ပြောပြလို့မကုန်နိုင်ဘဲ မရိုးနိုင်တဲ့ အကြောင်းပြချက်တွေမျိုးစုံကြောင့် စာမရေးဖြစ်တာ အတော်တောင်ကြာပြီလို့ ပြောရမယ်။ ဘလော့ဂ်မှာလည်း နေ့တိုင်းနီးနီး ဒီလောက်ပို့စ်တွေတင်နေတာ စာမရေးဘူးဆိုတော့ ခေါင်းရှုပ်မသွားလိုက်ပါနဲ့။ အမှန်အတိုင်းပြောရရင် နေ့စဉ်တင်ပေးဖြစ်နေတယ် ဆိုတာတွေက ပေါ်ပင်တွေပါ။ ကမ္ဘာ့ဖလားပြိုင်ပွဲရာသီမို့ ဘောလုံးနဲ့ပတ်သက်တာတွေ တင်ပေးဖြစ်တယ်။ နေ့စဉ်ထုတ်ဂျာနယ်တွေထဲက သဘောကျတဲ့ ဆောင်းပါးတွေ၊ ဖတ်စရာတွေကို ပြန်ကူးပြီးဝေငှဖြစ်တယ်။ တစ်နေ့တစ်နေ့ ဒါတွေနဲ့ပဲ အချိန်ကုန်နေရတယ်။ တင်ပေးတဲ့စာတွေကို အခြားလူတွေက သဘောကျတယ်၊ သူတို့အတွက် အကျိုးရှိတယ် ဆိုတဲ့အတွက် ၀မ်းသာပီတိဖြစ်ရပါတယ်။ အဲဒီပီတိကြောင့်လည်း တစ်နေ့တစ်နေ့ ကွန်ပျူတာရှေ့မှာချည်း အချိန်ကုန်နေရတယ်။ စာကောင်းပေမွန်လေးတွေ ကိုယ်ဖတ်ရသလို အခြားလူတွေလည်း ဖတ်ရပါစေဆိုတဲ့ စိတ်စေတနာအတွက် ကိုယ့်ကိုယ်ကိုယ်လည်း ဂုဏ်ယူဝမ်းမြောက်မိတယ်။ ဒါပေမယ့် နိစ္စဓူဝဆိုသလို စာတွေဖတ်လိုက်၊ ပြန်ရိုက်လိုက်၊ တင်ပေးလိုက် လုပ်နေရတော့ ကိုယ်ပိုင်စာတွေ မရေးဖြစ်တာကိုတော့ စိတ်ညစ်မိတယ်။ ဆောင်းပါးလေးရေးဖို့ အတွေးတွေပေါ်လိုက်၊ နောက်တစ်နေ့ကျရင် အဲဒီအတွေးက ပျောက်သွားလိုက်၊ ၀တ္ထုတိုလေးတွေရေးဖို့ စဉ်းစားထားလိုက်၊ မှတ်စုစာအုပ်ထဲမှာပဲ ဖုန်တက်လိုက်နဲ့ စာရေးတဲ့အဆင့်ကို မရောက်နိုင်ဘူး ဖြစ်နေတယ်။ ဒီကရှေ့တော့ နှစ်ရက်တစ်ခါလောက်ဖြစ်ဖြစ် မဖြစ်ဖြစ်အောင် စာရေးမယ်လို့ စိတ်ကူးထားတာပါပဲ။ ဘယ်အကြောင်းပြချက်တွေက ဘယ်လိုဖျက်လို့ အဲဒီစိတ်ကူး ပျက်ရဦးမလဲဆိုတာတော့ မသိသေးပါဘူး။ အခုတော့ ရေးချင်စိတ်ကလေးလည်းပေါ်၊ အခြေအနေလေးလည်းပေးမို့ ရေးလိုက်ပါတယ်။
မိခင်စိတ်ဆိုတာ အနှိုင်းမဲ့ပါ
ဟိုတစ်နေ့က သတင်းတစ်ခုဖတ်လိုက်ရတယ်။ ဖတ်ပြီးပြီးချင်း အံ့သြလွန်းလို့ ပါးစပ်အဟောင်းသားနဲ့ ခေါင်းထဲမှာတောင် မိုက်ခနဲဖြစ်သွားရတယ်။ အသက် ၂၅ နှစ်အရွယ် အိန္ဒိယအမျိုးသမီးတစ်ဦးဟာ တာခ်မင်နစ္စတန် လေကြောင်းခရီးစဉ်တစ်ခုနဲ့ လိုက်ပါလာစဉ်မှာ ကလေးမွေးဖွားခဲ့ပြီး အဲဒီကလေးကို လေယာဉ်အိမ်သာကတစ်ဆင့် စွန့်ပစ်ခဲ့ဖို့ ကြိုးပမ်းခဲ့တယ်တဲ့။ ခရီးသည်တွေ အကုန်ဆင်းသွားတဲ့အချိန်ကျမှ လေယာဉ်အမှုထမ်းတွေဟာ အဲဒီကလေးငယ်ကို လေယာဉ်အိမ်သာထဲမှာ ညပ်လျက်သားတွေ့ရတာပါ။ အိမ်သာကြွေခွက်ကို ဖြုတ်ယူပြီး ဆေးရုံကိုယူဆောင်သွားရတယ်တဲ့။ စွန့်ပစ်သွားတဲ့ အမျိုးသမီးကိုလည်း လေဆိပ်မှာ ဖမ်းဆီးမိထားတယ်တဲ့။ ဘယ်လောက်များ တုန်လှုပ်ခြောက်ခြားစရာ ကောင်းလိုက်သလဲဗျာ။ ကိုယ်တိုင်ဝမ်းနဲ့လွယ်ပြီး မွေးလာတဲ့ ကလေးငယ်လေးနီတာရဲကို မိခင်ကိုယ်တိုင်က ရက်ရက်စက်စက် သတ်ဖြတ်ရဲလောက်အောင် ကျွန်တော်တို့ကမ္ဘာကြီးဟာ မေတ္တာတွေခေါင်းပါးနေပြီလား။ မိခင်စိတ်ဆိုတာ အနှိုင်းမဲ့စိတ်ပါ၊ မိခင်မေတ္တာဆိုတာ အနှိုင်းမဲ့မေတ္တာပါ။ အဟိတ်တိရစ္ဆာန်တွေမှာတောင် မိခင်တွေဟာ သားသမီးတွေအတွက် အသက်ပေးပြီး ကာကွယ်ကြ၊ စောင့်ရှောက်ကြတာမျိုးပါ။ အခုတော့ အဆင့်အမြင်ဆုံးဆိုတဲ့ လူသားမိခင်တစ်ဦးက ကိုယ့်ရင်သွေးကို သေပါစေဆိုပြီး အိမ်သာထဲမှာ အမှိုက်ပစ်သလို ပစ်ခဲ့တာကတော့ လူစိတ်မှရှိသေးရဲ့လားလို့သာ မေးလိုက်ချင်တော့တာပါပဲ။
ပညာခေတ်မှာ ပညာမဲ့တွေ ပိုများလာတယ်
ဒီနေ့ခေတ်ကို ပညာခေတ်လို့ တကြော်ကြော် အော်နေကြတယ်။ ပညာကပဲ အရာရာကို ဦးဆောင်နေတယ်တဲ့။ မငြင်းလိုပါဘူး။ ပညာဆိုတာကြီးကို အတိုက်အခံလုပ်ပြီးတော့လည်း မပြောလိုပါဘူး။ တစ်နေ့ကကြည့်လိုက်ရတဲ့ ဇာတ်ကားထဲက စကားတစ်ခွန်းကိုတောင် သတိရမိသေးတော့တယ်။ "အဆင့်မြင့်ပညာတွေ တတ်ဖို့အတွက် အဆင့်မြင့်ပိုက်ဆံတွေ အများကြီးလိုတယ်" တဲ့။ စဉ်းစားစရာပါ။ ထားပါလေ၊ ပြောလိုတာကို ဆက်ပါ့မယ်။ ကမ္ဘာ့ဖလားဘောလုံးပွဲနဲ့အတူ ဂျာမနီနိုင်ငံက ရေဘ၀ဲပေါလ်ဆိုတဲ့ကောင်က အတော်အလုပ်ဖြစ်သွားတယ်။ သူခန့်မှန်းတာတွေက ရာနှုန်းပြည့်မှန်တယ်ဆိုပြီး ချက်ချင်းလက်ငင်း ကမ္ဘာကျော်သွားတယ်။ နည်းနည်းလေးများ စဉ်းစားကြည့်ပါဦးလားဗျာ။ ရေဘ၀ဲဆိုတဲ့ကောင်ဟာ ဘောလုံးဆိုတာကိုလည်း မသိဘူး၊ ဘောလုံးပွဲမှာ တစ်ဖက်ကို ဘယ်နှစ်ယောက် ကန်ရသလဲဆိုတာလည်း မသိဘူး၊ အချိန်ဘယ်လောက် ကစားရသလဲဆိုတာလည်း သိမှာမဟုတ်ဘူး၊ စီရော်နယ်ဒိုတို့၊ မက်ဆီတို့၊ ဖော်လန်တို့ကို သိဖို့ဆိုတာကတော့ ဝေလာဝေးပေါ့ဗျာ။ အေးဗျာ... အဲဒီလို ရေဘ၀ဲကောင်က ဘောလုံးပွဲရလဒ်တွေကို ခန့်မှန်းပေးတယ်ဆိုပြီး ဂျာမနီလိုနိုင်ငံကြီးက လုပ်ချလိုက်တာကတော့ ကျွန်တော်ကိုဉာဏ် ဘယ်လိုမှကို နားမလည်နိုင်တာ အမှန်ပါပဲဗျာ။ အင်္ဂလန်ပွဲပြီးကတည်းက အဲဒီကောင်ကို အတော်လေးကို အမြင်ကတ်နေတာဗျ။ သူ့ဟာသူ အင်္ဂလန်အသင်းဟာ ခြေပြတ်၊ ဂိုးပြတ် ရှုံးနိမ့်သွားရတာပါဗျာ။ မူလာတို့၊ အိုဇေးလ်တို့၊ ရှဝိန်းစတိုင်ဂါတို့၊ ကလိုဆေးတို့ ကောင်းလွန်းလို့ အနိုင်ရတာပါ။ ရေဘ၀ဲကောင်က ဂျာမနီအလံတပ်ထားတဲ့ ပုံးထဲက ကမာကောင်ကို စားသည်ဖြစ်စေ၊ မစားသည်ဖြစ်စေ အဲဒီနေ့က ခြေစွမ်းအတိုင်းဆိုရင် အင်္ဂလန်ပုံးထဲကို ၀င်ရင်တောင်မှ အင်္ဂလန်နိုင်စရာ အကြောင်းမရှိပါဘူး။ အာဂျင်တီးနားနဲ့ပွဲမှာလည်း ကြည့်ခဲ့တဲ့လူအားလုံး သိနေတာပဲဗျာ။ မက်ဆီလည်းခြေမပေါ်၊ တိဗက်ဇ်လည်း မလှုပ်နိုင်၊ ဟီဂူအင်ကခြေစွမ်းပျောက်နဲ့ ဘယ်လိုလုပ်ပြီး ဂျာမနီကို နိုင်မလဲဗျ။ ရှုံးသင့်လို့ရှုံးတဲ့ အာဂျင်တီးနားနဲ့ နိုင်သင့်လို့နိုင်တဲ့ ဂျာမနီကို မချီးကျူးဘဲ မဆီမဆိုင် ရေဘ၀ဲကောင်ပြောတာ မှန်တယ်ဆိုပြီး ပညာခေတ်က လူသားမဟာကြီးတွေက လုပ်နေကြတာကိုမြင်တော့ အသည်းယားလိုက်တာဗျာ။ အဲဒီအကောင် မှားတာနဲ့ တွယ်မယ်ဆိုပြီး ကျွန်တော်ကိုဉာဏ်တစ်ယောက် ဂွင်(ခွင်)စောင့်နေတာ ကမ္ဘာ့ဖလားသာ ပြီးသွားတယ်။ ကျွန်တော့်ဆန္ဒတွေ မပြည့်လိုက်ဘူး။ မဖြစ်ချင်တာတွေက ထင်တဲ့အတိုင်းပဲ ဖြစ်လာတယ်။ ကြားထဲမှာသာ တစ်ပွဲလောက် တလွဲဖြစ်လိုက်ရင် ပြောလို့ကောင်း၊ ရေးလို့ကောင်းပေမယ့် အခုတော့ ကိုရွှေပေါလ်က စင်ပေါ်ကလူ ဖြစ်သွားတယ်လေ။ ပြောနေ၊ ရေးနေတဲ့ ကျွန်တော်တို့တွေသာ တစ်ဖက်စွန်းရောက်နေသလိုလို၊ အမြင်မကျယ်တဲ့လူတွေလိုလို၊ ငကြောင်တွေလိုလို ဖြစ်နေပါရော့လား။ ဒါလားဟဲ့ ပညာခေတ်လို့သာ အော်လိုက်ချင်တော့တာပဲ။
လိင်မရှိသူတဲ့လား
အမေရိကန်က ကုဋေကြွယ်သူဌေးကြီးက သူပိုင်ဆိုင်တာတွေကို အကျိုးပြုလုပ်ငန်းတွေအတွက် လှူဒါန်းနေတဲ့သတင်းကြောင့် ပီတိဖြစ်မယ်မှ မကြံသေးဘူး။ ဖတ်လိုက်ရတဲ့သတင်းတွေက စိတ်ညစ်စရာတွေချည်းပဲ။ ဘာတဲ့၊ သြစတြေးလျနိုင်ငံက နော်ရီမေ၀ဲလ်ဆိုသူက သူ့ကို လိင်မရှိသူအဖြစ် တရားဝင်သတ်မှတ်ပေးဖို့ တောင်းဆိုနေတယ်ဆိုပါလား။ အံ့သြစရာတွေချည်းပါပဲ။ ကျွန်တော်ကိုဉာဏ်တော့ သတင်းတွေဖတ်ရင်းနဲ့ ရူးချင်လာတယ်။ ဘာတွေမှန်းကို မသိတော့ပါဘူးဗျာ။ ကျွန်တော်တို့လူသားတွေများ လုပ်လိုက်ရင် ဘာတွေမှန်းကို မသိတော့ဘူး။ လိုက်လို့ကိုမမီဘူးဆိုတာ ဒါမျိုးကို ပြောတာထင်ပါရဲ့။ အဲဒီလိင်မရှိတဲ့ လူသတ္တ၀ါကောင် (သူက အထီးလည်းမဟုတ်၊ အမလည်းမဟုတ်ဆိုတော့ ဒီလိုပဲသုံးနှုန်းလိုက်ရတယ်) ပြောတာကိုလည်း ကြည့်ဦး၊ "မိမိကိုယ်ကိုယ် ယောက်ျားလို့ သဘောထားသူနဲ့ မိန်းမလို့သဘောထားသူ လူစားတစ်မျိုးနဲ့ လူလို့ပဲ သဘောထားတဲ့ လူစားတစ်မျိုးဆိုပြီးရှိတယ်" တဲ့။ ဘာဆက်ပြောသေးလဲဆိုတော့ "မိန်းမနဲ့ ယောက်ျားသာ ရှိတယ်လို့ လက်ခံထားသူတွေကို လွန်စွာစိတ်ပျက်မိပါတယ်" တဲ့။ ဟုတ်ကဲ့၊ ကျွန်တော်ကလည်း လွန်စွာစိတ်ပျက်မိကြောင်းပါ။ ဘယ်နှယ့်ဗျာ၊ သဘာဝတရားကိုက "ဖို" ဖြစ်ရင်ဖြစ်၊ မဟုတ်ရင် "မ" ဖြစ်ဖို့ ဖန်တီးပေးထားပြီးသားပဲ။ ဘာဖြစ်လို့ ဖိုလည်းမဖြစ်ချင်၊ မလည်းမဖြစ်ချင် ဖြစ်နေရတာတုန်း။ ကဲ... ထားပါဗျာ၊ ကမ္ဘာပေါ်မှာသာ သူ့လို လိင်မရှိတဲ့လူတွေချည်းသာ ဖြစ်သွားရင် ကျွန်တော်တို့ကမ္ဘာကြီး ဘာဖြစ်သွားမတုန်းဗျ။ ကျွန်တော်ကတော့ သဘာဝတရားတွေနဲ့ ဆန့်ကျင်နေတဲ့ လူတွေကိုမြင်တိုင်း ကျွန်တော်တို့ကမ္ဘာကြီးအတွက်နဲ့ ကျွန်တော်တို့ရဲ့ မျိုးဆက်တွေအတွက် ရင်လေးမိတယ်။ ကျွန်တော်တို့ မြေးတွေ၊ မြစ်တွေ၊ တီတွေ၊ တွတ်တွေ၊ ကျွတ်တွေ လက်ထက်ရောက်ရင် ယောက်ျားဆိုတာဒါကွဲ့၊ မိန်းမဆိုတာ ဒါကွဲ့ဆိုပြီး ပြတိုက်တွေမှာ လိုက်ကြည့်ရတဲ့အဖြစ်မျိုးတော့ မဖြစ်နိုင်သေးဘူးလို့ မရဲတရဲ တွေးမိနေတော့တာပါပဲ။
AIDS ကာကွယ်ဆေး လာတော့မတဲ့
အဲဒီသတင်းအတွက် ၀မ်းသာရမှာလား၊ ၀မ်းနည်းရမှာလား ဝေခွဲမရဘူး။ သာမန်ပဲစဉ်းစားမယ်ဆိုရင် ၀မ်းသာစရာကိစ္စပါ။ ဆေးသိပ္ပံလောကအတွက်၊ လူသားတွေရဲ့ စွမ်းရည်တွေ၊ အားထုတ်မှုတွေအတွက် ဂုဏ်ယူစရာအတိပါ။ ကုရာနတ္ထိဆေးမရှိလို့ ခံစားလာရတဲ့ ရောဂါဝေဒနာရှင်တွေအတွက်လည်း သတင်းကောင်းပါ။ ရောဂါသည်တွေအတွက် ရောဂါပျောက်စေတဲ့ ဆေးတွေပေါ်ပေါက်တယ်ဆိုတာ ကြိုဆိုရမယ့်ကိစ္စ၊ ၀မ်းသာရမယ့်ကိစ္စပါ။ ဒါပေမယ့် နောက်ဆက်တွဲတွေကို စဉ်းစားမိရင် ရင်လေးမိတယ်။ အခုလို ကုရာနတ္ထိပါလို့ သိနေကြတာတောင်မှ အသိဉာဏ်တံခါးတွေပိတ်ပြီး မိုက်ချင်သလို မိုက်နေကြသူတွေ ဒုနဲ့ဒေး ဖြစ်နေကြတဲ့အချိန်မှာ အခုလိုမျိုးသာ အေအိုင်ဒီအက်စ်ရောဂါကို ကာကွယ်နိုင်တယ်ဆိုတဲ့ ဆေးဝါးတွေ ပေါ်လာခဲ့မယ်ဆိုရင် လူသားတွေရဲ့ မိုက်မဲမှုတွေ ဘယ်ကမ်းအထိ နှစ်ဖက်၊ သုံးဖက်ကမ်း ခပ်ကြဦးမလဲလို့ တွေးပူနေမိတယ်။ မူးယစ်ဆေးထိုးအပ်တွေ သုံးချင်တိုင်းသုံး၊ လိင်ကိစ္စတွေ လုပ်ချင်တိုင်းလုပ်နဲ့ တွေးကြည့်ရုံနဲ့တင် ရင်လေးစရာကြီးပါ။ ဆေးပညာရှင်တွေနဲ့ ဆရာဝန်တွေကတော့ ကျွန်တော့်ကို ကြောင်တောင်တောင်ကောင်ဆိုပြီး မေတ္တာပို့နေကြမလားပဲ။ ဆေးလိပ်သောက်ခြင်းဟာ ဘာကောင်းကျိုးမှ မရှိပါဘူးဆိုတာကို ဆေးလိပ်သောက်တဲ့လူတိုင်း သိနေပေမယ့် တစ်ကမ္ဘာလုံးမှာ ထုတ်သမျှ စီးကရက်၊ ဆေးလိပ် လောက်တယ်တောင် မရှိဘူး။ တကယ်လို့သာ ဆေးလိပ်သောက်တဲ့အခါ သောက်တဲ့လူအတွက် ဘာရောဂါမှမဖြစ်အောင် ကာကွယ်နိုင်တဲ့ ပစ္စည်းတစ်မျိုးကို အစီခံထဲမှာထည့်ပြီး သုံးလို့ရအောင် တီထွင်နိုင်ပြီဆိုရင် ဘယ်လိုဖြစ်သွားမလဲဆိုတာ စဉ်းစားသာကြည့်ပါတော့။ ကမ္ဘာတစ်ခုလုံး မီးခိုးတလုံးလုံးနဲ့ ဖြစ်သွားမယ်ထင်ပါရဲ့။ အခုလည်း အေအိုင်ဒီအက်စ် ကာကွယ်ဆေးသာ အမှန်တကယ် ထုတ်လုပ်နိုင်မယ်ဆိုရင် ကောင်းကျိုးတွေရှိလာနိုင်သလို၊ ဖြစ်လာမယ့်ဆိုးကျိုးတွေလည်း အများကြီးရှိလာနိုင်တယ်လို့ တွေးမိလို့ပါ။ အကောင်းနဲ့အဆိုး ဘယ်ဟာက ပိုများမလဲဆိုတာကတော့ မသိနိုင်ဘူးပဲ။
သတင်းတွေဖတ်ရတာ စိတ်ညစ်လာတယ်
တစ်နေ့တစ်နေ့ သတင်းစာထဲမှာ၊ ဂျာနယ်ထဲမှာ ဖတ်ရသမျှ သတင်းတွေက အနိဋ္ဌာရုံတွေချည်းပဲ။ တစ်ယောက်ယောက်ကများ သတင်းထူးတယ်ဟဆိုရင် ဗေဒင်မမေးနဲ့၊ သေချာတယ် ရထားလမ်းချော်လို့လား၊ လေယာဉ်ပျက်ကျတာလား၊ ဗုံးပေါက်ကွဲတာလား၊ လူသတ်တာလား၊ မီးလောင်တာလား တစ်ခုခုပါပဲ။ ဒီနေ့ခေတ်လူတွေက ဘုရားထီးတင်တဲ့သတင်းကို စိတ်မ၀င်စားဘူး၊ အသေခံဗုံးခွဲလို့ လူဘယ်လောက်သေသွားလဲ ဆိုတာကိုပဲ စိတ်ဝင်စားတယ်၊ သတင်းစာထဲက ရွှေရတု၊ ငွေရတု မင်္ဂလာနှစ်ပတ်လည်တွေကို မဖတ်ချင်ဘူး၊ ကမ္ဘာကျော်တွေ မိန်းမပွေတာ၊ တွေ့တဲ့ယောက်ျားနဲ့ အိပ်တာတွေကိုပဲ အားပါးတရဖတ်ကြတယ်၊ အနောက်နိုင်ငံတွေမှာပါ ဗုဒ္ဓဘာသာအလုပ်ပေးစခန်းတွေ ဖွင့်လာရတာကို မပြောချင်ကြဘူး၊ ဘယ်နိုင်ငံက ဘာလက်နက်အသစ်ထုတ်တယ် ဆိုတာကိုပဲ မစားရ၀ခမန်း ပြောကြတယ်။ အဲဒီလိုဆိုလေတော့ သတင်းစာတွေ၊ ဂျာနယ်တွေကလည်း သတင်းဦး၊ သတင်းထူးအဖြစ် လူသတ်တဲ့သတင်း၊ ဓားပြတိုက်တဲ့သတင်း၊ ဗုံးကွဲတဲ့အသင်း၊ မီးလောင်တဲ့အသင်း၊ ပိုက်ဆံတွေလိမ်တဲ့သတင်း၊ ဆန္ဒပြတဲ့သတင်းတွေကိုပဲ အသားပေးပြီး ဖော်ပြကြ၊ ရေးသားကြရတော့တာပေါ့။ ဖတ်တဲ့လူအကြိုက် လုပ်မှသာလျှင် အဆင်ပြေမယ့် စီးပွားရေးလုပ်ငန်းတွေ ဖြစ်တဲ့အတွက် သူတို့ကိုလည်း အပြစ်မဆိုသာပါဘူး။ ဒါပေမယ့် တစ်နေ့တစ်နေ့ ဂျာနယ်ဖတ်ပြီး သက်ပြင်းခဏခဏ ချနေရတာကတော့ ဒီနေ့ခေတ်လူသားတွေ အသက်တိုလာရခြင်း အကြောင်းတစ်ခု ဖြစ်လိမ့်မယ်လို့ ထင်မိတာပါပဲဗျာ။
အေးချမ်းသာယာပြီး မေတ္တာတရားများဖြင့် လွှမ်းခြုံသော လူ့လောကကြီးဖြစ်ပါစေဟု....။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၆ ရက်၊ သောကြာနေ့။
ညနေ ၃ နာရီ ၅၈ မိနစ်တွင်ပြီး၏။
http://www.mandalaygazette.com/?p=15870
ReplyDeleteဆောင်းပါးအသစ်တစ်ခုကို ကိုဥာဏ့်ကို share တာပါ...
ဖတ်ပြီးသားဆိုရင်တော့ ဆောရီးပါဗျာ... :)
ဟုတ်တယ် ကို ဥာဏ်ရေ..။ ကျွန်တော်လဲ အဲလိုပဲ တွေးမိတယ်။AIDs ရောဂါအတွက် ဆေး မရှိခင်မှာတောင် အဆင်အခြင် နည်းကြတာ ရောဂါကိုသာ ထိန်းချုပ် ကုသနိုင်ခဲ့ပြီဆိုရင် ပိုဆိုးကုန်ကြမလားလို့။ ရောဂါဝေဒနာရှင်တွေ၊ အပြစ်တဲ့ မိဘ တွေကြောင့် ဝေဒနာခံစားနေရတဲ့ အပြစ်မဲ့ ကလေးတွေ အတွက်ကတော့ ဝမ်းမြောက်စရာ သတင်း ပါပဲ။
ReplyDelete