စောစောလေးက စီဘောက်မှာဖတ်ရတဲ့ နေခြည်ဆိုသူရဲ့ မက်ဆေ့ခ်ျတွေကြောင့် ကျွန်တော်သတိဝင်သွားမိပါတယ်။ ဟုတ်ပါရဲ့ ဇူလိုင်လဆိုတာ မြန်မာ့သွေးကို စတင်မွေးဖွားခဲ့တဲ့ လတစ်ခုပေပဲ။ ကျွန်တော်ဘာကြောင့် မေ့လျော့နေခဲ့သလဲ။ တော်တော်လေးတော့ စိတ်မကောင်းဖြစ်သွားတယ်။ ထားပါလေ... ဘယ်တတ်နိုင်ပါ့မလဲ။ အမှတ်တရအနေနဲ့ တစ်ခုခုရေးချင်တဲ့အတွက် ဒီပို့စ်ကို ရေးလိုက်တာပါ။
"ဘယ်တော့မှ မလုပ်တာထက်စာရင် နောက်ကျတာက ပိုကောင်းတယ်"တဲ့။ နောက်ကျတဲ့လူတွေရဲ့ အကောင်းဆုံးဆင်ခြေလားတော့ မသိဘူး။ အခုလည်း နောက်ကျပြီးမှ သတိရတဲ့ မြန်မာ့သွေးဘလော့ဂ် (၃)နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ဘာရေးရမလဲ။ ကျွန်တော်က မွေးနေ့လို့သုံးနှုန်းတာကို မိတ်ဆွေတစ်ယောက်က လက်မခံဘူး၊ နှစ်ပတ်လည်နေ့ပါတဲ့။ ကျွန်တော့်အတွက်တော့ မြန်မာ့သွေးဘလော့ဂ်ဟာ အရိပ်တကြည့်ကြည့်နဲ့ မွေးဖွားပြုစု ကြည့်ရှုစောင့်ရှောက်လာရတဲ့ သားသမီးရတနာပါပဲ။ ဟုတ်တယ်... ကျွန်တော့်ခေါင်းထဲမှာ အမြဲတစေ မြန်မာ့သွေးဆိုတဲ့ စကားလုံးရှိနေတယ်။ မြန်မာ့သွေးဆိုတဲ့ သားသမီးရတနာ လိမ္မာရေးခြားရှိဖို့၊ ကျန်းမာသန်စွမ်းစေဖို့၊ အခြားလူတွေအတွက် အားကိုးအားထားဖြစ်စေဖို့၊ အောင်မြင်စေဖို့ ကျွန်တော်အမြဲတစေ စဉ်းစားတွေးတော ပြုစုပျိုးထောင် လာခဲ့ရတာလေ။
ဇူလိုင်လ ၇ ရက်နေ့မှာ မြန်မာ့သွေးဘလော့ဂ်ရဲ့သက်တမ်း (၃)နှစ် ပြည့်သွားခဲ့ပါပြီ။ ပြောရမယ်ဆိုရင် မြန်မာ့သွေးဟာ ကျွန်တော့်ကိုယ်ပွားတစ်ခု ဖြစ်နေပါပြီ။ ကျွန်တော့်ယုံကြည်ချက်အတိုင်း မဖဲ့မစောင်းဘဲ ခရီးနှင်လာခဲ့တာ သုံးနှစ်ဆိုတဲ့အချိန်ကိုတောင် ကျော်လွန်လာခဲ့ပြီပဲ။ (၃)နှစ်သား မြန်မာ့သွေးဟာ ဘယ်လိုဘယ်ပုံရှိတယ် ဆိုတာကတော့ ဘလော့ဂ်ဖတ်သူတွေကသာ အသိဆုံးဖြစ်ပါလိမ့်မယ်။ ပြီးခဲ့တဲ့ သုံးနှစ်တာကို လည်ပြန်လှည့်ကြည့်မိတဲ့အခါ မြန်မာ့သွေးနဲ့ ပတ်သက်ပြီး နောင်တရမိတာ မရှိတဲ့အတွက် ကျွန်တော်ဝမ်းသာရပါတယ်။
မြန်မာ့သွေးဘလော့ဂ်ရဲ့ သုံးနှစ်ပြည့်မှာ သတိတရ ကျေးဇူးတင်ရမယ့်သူတွေကို ကျေးဇူးစကား ဆိုပါရစေဦး။ ဘလော့ဂ်တစ်ခု ဖန်တီးဖို့အတွက် ဘလော့ဂ်ပြုလုပ်ပုံ ပြုလုပ်နည်းတွေကို စာတစ်တန်ပေတစ်ဖွဲ့ ရေးသားထားခဲ့တဲ့ ကိုညီလင်းဆက်၊ ကိုမောင်လှတို့ရဲ့ နည်းပညာ အကူအညီတွေအတွက် ကျေးဇူးတင်ပါတယ်။ သူတို့ရဲ့စာတွေကို ဖတ်ပြီး မြေစမ်းခရမ်းပျိုးခဲ့ရတာပါ။ လူချင်းလုံးဝ မသိကျွမ်း၊ မရင်းနှီးပေမယ့်လည်း ကျွန်တော်ရဲ့ မြင်ဆရာတွေအဖြစ် အမြဲတမ်း သတိတရပါ။ ဒီဘလော့ဂ်ကို စလုပ်ခါစကဆိုရင် ဘလော့ဂ်ဆိုတာကို အထီးလား၊ အမလားတောင် မသိတဲ့အတွက် ကိုညီလင်းဆက်ဘလော့ဂ်က ကုဒ်ဒင်းတွေကို အကုန်ကော်ပီကူးပြီး လုပ်ခဲ့ရတာပါ။ အခြားသော အမည်ဖော်ပြခြင်း မပြုနိုင်တဲ့ ဘလော့ဂ်တစ်ခု ပြုလုပ်ဖန်တီးပုံတွေကို လမ်းညွှန်ပေးခဲ့ကြသူတွေကိုလည်း ကျေးဇူးစကား ဆိုပါတယ်။
အထူးသဖြင့်တော့ ကျွန်တော်တင်ပေးသမျှကို တခုတ်တရ လာဖတ်ကြတဲ့ စာဖတ်သူတွေကို ကျေးဇူးတင်ရပါတယ်။ ဘလော့ဂ်ရေးဖို့ အမြဲတစေ အကူအညီပေးတတ်တဲ့ ကျွန်တော့်သူငယ်ချင်းတွေကိုလည်း ကျေးဇူးတင်ပါတယ်။ မြန်မာ့သွေးဘလော့ဂ်ရဲ့ (၃)နှစ်ပြည့်မှသည် မနက်ဖြန်များစွာအထိ ကျွန်တော်ယုံကြည်ချက်အတိုင်း ကျွန်တော်တတ်နိုင်သရွေ့တော့ ဒီဘလော့ဂ်လေးကို ဆက်ရေးနေဦးမှာပါ။ အားလုံးပဲ ရွှန်လန်းချမ်းမြေ့ကြပါစေ။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လ ၉ ရက်၊ သောကြာနေ့။
နေ့လည် ၂ နာရီ ၁၀ မိနစ်တွင်ပြီး၏။
အဖိုးတန်တဲ့စာတွေ ဝေမျှခဲ့တဲ့အတွက်၊ ထပ်ဆင့်ဝေမျှခွင့် ကြုံခွင့်ရတဲ့အတွက် စာချစ်သူတွေကိုယ်စား ကျေးဇူးတင်ရပါတယ် ၃နှစ်ပြည့် မြန်မာ့သွေးရေ။ အသက်ရှည် အနာမဲ့ပါစေ၊ မြန်မာ့သွေးကို ကူညီသက်ဆက်မယ့် အိမ်ထောင်ဖက် ချောချောလှလှလေးနဲ့ ဖူးစာဆုံရပါစေသားဗျာ။ (KM)
ReplyDelete