတဲ့ပုံစံများ ဖြစ်နေသလားလို့လည်း တွေးနေမိတယ်။ အချို့တွေကတော့ ဒီအတိုင်းပဲ ကောင်းပါတယ်တဲ့။ အနက်ရောင်ပေါ်မှာ အဖြူရောင်စာလုံးနဲ့ ဖတ်ရတာဟာ အဆင်ပြေပါတယ်တဲ့။ မိတ်ဆွေတစ်ယောက် ပြောတဲ့စကားလေးကိုတော့ သဘောကျမိသားဗျ။ "မပြောင်းပါနဲ့ဗျာ၊ မြန်မာ့သွေးဘလော့ဂ် ဆိုလိုက်တာနဲ့ အခြားဘလော့ဂ်တွေနဲ့ မတူခြားနားတဲ့ ဒီပုံစံလေးကိုပဲ မျက်စိထဲမှာ ပြေးမြင်ပြီးသား ဖြစ်နေပြီဗျ" တဲ့။ အင်း... ဟုတ်တော့လည်း ဟုတ်ပေသားဗျ။ ဒီနောက်ခံ၊ ဒီစာလုံး၊ ဒီပုံစံနဲ့ ခရီးဆက်လာတာ အတော်ကြာခဲ့ပြီကိုး။ ကဲပါဗျာ... ဒီနေရာကနေပဲ တစ်လက်စတည်း ပြောပါရစေ။ ကျွန်တော့်ဘလော့ဂ်ကို နောက်ခံအနက်ရောင်ကနေ မပြောင်းပေးနိုင်တာကို နားလည်ပေးကြပါ။ အကြောင်းပြချက်တွေဘာတွေ ရှိလို့ရယ်တော့ မဟုတ်ပါဘူး။ မညာတမ်းဝန်ခံရရင် ကျွန်တော်ကိုယ်တိုင်ကိုက ဒီပုံစံ၊ ဒီအရောင်လေးတွေကိုပဲ သဘောကျနေမိလို့ပါ။ မျက်မှန်သမားတွေနဲ့ မျက်စိအားနည်းတဲ့ စာချစ်သူတွေအတွက်တော့ မြန်မာ့သွေးဘလော့ဂ်မှာ စာလာဖတ်ရတာ အနှောင့်အယှက်ဖြစ် ပင်ပန်းရတယ်ဆိုရင် ၀မ်းနည်းပါကြောင်းခင်ဗျား။
ရှာမှရှားတဲ့ စာအုပ်
တစ်နေ့က သူငယ်ချင်းနေလွင် မန္တလေးသွားတဲ့အတွက် ဆရာမောင်ဝံသရဲ့ ဆောင်းပါးပေါင်းချုပ်စာအုပ် မှာလိုက်တယ်။ ကျွန်တော်တို့မြို့လေးက စာအုပ်ဆိုင်တွေမှာ လိုက်မေးတာ ဘယ်ဆိုင်မှာမှ မတင်တဲ့အတွက်ဆိုပါတော့။ သူတို့မတင်တာပဲ ခပ်ကောင်းကောင်းပါ။ ဘာကြောင့်လဲဆိုတော့ သူငယ်ချင်းက အဲဒီစာအုပ်ကို ၀ယ်လာတဲ့အချိန်မှာ စာအုပ်မှာရေးထားတဲ့ ဈေးနှုန်းအတိုင်း ရခဲ့လို့ပါပဲ။ သူကိုယ်တိုင် အံ့သြနေသလို၊ ကျွန်တော်လည်း အံ့သြရပါတယ်။ စာအုပ်တွေမှာ ရေးထားတဲ့ ဈေးနှုန်းအတိုင်း၊ ဂျာနယ်တွေမှာ ဖော်ပြထားတဲ့ ဈေးနှုန်းအတိုင်း ၀ယ်ပြီးဖတ်ခဲ့ဖူးတာ မရှိသလောက်မို့ပါ။ အနည်းဆုံးတော့ ၂၀၀ ကျပ်ဖြစ်စေ၊ ၃၀၀ ကျပ်ဖြစ်စေ တင်ပြီးမှ ရောင်းလေ့ရှိပါတယ်။ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေက လူတွေကတော့ စာအုပ်ဆိုင်ကြီးတွေမှာ မူရင်းဈေးအတိုင်း ၀ယ်နိုင်ကြမလား မဆိုနိုင်ဘူး။
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
မောင်ဝံသ
ရှာမှရှားတဲ့ နိုင်ငံရေးသမားနှင့် နိုင်ငံရေးဆောင်းပါးများ
ပထမအကြိမ်၊ မေလ၊ ၂၀၁၀
တန်ဖိုး - ၄၅၀၀ ကျပ်
အုပ်ရေ - ၁၀၀၀
ဖြန့်ချိရေး - ဒေါင်းစာပေ၊ ၁၁၃၊ ၃၃ လမ်း (အလယ်လမ်း)၊ ကျောက်တံတား၊ ရန်ကုန်။
ထုတ်ဝေသူ - ဒေါ်သင်းသင်းမွန် (၀၄၂၃၂)၊ သင်းစာပေ၊ ၁၀၊ ရတနာမြိုင်လမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်။
စာမူခွင့်ပြုချက်အမှတ် - ၃၁၀၀၀၇၀၁၁၀၊
မျက်နှာဖုံးခွင့်ပြုချက်အမှတ် - ၃၁၀၀၂၀၀၃၁၀
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
စာအုပ်မှာ အပိုင်း(၉)ပိုင်းပါတယ်။ (၁) မြန်မာ့နိုင်ငံရေးသမား ရုပ်ပုံလွှာ၊ (၂) မြန်မာ့နိုင်ငံရေး အတွေးအမြင်၊ (၃) မြန်မာ့နိုင်ငံရေးမြင်ကွင်း၊ (၄) ကမ္ဘာ့နိုင်ငံရေးသမား ရုပ်ပုံလွှာ၊ (၅) ကမ္ဘာ့နိုင်ငံရေး အတွေးအမြင်၊ (၆) ကမ္ဘာ့နိုင်ငံရေးမြင်ကွင်း၊ (၇) စာနယ်ဇင်းအတွေးအမြင်၊ (၈) နိုင်ငံတကာ ဒီမိုကရေစီအသွင်ကူးပြောင်းရေး အတွေ့အကြုံများ၊ (၉) ရောင်စုံအတွေးအမြင် တို့ ဖြစ်ကြပါတယ်။
လောလောဆယ်တော့ အပိုင်း(၁)နဲ့ အပိုင်း(၂)က တစ်ဝက်လောက်ပဲ ဖတ်လို့ပြီးသေးတယ်။ အခုလို စုစည်းထားပုံကို သဘောကျမိတယ်။ အခြားသော ဆောင်းပါးပေါင်းချုပ်တွေ အများကြီးကို ဖတ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အခုဒီစာအုပ်ကို ဖတ်ရတဲ့အချိန်မှာ ဆောင်းပါးဖတ်နေရတယ်လို့ စိတ်ထဲမထင်မိဘူး။ နိုင်ငံရေးသမိုင်းစာအုပ်ကို ဖတ်နေရသလိုပဲ။ ကျွန်တော်ဖတ်ပြီးသလောက်နဲ့ ပေးတဲ့မှတ်ချက်မို့ မှန်ချင်မှလည်း မှန်ပါလိမ့်မယ်။ အပိုင်း(၁)ကို ဖတ်ပြီးတဲ့အချိန်မှာ ကျွန်တော်ပေးလိုက်ရတဲ့ ၄၅၀၀ ကျပ်အတွက် တန်သွားပြီလို့ သတ်မှတ်လိုက်ပါတယ်။ နောက်အပုဒ်တွေမှာ ဘာတွေများ ရေးထားမှာပါလိမ့်ဆိုပြီး သိချင်၊ ဖတ်ချင်စိတ်က အဲဒီစာအုပ်ကို ကိုယ်နဲ့မကွာ သွားလေရာကို ယူသွားရတဲ့အထိပါပဲ။ လဘက်ရည်ဆိုင်မှာ အချိန်ရသလောက် ထုတ်ဖတ်ဖြစ်တယ်၊ ရုံးဆင်းချိန်ပြန်လာတဲ့အခိုက် ခဏနားခိုက်မှာလည်း ကောက်လှန်မိတယ်။၊ ညအိပ်ရာဝင်ခါနီးတဲ့အထိ စားပွဲတင်မီးအိမ်ဖွင့်ပြီး ခြင်ထောင်ထဲကို ယူဖတ်ရတဲ့အထိပါပဲ။ တကယ်ဆိုရင် ကျွန်တော့်စိတ်ကူးက နှစ်ရက်၊ သုံးရက်ဖြစ်ဖြစ် သီးသီးသန့်သန့် အချိန်ပေးပြီး တစ်ထိုင်တည်း ဖတ်ချင်တာပါ။ ဒါပေမယ့် အခြေအနေ မပေးတဲ့အတွက် ကြုံသလိုပဲ ဖတ်နေရတယ်။
အကြံပေးချင်တာက ဖြစ်နိုင်ရင်တော့ အဲဒီစာအုပ်ကို အပိုင်ဝယ်ပြီး ဖတ်ကြည့်ကြစမ်းပါဗျာ။ တကယ်ကို သိသင့်သိထိုက်တဲ့ နိုင်ငံရေးသမိုင်း ကွင်းဆက်တွေကို သိခွင့်၊ ဖတ်ခွင့်ရမှာပါ။ အထူးသဖြင့် ကျွန်တော်တို့လို ရှေ့ပိုင်းတွေကို မမီလိုက်တဲ့ လူလတ်ပိုင်းတွေအတွက် တကယ့်ကို စိတ်ဝင်စားစရာ စာအုပ်တစ်အုပ်ပါပဲ။ ကောင်းရာမွန်ရာလေးတွေကို ပြန်တင်ပေးချင်သားဗျာ။ ပါးစပ်က ကျွန်တော်ရွတ်လိုက်လို့ စာလုံးအဖြစ်နဲ့ ကွန်ပျူတာမှာ ပေါ်လာမယ်ဆိုရင်လည်း အကောင်းသားဗျ။ အခုတော့ ကျွန်တော့်စိတ်ကူးကို ကျွန်တော့်လက်ကလေးက မလိုက်နိုင်ဘူးဗျ။ ပြန်လည်ဝေငှချင်တာကများပြီး ရိုက်နိုင်တဲ့လက်က နှစ်ဖက်တည်းရှိတာဆိုတော့လည်း.... သိတဲ့အတိုင်းပေါ့ဗျာ။ ကျွန်တော်တတ်နိုင်သလောက်တော့ တင်ပေးပါဦးမယ်။ အရင်ဆုံးတော့ အဲဒီစာအုပ်ကို ပြီးအောင်ဖတ်ပါရစေဦး။
ပြည်သူ့ခေတ်ဂျာနယ်
မထွက်ခင်ကတည်းက စိတ်ဝင်စားခဲ့ရတဲ့ ဂျာနယ်တစ်ခုပါ။ ဆရာမောင်ဝံသထုတ်မယ်၊ ဆရာဖေမြင့်က အယ်ဒီတာချုပ်တဲ့။ ကဲ.. ဘယ်လောက်များ စိတ်ဝင်စားဖို့ကောင်းသလဲ။ ဆရာမောင်ဝံသဆိုတာက ရှေ့မီနောက်မီ နိုင်ငံရေးသမား၊ စာတွေကို စက်နဲ့ရိုက်သလို တရစပ်ရေးနေတဲ့သူ၊ ဆရာဖေမြင့်က (ကျွန်တော်တို့အခေါ်) တက်ကျမ်းတွေ အရေးများတဲ့သူ၊ စိတ်ဓာတ်မြှင့်တင်ရေး၊ စိတ်ခွန်အား၊ အောင်မြင်ရေး စတဲ့ကဏ္ဍတွေနဲ့ တွဲဖက်ပြီး သိထားကြတယ်။ ရသစာရေးဆရာလို့လည်း ဆိုနိုင်လောက်သူလို့ ကျွန်တော်ထင်တယ်။ သူရေးတဲ့စာတွေကို ဖတ်ပြီးတဲ့အချိန်မှာ ရင်ထဲမှာ တစ်ခုခုခံစားပြီး ကျန်ခဲ့ရတာတော့ အမှန်ပါပဲ။ အဲဒီနှစ်ယောက်ပေါင်းပြီး ပြည်သူ့ခေတ်ဂျာနယ် ထွက်လာမယ်ဆိုတော့ ဘယ်လောက် စိတ်ဝင်စားဖို့ကောင်းသလဲ။
ကြာသပတေးနေ့ကတော့ အံ့သြစွာပဲ အတွဲ-၁၊ အမှတ်-၁ ကို ဖတ်ခွင့်ရလိုက်တယ်။ ဂျာနယ်အသစ်ထွက်ရင် ကျွန်တော်တို့နယ်မြို့တွေကို ချက်ချင်းရောက်တာ ရှားပါတယ်။ လူကြိုက်များတယ်ဆိုမှ အမှတ်စဉ် ၂၊ ၃၊ ၄ စသည်ဖြင့်ကျမှ ရောက်လာတတ်တာမျိုး၊ ဆိုင်မှာတင်တတ်တာမျိုးပါ။ ဒါပေမယ့် ပြည်သူ့ခေတ်ကိုတော့ အတွဲ-၁၊ အမှတ်-၁ ကတည်းက ဖတ်ခွင့်ရလိုက်တယ်။ ပျော်လိုက်သည့်ဖြစ်ခြင်း။
ပြည်သူ့ခေတ်ရဲ့ အဆင်အပြင်၊ စာရွက်သား၊ ဒီဇိုင်းဟာ အခြားဂျာနယ်တွေနဲ့ မတူတာတော့ အမှန်ပဲ။ အခြားဂျာနယ်တွေထက် ဆိုဒ်သေးတဲ့အပြင်၊ မျက်နှာဖုံးကလည်း ထင်းခနဲမရှိဘဲ ဖျော့တော့တော့ မှိန်တိန်တိန် ဖြစ်နေတယ်လို့ မြင်မိတယ်။ စာမျက်နှာ-၂ မှာ ဖော်ပြထားတဲ့ ယခုအပတ် ဖတ်စရာဆိုတဲ့ မာတိကာအညွှန်းလေးကိုတော့ အရမ်းသဘောကျတယ်။ ကောင်းပေစွ၊ ကောင်းပေစွ။ ကမ္ဘာကျော်မိန့်ခွန်းထဲက ကမ္ဘာကျော်စာသားတွေဖြစ်တဲ့ "of the people, by the people, for the people" ဆိုတဲ့ စကားလုံးတွေကို ပြည်သူ့ခေတ်ဆိုတဲ့ လိုဂိုအောက်မှာ ထည့်ပေးထားတာ တွေ့ရတယ်။ သူတို့ဂျာနယ်ရဲ့ ဆောင်ပုဒ်ဟု ပြောရမည်လား မဆိုနိုင်။ စာလုံးတွေကို ရှင်းရှင်းလင်းလင်း ဖတ်နိုင်သည့်အတွက်တော့ ချီးကျူးမိသည်။ သို့သော် စာလုံးပေါင်းအမှားတွေက စိတ်ညစ်စရာဖြစ်သည်။
ဂျာနယ်တစ်စောင်လုံးမှာ ဖတ်စရာတွေက အပြည့်ဖြစ်သည်။ ဖတ်ချင်စရာ၊ သိချင်စရာ၊ စိတ်ဝင်စားစရာတွေချည်းပဲ။ တစ်ခုပဲ စိုးရိမ်မိသည်။ စာမူရှင်များသည် ဒီလူတွေချည်းပဲ ဖြစ်နေခြင်းဖြစ်သည်။ ဆိုလိုတာက ဟိုဂျာနယ်မှာလည်း သူတို့၊ ဒီဂျာနယ်မှာလည်း သူတို့စာတွေချည်း ဖြစ်နေသည့်အတွက် ရေရှည်မှာ အကြောင်းအရာထပ်တာတွေ၊ ဆင်တူရိုးမှားတာတွေ ဖြစ်လာလေမလားဆိုသည့်အချက်။ နောက်တစ်ခုက ဒီစာရေးဆရာကြီးတွေ မရေးနိုင်သည့် အမှတ်စဉ်တွေမှာ ဘယ်လိုဖြေရှင်းမလဲဆိုသည့် အချက်တစ်ချက်။ အခုဂျာနယ်မှာကိုပဲ ဆရာဖေမြင့်ရေးတဲ့စာတွေ အများကြီးပါနေသည်။ မကောင်းမဟုတ်ပါ၊ အားလုံးကောင်းပါသည်။ သို့သော် ဂျာနယ်တစ်စောင်လုံးမှာ အယ်ဒီတာချုပ်ရဲ့စာက လေးပုံတစ်ပုံလောက် ပါနေတာမျိုးကတော့ လူပြောစရာဖြစ်မည်ထင်သည်။ ကျွန်တော်တို့ စာဖတ်သူကတော့ လေးပုံတစ်ပုံမကလို့ ရာနှုန်းပြည့်ပဲပါပါ အဖိုးတန်သည့်စာ၊ အနှစ်သာရရှိသည့်စာကို ဖတ်ရဖို့ပဲဖြစ်သည်။ စာကောင်းဖြစ်ဖို့သာ အဓိက၊ ကျန်တာအရေးမကြီး။ သို့သော်.. သို့သော်... စာဖတ်သူတွေချည်းမဟုတ်ဘဲ အခြားကြည့်စရာတွေ၊ ဂရုစိုက်စရာတွေ ရှိနေသေးသည်ကို ဒီဆရာတွေ မသိစရာအကြောင်းမရှိ။ ဆရာလုပ်တာမဟုတ်ပါ၊ စိတ်ပူပန်စွာဖြင့် ပြောဆိုမိခြင်းပါ။
ဂျာနယ်အမှတ်စဉ်(၁)ကို အခုလို ကလောင်အင်အားကောင်းကောင်း၊ စာမူကောင်းကောင်းများဖြင့် အစွမ်းကုန်ခြယ်သကာ ပြင်ဆင်ပြီး ထွက်လာသည့်အတွက် နောက်အမှတ်စဉ်တွေမှာ ပြောစရာဖြစ်လာသည်။ ဒီစံကို မမီတော့ရင် ပြောကြတော့မည်။ သေချာသည်ကတော့ အမှတ်စဉ်(၁)သည် ပြောစရာမရှိ။ ပထမဆုံးနှင့်မတန်အောင်ပင် ကောင်းလွန်းနေသည်။ ကျွန်တော့်အမြင်ပြောရလျှင် ဆရာဖေမြင့်၏ နှစ်ရှည်လများ နိုင်ငံရေးမှတ်စုတွေဖြင့် အမှတ်စဉ် (၄) (၅) လောက်အထိ ဒီအတိုင်း ထိန်းထားနိုင်လိမ့်မည်ထင်သည်။ နောက်ပိုင်းအမှတ်စဉ်တွေမှာ ပုံစံကွဲလာနိုင်သည်ဟု မြင်မိသည်။ ကျွန်တော့်အထင်၊ ကျွန်တော့်အတွေးသက်သက်ပါ။ အဖိုးတန်စာတွေ ဖတ်ခွင့်ရနိုင်မည် ဖြစ်သည့်အတွက် ပြည်သူ့ခေတ်ဂျာနယ်ကို ကြိုဆိုလိုက်ရပါသည်။ စာဖတ်ပရိသတ်များအတွက် အရည်အသွေး လျော့မသွားဘဲ ကောင်းသထက်ကောင်းအောင် စီစဉ်ဆောင်ရွက် နိုင်ကြပါစေကြောင်းလည်း ဆန္ဒပြုလိုက်ပါသည်။
အားလုံးကို ကျေးဇူးတင်ပါသည်။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၀ ရက်၊ စနေနေ့။
ညနေ ၄ နာရီ ၀၆ မိနစ်တွင်ပြီး၏။
ကိုဉာဏ်ခင်ဗျား...
ReplyDeleteသောင်းပြောင်းထွေလာ ပို့စ်မှာ သောင်းပြောင်းထွေလာ ကွန်မန့်များ ပေးချင်ပါတယ်ဗျ။
၁) နောက်ခံအရောင် ပြောင်းဖို့အကြုံပြုတဲ့ အထဲမှာ ကျွန်တော်လည်း ပါလို့ အားတောင်နာမိပါတယ်ဗျာ။ တကယ်တော့ ကျွန်တော်လည်း မျက်စိအားမကောင်းသူထဲက တစ်ယောက်မို့ ကြာကြာဖတ်ရင်၊ များများဖတ်ရင်ေ၀၀ါးလာတာကတော့ အမှန်ပါပဲ။ ဒါပေမယ့် တစ်ပုဒ်၊ နှစ်ပုဒ်လောက်ပဲ ဖတ်ရင်တော့ အဆင်ပြေပါတယ်။ လူ့အလိုကို နတ်မလိုက်နိုင် လို့တောင် အဆိုရှိတာမို့ နားလည်ပါတယ်ဗျ။ အဖိုးတန်တဲ့စာတွေ၊ စဉ်းစားစရာ တိုးစေမယ့်စာတွေကို အချိန်ကုန်ခံပြီး ထပ်ဆင့် ဖြန့်ဖြူးပေးနေလို့ ဒီမှာ စာလာဖတ်ရတာ ဘယ်လာအနှောက်အယှက်ဖြစ်ရမှာလဲဗျ။ ကိုယ့်မျက်စိ ကိုယ်သာ အားမရတာပါ။
၂) ကိုဉာဏ် ညွှန်းတဲ့ ဆရာမောင်ဝံသရဲ့ စာအုပ်ကို ကျွန်တော်ကတော့ Myanmar Book Shop ကနေ (ပို့ခမပါ) ၆ ဒေါ်လာနဲ့ ၀ယ်ပြီး ဖတ်နေတာ နှစ်ပတ်လောက် ရှိပြီဗျ။ သဘောလဲကျ၊ ၀ယ်ရဖတ်ရတာ တန်တဲ့ စာအုပ်လို့ ထပ်ပြောရမှာပါပဲ။ ကျွန်တော်လည်း တစ်ပုဒ်ဖတ်လိုက် တွေးလိုက်နဲ့ အခုတလော အတော့်ကို အရသာရှိနေတယ်ဗျာ။ ဆရာက Reference လည်း ထည့်ပေးထားတော့ အချို့စာတွေဆို အင်္ဂလိပ်လို မူရင်းစာတွေပါ ရှာပြီး ပြန်ဖတ်မိနေပါတယ်။ နိုင်ငံတကာရေးရာတွေမှာ Wikipedia ကို ကိုးကားရေးထားတဲ့ ဆောင်းပါးအချို့ ရှိပေမယ့်၊ ယေဘုယျအားဖြင့် ဖတ်ရှုသူတွေကို သုတ၊ ရသ၊ တွေးစရာ အများကြီး ပေးတဲ့ စာအုပ်ကောင်းလို့ ထပ်လောင်းဆိုရမှာပါ။ (academic နယ်ပယ်မှာတော့ Wiki ကို နားလည်သဘောပေါက်အောင်သာ ဖတ်ရှုခွင့်ပေးပြီး၊ အချက်အလက် ခိုင်မာတိကျမှု အာမ မခံနိုင်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ Reference လုပ်ခွင့်မရှိဘူးဗျ။)
၃) ပြည်သူ့ခေတ် ကတော့ စီစဉ်၊ ပါဝင်ရေးသားသူ ဆရာများကြောင့် ကျွန်တော်တို့လို့ အဝေးရောက်သူတွေလည်း အထူးစိတ်ဝင်စားပါတယ်။ ၀ယ်ဖတ်ဖို့လည်း လက်လှမ်းမမီတာကြောင့် ကိုဉာဏ်လို ထပ်ဆင့်ဖြန့်ဖြူးပေးနေသူ ရှိနေတာကို အထူးကျေးဇူးတင်ရပါတယ်။ Lincoln ရဲ့ speech ထည့်ပေးထားတာလေးကအစ အသေးစိတ် ပြန်လည် မျှဝေပေးတာ ကျေးဇူးပါဗျ။ စာတွေထပ်မလား ဆိုတာကတော့ စောင့်ကြည့်ရမှာပေါ့ဗျာ။
နိဂုံးချုပ်ရရင်တော့ ဒီဆိုဒ်အတွက် ကိုဉာဏ်ရဲ့ လုပ်ဆောင်မှုများကို အထူး ကျေးဇူးတင်ပါတယ်ဗျာ။
I do appreciate your efforts, bro. Please keep it up!!
ခင်မင်စွာဖြင့်
lonetone
ကွန်းမန့်တွေအတွက် ကျေးဇူးအထူးပါခင်ဗျား။
ReplyDeleteအခုလို တကူးတက ကွန်းမန့်ရှည်ကြီး ရေးပေးတဲ့အတွက် တကယ်ကို ၀မ်းသာရပါကြောင်း။
ဘလော့ဂ်မှာ ကျွန်တော်က ဘယ်လောက်ပဲကြိုးစားထားသည်ဖြစ်စေ ဖတ်ရှုသူတွေမရှိရင် အချည်းနှီးပဲ ဖြစ်မှာပါ။ အဲဒါကြောင့် ဖတ်ရှုကြသူအားလုံးကိုလည်း ကျေးဇူးတင်ကြောင်းပါ။