အခုနှစ် ဇွန် ၃၀ လောက်ကစပြီး ပဲခူးတိုင်းအတွင်းကို ရာထောင်ချီပြီး ပြောင်းရွှေ့လာကြတဲ့ ကြွက်ဝမ်းဖြူတွေဟာ ရာသီဥတုပြောင်းလဲမှု တစ်ခုခု၊ သဘာဝဘေး တစ်ခုခုဖြစ်တော့မယ့် ရှေ့ပြေးနိမိတ်တွေဆိုတာ ဟုတ်ပါသလား။
၁၉၉၈ ခုနှစ်တုန်းက အလွန်အားကောင်းတဲ့ အယ်လ်နီညိုဖြစ်ခဲ့လို့ ၁၉၉၈-၉၉ မှာ အလွန်ပူပြင်းတဲ့ နွေနဲ့ ကြုံတွေ့ခဲ့ကြရပါတယ်။ ၁၉၉၉ ခုနှစ်မှာ မိုးကြိုမိုးလေးလည်း စရွာရော တစ်ခါတည်း ပုပ္ပါးတောင်စောင်းက တောင်ကမ်းပါးယံ မြေသားအပိုင်းလိုက်ကြီး ပဲ့ကျသွားခဲ့ပါတယ်။ အပူများတာကို ရေနဲ့ထိရင် သတိထားဖို့ လိုပါတယ်။ ဒါကြောင့် လူကြီးသူမတွေက "အပူထဲက ပြန်လာလာချင်း ရေမချိုးရဘူး" လို့ ပြောကြတာပေါ့။ ဒီဖြစ်ရပ်တွေကတော့ မြေပြင်ပေါ်မှာ ကိုယ့်မျက်စိနဲ့ မြင်နိုင်တာဖြစ်လို့ မြင်သာတယ် ဆိုကြပါစို့ဗျာ။ အဲ မြေကြီးအတွင်းဖြစ်တာကို လူတွေက မခံစားကြရပေမယ့် တွင်းအောင်း ကြွက်ဝမ်းဖြူတွေကတော့ ခံစားကြရနိုင်ပါတယ်။
အခု ကြွက်ဝမ်းဖြူတွေ ပြောင်းရွှေ့တဲ့ကိစ္စမှာ ကျွန်တော် စဉ်းစားမိတာလေးတွေ ရှိနေပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၀ ဧပြီနဲ့ မေလတွေဟာ အလွန်ပူပြင်းခဲ့ပါတယ်။ မေလအကုန်ပိုင်းမှာတော့ မိုးလေးတွေ ရွာခဲ့ပါတယ်။ ဒါပေမယ့်လို့ ပဲခူးတိုင်းက မိုးမကောင်းခဲ့ပါဘူး။ ပြောရရင်တော့ မုတ်သုံလေ၀င်ရာမှာလည်း ကတိုက်ကရိုက်ပါပဲ။ တစ်ပတ်အတွင်း တစ်ပြည်လုံး ၀င်ရောက်သွားခဲ့ပါတယ်။ မိုးက စိမ့်နေအောင် မရွာခဲ့ပါဘူး။ ပြောရရင်တော့ မိုးရေပမာဏရော၊ အချိန်ကာလနဲ့ နေရာဒေသရော မပျံ့နှံ့မလုံလောက်ခဲ့တော့ မြေပြင်က အောင်းရေကောင်းကောင်း မရလိုက်ပါဘူး။ နောက်မိုးကလည်း မဆက်ခဲ့တော့ မိုးက အောင်းရေရအောင်အထိ မရှိခဲ့ပါဘူး။ ရေက စပ်စပ်သာ ရှိခဲ့လေတော့ မြေကြီးက အောင်းရေ (Storage Moisture) အဖြစ်နဲ့သာ သိုလှောင်နိုင်ခဲ့ပါတယ်။
တစ်နည်းပြောရရင်တော့ မြေအောက်အောင်းပူ (Latent Heat) အဖြစ် ရှိနေရမယ့်နေရာမှာ မြေအောက်ခံစားအပူတွေ (Sensible Heat) အဖြစ် ပြောင်းလဲကုန်ကြပါတယ်။ ဒီတော့ တွင်းအောင်းသတ္တ၀ါတွေ ဖြစ်ကြတဲ့ ကြွက်ဝမ်းဖြူတွေဟာ တွင်းမအောင်းနိုင်တော့ဘဲ ပြောင်းပြေးကြရတယ်လို့ ယူဆရပါတယ်။ သက်ရှိဇီဝမျိုးကွဲ ပညာရှင်တွေ ပြောသလို ၀ါးအမျိုးတုံးတဲ့ ကာလဖြစ်လို့ အစာရေစာ ပြတ်တောက်ကြတဲ့အတွက် ပြောင်းသွားကြတာ ဖြစ်တယ်ဆိုတာဟာလည်း အလွန်ဖြစ်နိုင်တဲ့အရာ ဖြစ်ပါတယ်။ လာနီညာရာသီဥတု ဖြစ်လာခဲ့ရင် နောက်ပိုင်း ရေကြီးနိုင်တာမို့ ရေကြီးတာနဲ့လည်း ဆက်စပ်နိုင်တယ်လို့ ပြောနိုင်ပေမယ့် အချိန်ကာလ ကွာဟမှုကတော့ နည်းနည်းများနေပါတယ်။
Wednesday, August 04, 2010
ကြွက်ဝမ်းဖြူတွေနဲ့ ပြောင်းရွှေ့ကြတာနဲ့ ပတ်သက်လို့
Posted by Ko Nyan Posted Time 1:34 PM
Labels news, သတင်း-News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment