Saturday, August 07, 2010

ဆရာဝန်ဟာသများ


ပထမအကြိမ်ဆိုတော့
ခွဲစိတ်ဆရာဝန်နှစ်ယောက် စကားပြောနေကြသည်။
"သိလား၊ ကျွန်တော့်ဘ၀မှာ ပထမဆုံးအကြိမ်အဖြစ် လူနာရဲ့ခြေထောက်ကို ဖြတ်တုန်းက စိတ်လှုပ်ရှားမှုကြောင့် အမှားတစ်ခုကို လုပ်လိုက်မိတယ်"
"ကြီးကျယ်တဲ့ အမှားတော့ မဟုတ်ဘူး မဟုတ်လား"
"ဟင့်အင်း၊ မကြီးကျယ်ပါဘူး၊ ခြေထောက်ကို မှားပြီး ဖြတ်လိုက်မိရုံပါပဲ"

တွေးပူမိတယ်
အသက်တစ်ရာပြည့်သည့်နေ့တွင် မွေးနေ့ရှင် အဘွားကြီးက မိမိ၏ လက်သုံးဆရာဝန်ကို ပြောသည်။
"ဒေါက်တာ့ကို သားအရင်းတစ်ယောက်လို အန်တီ သဘောထားမိနေပြီ၊ အင်း၊ မပြောကောင်း မဆိုကောင်း ဒေါက်တာသာ မတော်တဆ သေသွားရင် အန်တီ့ကို ဒေါက်တာလို ဂရုစိုက်မယ့် ဆရာဝန်တစ်ယောက် ရှာလို့မှ တွေ့ပါဦးမလားလို့ တွေးပူနေမိတယ်ကွယ်"

သတင်းများ
လူနာများ၏ အခြေအနေကို ဆေးရုံအုပ်ကြီး လိုက်လံကြည့်ရှု စစ်ဆေးသည်။ လူနာတစ်ယောက်ကို ၎င်းက ပြောသည်။
"ခင်ဗျားနဲ့ ပတ်သက်လို့ ကျွန်တော့်ဆီမှာ သတင်းပေးစရာ နှစ်ခုရှိတယ်။ ကောင်းတဲ့သတင်းနဲ့ မကောင်းတဲ့သတင်း၊ ဘယ်သတင်းက စပြောရမလဲ"
"မကောင်းတဲ့သတင်းက စပြောပါဆရာ"
"ဘယ်ခြေထောက်အစား ညာခြေထောက်ကို ကျွန်တော်တို့ မှားပြီး ဖြတ်မိတယ်"
"ကောင်းတဲ့သတင်းကကော ခင်ဗျာ"
"ခင်ဗျားရဲ့ ဘယ်ခြေထောက်ကိုလည်း ကျွန်တော်တို့ မဖြတ်သင့်ဘူး ခင်ဗျ"

အမဲလိုက်ခြင်း
မိတ်ဆွေများနှင့် အမဲလိုက်သွားရန်အတွက် ဆေးရုံအုပ်ကြီး ခွင့် (၇)ရက် ယူသည်။ ခွင့်ရက်စေ့၍ ဆေးရုံသို့ ပြန်လာသည့်နေ့တွင် ရောက်ရောက်ချင်း သူနာပြုဆရာမကို စိတ်ပျက်စကား ပြောသည်။
"အလကားပဲ၊ ငါ့လက်ချက်နဲ့ ဘယ်ကောင်မှ အသက်ထွက်မသွားဘူး"
"ဟုတ်လား၊ ဒီလိုသာဆို ဆေးရုံမှာပဲ နေခဲ့ရင် အကောင်းသားနော်"

ကလေးလိုချင်တယ်
အလွန်ချောမောလှပသော အမျိုးသမီးတစ်ယောက် ဆရာဝန်ထံ ရောက်လာပြီး ပြောသည်။
"ဒေါက်တာ၊ ကျွန်မ အိမ်ထောင်ကျတာ (၇)နှစ် ရှိပြီ၊ အခုထိ ကလေးမရသေးဘူးရှင်"
"ဟိုဘက်အခန်းကိုသွားပြီး ကုတင်ပေါ် လှဲအိပ်လိုက်ပါ"
"ဒါပေမယ့် ဒေါက်တာ၊ ကျွန်မယောက်ျားနဲ့ပဲ ကျွန်မ ကလေးရချင်တယ်ရှင့်"

အချိန်မီခွဲစိတ်ခြင်း
ခွဲစိတ်ဆရာဝန်က မိမိ၏ လုပ်ဖော်ကိုင်ဖက်ကို ပြောသည်။
"ကျွန်တော့်ရဲ့ နောက်ဆုံးခွဲစိတ်မှုကို အချိန်မီ လုပ်လိုက်နိုင်တယ်လို့ ဆိုနိုင်တယ်ဗျ"
"အချိန်မီ ဟုတ်လား၊ ခင်ဗျား ဘာကိုဆိုလိုတာလဲ"
"ဒီလိုလေ၊ အဲဒီနေ့မှာသာ ကျွန်တော်မခွဲစိတ်လိုက်ရင် လူနာဟာ ဘာခွဲစိတ်မှုမှ မလိုဘဲနဲ့ နောက်နေ့မှာ အကောင်းပကတိ ပြန်ဖြစ်သွားမှာဗျ"

ဆရာဝန်ဆိုတာ
ဆေးတက္ကသိုလ်တွင်ဖြစ်သည်။
လက်ချာပေးနေသော ပါမောက္ခက ပြောသည်။
"ဆရာဝန်ဆိုတာ မရွံရှာတတ်ရဘူး၊ အခုကြည့်၊ ဟောဒီဆီးပုလင်းကို ဆရာလက်ချောင်းနဲ့ နှိုက်လိုက်တယ်၊ ပြီးတော့ လက်ချောင်းကို ဆရာ လျှာနဲ့ လျက်လိုက်တယ်၊ တပည့်တို့အထဲက ဘယ်သူ ဆရာ့အတိုင်း လိုက်လုပ်နိုင်ကြသလဲ၊ ပြောပါ"
ကျောင်းသူကျောင်းသားအားလုံး ငြိမ်နေကြသည်။ အတန်ကြာမှ ကျောင်းသားတစ်ယောက် ထပြီး ဆီးပုလင်းထဲ လက်ချောင်းထိုးထည့်သည်၊ ထို့နောက် ပြန်နုတ်ကာ လျှာနှင့် လျက်သည်။
ပါမောက္ခက ပြောသည်။
"တပည့်ဟာ မရွံရှာတတ်တဲ့အတွက် ဆရာ အများကြီး ချီးကျူးပါတယ်၊ ဒါပေမယ့် တပည့်ဟာ သတိထားမှုအပိုင်းမှာ အားနည်းနေတယ်၊ ဆီးပုလင်းထဲ ဆရာ လက်ထိုးထည့်လိုက်တာ မှန်တယ်၊ ဒါပေမယ့် နောက်လက်တစ်ချောင်းကို ဆရာ လျှာနဲ့ လျက်လိုက်တာကလား တပည့်ရဲ့"

*************
မောင်ကောင်းထိုက် (နှီးပဒေါ)ရဲ့ ဟာသတွေထဲကနေ ဆရာဝန်တွေနဲ့ ဆိုင်တာလေးတွေကိုပဲ ရွေးထုတ်ထားတာပါ။ ရယ်မောပျော်ရွှင်နိုင်ကြပါစေ။

No comments:

Post a Comment

 
Web Statistics