ပထမဆုံး ပေးထားတဲ့ခေါင်းစဉ်ကို ရှင်းပြပါရစေ။ ရှင်းပြမယ်ဆိုတာထက် ၀န်ခံတယ်ဆိုတာ ပိုမှန်မယ်ထင်ပါတယ်။ ကိုရွှေထူး(ပြည်)ရဲ့ ရပ်ကွက်ထဲမှာဗျာ ဆိုတဲ့ ကာတွန်းတွေကို စာဖတ်သူအများစု ဖတ်ဖူးကြမယ်၊ နှစ်ခြိုက်ကြမယ် ထင်ပါရဲ့။ ရပ်ကွက်ထဲမှာ သောင်းပြောင်းထွေလာ ပြဿနာတွေကြားမှာ ရပ်ကွက်လူကြီး ကိုမောင်တင့်တစ်ယောက် အလဲလဲ အကွဲကွဲ ဖြစ်ရပုံတွေကို ဟာသလေးတွေနှောပြီး ရေးဆွဲထားတာပါ။ ကျွန်တော်ကတော့ အင်မတန်ကြိုက်တယ်ဗျ။ သာမန်လူတန်းစားတွေရဲ့ ဘ၀ပုံစံလေးတွေ၊ ရပ်ကွက်အတွင်း ဖြစ်ပျက်တတ်တဲ့ သဘာဝလေးတွေ၊ လူတွေရဲ့ အကျင့်စရိုက်လေးတွေကို ထိထိမိမိဖော်ပြနိုင်တဲ့အတွက် အသစ်ထွက်တာတွေ့တိုင်း ငှားဖတ်မိတယ်ဗျ။ အခုလည်း ကျွန်တော့်ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတာလေးတွေ၊ မြင်မိ၊ ကြားမိ၊ ဖတ်မိ၊ တွေးမိတာလေးတွေကို ပြန်လည်ဝေငှချင်တဲ့အတွက် "မျက်စိထဲမှာဗျာ" လို့ ခေါင်းစဉ်တပ်ပြီး ပြောဦးမလို့ပါ။ သဘောကျတဲ့အကြောင်းတွေလည်း ပါ,ပါလိမ့်မယ်၊ အမြင်မတော်လို့ စိတ်ထဲကလိကလိ ဖြစ်ရတာတွေလည်း ပါမှာပေါ့၊ ဘယ်လိုမှကို သည်းမခံနိုင်လို့ စိတ်တိုဒေါသထွက်ရတာ လေးတွေလည်း ပါကောင်းပါနိုင်ပါရဲ့။ သောင်းပြောင်းထွေလာ စုံစီနဖာမို့ သည်းခံပြီးသာ ဖတ်ပေးကြပါဦးလို့....။
ခုတ်တာတစ်ဖွဲ့၊ စိုက်တာတစ်ဖွဲ့တဲ့လား
အငြိမ့်တွေကြည့်တဲ့အခါ လူရွှင်တော်တွေက မကြာခဏ ပြက်လုံးထုတ်တတ်ပါတယ်။ သစ်ပင်နဲ့ပတ်သက်ရင် ခုတ်တာတစ်ဖွဲ့၊ စိုက်တာတစ်ဖွဲ့တဲ့။ ဟုတ်သဗျာ၊ ဟုတ်တာမှ သိပ်ဟုတ်တယ်ဗျ။ တလောလေးက မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ လုပ်တယ်ဗျ။ တစ်ရပ်ကွက်လုံး အိမ်တိုင်းစေ့ မစိုက်မနေရဆိုတော့ ကျွန်တော်ကိုဉာဏ်တို့လည်း သွားစိုက်ရတာပေါ့လေ။ သစ်ပင်စိုက်တာ ကောင်းတဲ့အလုပ်ပဲ။ ၀မ်းသာအားရနဲ့ကို သွားစိုက်ခဲ့တာပါ။ သစ်ပင်တွေစိုက်ကြဖို့၊ ရာသီဥတုတွေ ပြောင်းလဲလာတာကို ဂရုပြုကြဖို့၊ စွမ်းအင်တွေချွေတာကြဖို့ ကျွန်တော်ကိုဉာဏ်လည်း ဘလော့ဂ်ပေါ်ကနေ သဲတစ်ပွင့် မြူတစ်မှုန်ဖြစ်ဖြစ် နှိုးဆော်နေသူပဲလေဗျာ။ အဲ... သစ်ပင်စိုက်ပျိုးပွဲကပြန်လာပြီး ကြည်နူးမှုလေးတွေတောင် အရောင်မစုံသေးဘူး လမ်းမှာမြင်ရတဲ့ မြင်ကွင်းတွေကြောင့် ပျော်နေတဲ့နှလုံး နေထိပန်းလို ညှိုးချုံးသွားရပါရောလား။ လမ်းဘေးတွေမှာ ဓာတ်ကြိုးနဲ့မလွတ်လို့၊ တယ်လီဖုန်းလိုင်းကြိုးတွေနဲ့ မလွတ်လို့ဆိုပြီး သစ်ပင်တွေကို ခုတ်နေလိုက်ကြတာများ အားပါးတရပဲဗျို့။ မလွတ်တဲ့အကိုင်းတွေကို တောက်တာ၊ ဖြတ်တာဆိုရင် ဘာမှမပြောလိုပါဘူး။ အခုတော့ အမှိုက်ရှင်းမယ့်လူတွေကို လုပ်အားခပေးတဲ့သဘောနဲ့ ထင်းလုပ်လို့ရမယ့် အကိုင်းအရွယ်အစားတွေအထိ ခုတ်ပေးကြတာကိုးဗျ။ အဲဒါမှလည်း ထင်းဖျင်ရင်းနဲ့ အမှိုက်တွေကို သိမ်းဆည်းပေးကြတာတဲ့။ ခုတ်တဲ့လူတွေက အမှိုက်တွေကို လိုက်မသိမ်းနိုင်ဘူးတဲ့လေ။ လမ်းဘေးဝဲယာက သစ်ပင်လေးတွေဆိုတာ ပဉ္စင်းခံပြီး ပြန်ထွက်လာတဲ့ လူတွေကျနေတာပဲ ခေါင်တုံးပြောင်လေးတွေနဲ့ ပြောင်သလင်းခါလို့ဗျာ။ အေးဗျ... တကယ်ဆိုရင် သစ်ပင်တွေစိုက်ခဲ့တဲ့ ကျွန်တော်တို့မှာတောင် အပြစ်ရှိနေသလား မသိပါဘူးဗျာ။ ဘယ်သူကမှ သစ်ပင်တွေမစိုက်ဘူးဆိုရင် သစ်ကိုင်းတွေရှည်စရာလည်း ရှိမှာမဟုတ်ဘူး။ အဲဒီအခါ မီးကြိုးနဲ့မလွတ်တာတွေ၊ ဖုန်းကြိုးနဲ့မလွတ်တာတွေလည်း ရှိမှာမဟုတ်တော့ဘူး။ အခုတော့ စိုက်တဲ့လူတွေက စိုက်နေလေတော့ ခုတ်တဲ့လူတွေကလည်း ခုတ်နေဦးမယ် ထင်ပါရဲ့ဗျာ။
ဘယ်အလုပ်ပဲလုပ်လုပ် စေတနာထည့်လုပ်ပါ
ဒီနေ့မနက်ပိုင်းမှာ ကျွန်တော်တို့မြို့လေးမှာရှိတဲ့ ဗုဒ္ဓဟူးနံနဲ့စတဲ့ ပုဂ္ဂလိကဘဏ်တစ်ခုကို သွားခဲ့ရပါတယ်။ လဆန်းရက်ဖြစ်လေတော့ လူအုပ်တစ်ပုံတစ်ပင်ကြီးကို မျက်စိထဲမှာမြင်ပြီး စိတ်ပျက်လက်ပျက်နဲ့ သွားခဲ့ရတာပါ။ မသွားမဖြစ်လို့သာ သွားရမှာဖြစ်ပေမယ့် နာရီဝက်၊ ၄၅ မိနစ်လောက်ထိုင်ပြီး စောင့်နေရတဲ့အလုပ်ကို မလုပ်ချင်တာ အမှန်ပါပဲ။ ဒီကြားထဲ ဘဏ်ဝန်ထမ်းတွေနဲ့ အဆင်မပြေဖြစ်လို့ စိတ်တိုရရင် အလကားနေရင်း စိတ်ပင်ပန်းရသေးတယ်။ မသွားမဖြစ်တော့လည်း သွားရတာပေါ့လေ။ ဘဏ်ဝင်ပေါက်ကိုရောက်တော့ တကယ်ကို အံ့သြသွားမိတယ်။ ကားတွေ၊ ဆိုင်ကယ်တွေ ရှင်းလင်းနေတာကိုး။ ပုံမှန်အားဖြင့် လဆန်း ၇-၈ ရက်လောက်အထိက လူတွေပြည့်ကျပ် နေတတ်တာကိုး။ ၀မ်းသာသွားမိတာ အမှန်ပဲ။ အချက်အလက်ဖြည့်တာတွေ စောင့်နေရင်းနဲ့ ကိုယ့်ဘာသာကိုယ် တွေးကြည့်နေမိတယ်၊ ဘာဖြစ်လို့ ဒီရက်လိုမျိုးမှာ လူတွေရှင်းနေရတာလဲ ဆိုတာပေါ့ဗျာ။ အဲဒီမှာ သူငယ်ချင်းတွေ ပြောတဲ့စကားတစ်ခွန်းကို အမှတ်မထင် ပြန်သတိရမိတယ်။ အဲဒီအချက်များ ဟုတ်နိုင်မလားပေါ့။ ဘဏ်မှာလုပ်စရာရှိတာတွေ လုပ်ပြီးတဲ့အခါ တွေးမိတာလေးကို မှန်မမှန် သိချင်တဲ့အတွက် အဲဒီနေရာကို ဆိုင်ကယ်ဘီးဦးလှည့်မိတယ်။ အိုး.... တကယ်ပဲ မှန်နေတာကိုး။ အခြားမဟုတ်ပါဘူး။ မကြာသေးခင်ကမှ အသစ်ဖွင့်လိုက်တဲ့ ပုဂ္ဂလိကဘဏ်တစ်ခုပါ။ ဘောလုံးအသင်းထောင်ထားတဲ့ ဘဏ်ဆိုပါတော့။ အဲဒီမှာ လူတွေအများကြီး ကြိတ်ကြိတ်တိုး ဖြစ်နေကြတာကိုး။ ဒါဆိုရင်တော့ သူငယ်ချင်းတွေပြောတာ မှန်နေတာပေါ့လေ။ အင်း.. တရားကျစရာကြီးပါဗျာ။ အရင်တုန်းက ကျွန်တော်တို့မှာ ရွေးချယ်စရာ ပုဂ္ဂလိကဘဏ်ဆိုလို့ တစ်ခုတည်းရှိတာကိုးဗျ။ ဘဏ်ဝန်ထမ်းတွေက မျက်နှာထားတင်းတင်းနဲ့ ဆက်ဆံတာကိုလည်း ခံရတာပဲ၊ စိတ်မရှည်တဲ့လေသံနဲ့ မေးမြန်းပြောဆိုတာကိုလည်း သည်းခံခဲ့ရတာပဲ၊ အချက်အလက်ဖြည့်တာ မပြည့်စုံလို့ ထုံ,ရန်ကော၊ အ,ရန်ကော ဆိုတဲ့အကြည့်၊ အပြောတွေနဲ့ ရန်တွေ့တာ၊ ပြောဆိုတာကိုလည်း ခံကြရတာပါပဲ၊ ကိုယ့်အလှည့်ရောက်မှန်း သိပါလျက်နဲ့ သူတို့တွေနဲ့ ခင်မင်ရင်းနှီးသူကို မြင်တဲ့အခါ ကိုယ့်အလှည့်ကိုကျော်ပြီး လုပ်ပေးလိုက်တာကိုလည်း မသိချင်ယောင် ဆောင်ခဲ့ကြရတာပါပဲ၊ စီးပွားရေးလုပ်ငန်းရှင်တွေက ပိုက်ဆံနဲ့ ကစားနေသူတွေမို့ သူတို့တွေ ပိုက်ဆံလွှဲကြ၊ ထုတ်ကြတဲ့အခါ သိန်း ၂၀၊ သိန်း ၁၀၀ စသည်ဖြင့် လွှဲကြ၊ ထုတ်ကြတာကို နားလည်ပါတယ်။ ဒါပေမယ့် ၀န်ထမ်းတွေခမျာ ရတဲ့လစာလေးထဲက မိသားစုကိုဖြစ်စေ၊ အိမ်မှာရှိတဲ့ ဇနီးမယားကိုဖြစ်စေ၊ ကျောင်းတက်နေတဲ့ သားသမီးကိုဖြစ်စေ ထောက်ပံ့နေရတဲ့အတွက် ပိုက်ဆံ ၃-၄ သောင်းလောက်လွှဲရင် လုပ်ပေးချင်သလိုလို၊ မလုပ်ပေးချင်သလိုလိုနဲ့ အကြာကြီး စောင့်ခိုင်းထားတတ် တာမျိုးကိုလည်း ကြုံခဲ့ကြရတာပါပဲ။ ဟော... အခုတော့ သူတို့တစ်ခုတည်း မဟုတ်တော့ဘူး။ မချစ်တာကို အောင့်နမ်းစရာ မလိုတော့ဘူး။ အသစ်ဖွင့်တဲ့ဘဏ်က ၀န်ထမ်းတွေက ဖော်ရွေတယ်တဲ့၊ လုပ်ငန်းလုပ်တာလည်း အကြာကြီး စောင့်စရာမလိုဘူး၊ တော်တော်မြန်တယ်တဲ့၊ အွန်လိုင်းခဆိုပြီးတော့ ယူတာကလည်း ဗုဒ္ဓဟူးနံနဲ့စတဲ့ ဘဏ်ထက် ထက်ဝက်လောက် သက်သာတယ်တဲ့။ ကိုယ်တိုင်မကြုံဖူးသေးပါဘူး၊ ပန်းသတင်းကို လေညင်းဆောင်တာပါ၊ လူသတင်းကို လူချင်းဆောင်လာကြတာပါ။ မှန်တယ်မမှန်ဘူးဆိုတာကို အဲဒီဘဏ်အသစ်ရှေ့မှာ ရပ်ထားတဲ့ ကားတွေ၊ ဆိုင်ကယ်တွေကို ကြည့်လိုက်တာနဲ့ ကျွန်တော်ခန့်မှန်းလို့ ရပါတယ်။ အခုတော့ ကျွန်တော်ယုံသွားပြီ၊ ဘယ်အလုပ်ပဲလုပ်လုပ် စေတနာထည့်လုပ်ပါဆိုတာ ရာနှုန်းပြည့်မှန်တယ်ဗျ။
ပူလိုက်တဲ့ဂျာနယ်
မနေ့က ဂျာနယ်တွေသွားယူတော့ ဆိုင်ကကောင်မလေးက ဂျာနယ်အသစ်တစ်ခု ဖတ်ကြည့်ခိုင်းတယ်။ အသစ်ထွက်တာတဲ့၊ နှစ်စောင်ပဲ ရှိသေးတယ်တဲ့။ ကြည့်လိုက်တော့ ဘယ်ဂျာနယ်နဲ့မှမတူတဲ့ အရွယ်အစား၊ ပုံသဏ္ဌာန်ကြောင့် စိတ်ဝင်စားသွားမိတယ်။ ဂျာနယ်နာမည်က HOT NEWS တဲ့။ အိုကေ... ယူမယ်ပေါ့။ ညကျတော့မှ အခန်းမှာ သေချာဖတ်ကြည့်မိတယ်။ အချပ်ပိုလိုလို ဘာလိုလိုစာရွက်ကို အပေါ်ဆုံးမှာ တင်ထားတယ်။ မျက်နှာဖုံးထင်နေတာ၊ မဟုတ်ဘူးပဲ၊ စာမျက်နှာနံပါတ်ကလည်း အချပ်ပိုလို့ ပြောရမလား၊ အချပ်မပိုဘဲ သီးသန့်ထုတ်ထားတာလို့ ပြောရမလား ဘာမှန်းကိုမသိဘူး။ စာမျက်နှာနံပါတ် ၃၊ ၄၊ ၄၅၊ ၄၆ တဲ့။ အဲဒါကိုကပဲ စတိုင်လ်လား မသိပါဘူးဗျာ။ အဲဒီစာရွက်မှာပါတဲ့ "ဒဂုံစင်တာ၏ ၀န်ဆောင်မှု" ဆိုတဲ့ သတင်းဆောင်းပါးကို ဖတ်ပြီးတဲ့အချိန်မှာ ကျွန်တော် တော်တော်ကြောက်သွားတယ်။ ၄၈ မိနစ်ကြာ ဓာတ်လှေကားအတွင်း လူတွေပိတ်မိနေလို့ အထိတ်တလန့် ခံစားခဲ့ရတယ်၊ ကလေးငယ်တွေဆိုတာ ငိုပြီး တုန်ယင်နေကြပါတယ် ဆိုပြီး ဖော်ပြထားတဲ့ ဓာတ်ပုံပေါ်မှာ စာလုံးနီ အကြီးကြီးတွေနဲ့ ရေးထားသေးတယ်။ သြော်.. စောစောက ကျွန်တော်ကြောက်သွားတယ်ဆိုတာ အဲဒီဓာတ်လှေကား မီးပျက်တဲ့ကိစ္စကို ဖတ်မိလို့ မဟုတ်ဘူးဗျ။ အဲဒီသတင်းဆောင်းပါးကို ရေးသားထားတဲ့ အရေးအသားကြောင့် အဲဒီဂျာနယ်ကို ကြောက်သွားမိတာပါ။ (ကျွန်တော်ဖတ်ဖူးသမျှပေါ့) ဘယ်ဂျာနယ်မှာမှ မဖတ်ဖူးသေးတဲ့ အရေးအသားပုံစံမျိုးကို ဖတ်လိုက်ရတော့ အံ့သြသွားမိသလို၊ နားမလည်နိုင်လည်း ဖြစ်သွားမိတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရေးထားတာက သတင်းရေးတာနဲ့ မတူဘူးဗျ။ ကိုယ်မကြိုက်တဲ့လူ၊ အမြင်မကြည်တဲ့ လူတစ်ယောက်ကို အတင်းကို ရှုတ်ချပြီး ပုတ်ခတ်နေသလိုမျိုး ဖြစ်နေတယ်။ ဖတ်နေရင်းနဲ့ ပုဂ္ဂိုလ်ရေးမုန်းတီးမှုတွေကို မြင်နေရတယ်။ ကျွန်တော်လည်း ကိုယ့်အထွာနဲ့ကိုယ်ဆိုသလို ဘယ်လိုရေးရင် ဘယ်အဓိပ္ပါယ် ဆောင်တယ်ဆိုတာလောက်တော့ နားလည်ပါတယ်ဗျာ။ စာဖတ်သူတွေကို လျှော့မတွက်ပါနဲ့ဗျ။ သူတို့ရေးထားတာဟာ ဓာတ်လှေကားထဲမှာ ပိတ်မိနေတဲ့ လူတွေအတွက် ကိုယ်ချင်းစာပြီး ရေးထားတဲ့ပုံစံ လုံးဝ(လုံးဝ)ကို မပေါက်ဘူးဗျာ။ ကြုံရင်ဖတ်ကြည့်စေချင်ပါတယ်။ မကြုံရင်လည်း မဖတ်ကြည့်ပါနဲ့။ စိတ်မတိုရဘူးပေါ့ဗျာ။ ဂျာနယ်မှာ ရေးထားတဲ့လူ အများစုက ဖတ်နေကျမဟုတ်တဲ့ စာရေးသူတွေပါ။ အဲ... ဒီဂျာနယ်က နည်းနည်းတော့ လူရည်လည်တယ်ဗျ။ စာဖတ်သူတွေက ဘယ်လိုစာရေးဆရာတွေကို သဘောကျသလဲဆိုတာ ကောင်းကောင်းသိတယ်။ သူတို့ဂျာနယ်ကို ပရိသတ်ခေါ်ချင်တော့ လူထုစိန်ဝင်း၊ မောင်ဝံသနဲ့ မာဂျေ တို့ရဲ့ စာတွေကို ထည့်ပေးထားတယ်။ ဆရာမောင်ဝံသရဲ့ "သတင်းလောကနှင့် ကျွန်တော်" ဆောင်းပါးက ဗဟုသုတအဖြစ် ဖတ်ပျော်ပါတယ်။ သူ့အတွေ့အကြုံတွေကို သိခွင့်ရတာလည်း မဆိုးပါဘူး။ ဆရာလူထုစိန်ဝင်းရဲ့ ဆောင်းပါးကိုတော့ သိပ်မကြိုက်လှဘူး။ လူတိုင်းနားလည်လွယ်တဲ့ ပုံစံလေးတွေနဲ့ ခပ်ရှင်းရှင်းရေးနေတဲ့ အရေးအသားမျိုးမဟုတ်ဘဲ ဘာပြောချင်နေမှန်း မသိအောင်ကို ရှုပ်ထွေးနေတယ်။ ဆောင်းပါးနာမည်က "အမှန်တရားဆိုတာ တစ်ခုတည်းပဲရှိတယ်" တဲ့။ အဲဒီဂျာနယ်ထဲမှာ သဘောကျမိတာလေးက "စာအုပ်လှည်းကလေးတွေလာပြီဆိုတဲ့ မယဉ်အေးရဲ့ ဆောင်းပါးလေးပဲ။ စိတ်ဝင်စားစရာပါ။ အယ်ဒီတာ့ထံပေးစာဆိုပြီး မီးပျက်ပြီး ဓာတ်လှေကား ရပ်တန့်ခဲ့ရတဲ့ ကိစ္စကိုပဲ ရေးထားတာကိုမြင်ရတော့ နားမလည်နိုင်အောင်ကို ဖြစ်ရတယ်။ တစ်ခုခုတော့ မှားနေသလား၊ ဒါမှမဟုတ် တစ်ခုခုတော့ တစ်ခုခုပဲလို့သာ ဆိုချင်ပါတယ်။ အဲဒီအယ်ဒီတာ့ထံပေးစာရယ်၊ မီးပျက်ပြီး ဓာတ်လှေကား ရပ်တန့်ခဲ့တဲ့အကြောင်း သတင်းဆောင်းပါးရယ်ကြောင့် အဲဒီဂျာနယ်ကို တစ်စောင်တည်းနဲ့ လက်လန်ချင်သလို ဖြစ်သွားမိတယ်။ သူတို့ဂျာနယ်ရဲ့ နာမည်က ဘယ်လိုအဓိပ္ပါယ် ယူထားသလဲ မဆိုနိုင်ဘူး။ ကျွန်တော်ကတော့ တော်တော်ပူတဲ့ HOT ဂျာနယ်တစ်စောင်ပဲလို့ မြင်မိကြောင်းပါ။ နောက်အပတ်ထုတ်တွေကို လေ့လာကြည့်ပါဦးမယ်။
ရုပ်ရှင်ကြည့်တိုင်း စိတ်တိုရတယ်
ကျွန်တော်ကိုဉာဏ်က ရုပ်ရှင်ဝါသနာအိုးတစ်ယောက် ဖြစ်လေတော့ မြို့ကရုပ်ရှင်ရုံမှာ ဇာတ်ကားအသစ်တင်တိုင်း သွားကြည့်ဖြစ်ပါတယ်။ သွားကြည့်တိုင်းလည်း စိတ်တိုရပါတယ်။ တခြားမဟုတ်ပါဘူး။ ရုပ်ရှင်မစခင် နိုင်ငံတော်အလံကို အလေးပြုတဲ့အချိန်မှာ ဖြစ်ပါတယ်။ ပြည်ထောင်စု မြန်မာနိုင်ငံတော်အလံဆိုတာ မြန်မာနိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြသူတွေ အားလုံးအတွက် အထွတ်အမြတ်ထားရာ မဟုတ်ဘူးလား။ အခု ကျွန်တော်တို့ အလေးပြုနေရတာ ကိုယ်ပိုင်အလံဖြစ်ပါတယ်။ ဘယ်သူ့နိုင်ငံအလံရဲ့ တံဆိပ်မှမပါဘူး၊ လွတ်လပ်တဲ့နိုင်ငံဆိုတဲ့ အမှတ်အသား၊ သရုပ်သကန် အပြည့်အ၀နဲ့ အဓိပ္ပါယ်ရှိတဲ့ အလံဖြစ်ပါတယ်။ အဲဒီအလံကို အလေးပြုတယ်ဆိုတဲ့ သဘောမျိုးနဲ့ ရုပ်ရှင်မစခင်ကလေး တစ်မိနစ်လောက် မတ်တတ်ရပ်ပေးရတာကို ဘာဖြစ်လို့များ လေးလေးစားစား မလုပ်ချင်ကြတာပါလိမ့်လို့ တွေးကြည့်လို့မရဘူး။ ထိုင်ရာမထ လုပ်ကြသူတွေကို စိတ်တိုဒေါသထွက်လို့မှ မဆုံးသေးဘူး၊ အသံသေးအသံကြောင်နဲ့ အော်ဟစ်သံတွေကို ကြားလိုက်ရတဲ့အခါ စိတ်ထဲမှာ ဘယ်လိုဖြစ်သွားမယ်ဆိုတာ စာဖတ်သူသာ တွေးကြည့်ပါတော့ဗျာ။ တစ်ခါတလေတော့လည်း လူတွေရဲ့ အကျင့်စရိုက်၊ အပြုအမူဟာ ချမ်းသာတာ၊ ဆင်းရဲတာနဲ့များ သက်ဆိုင်နေသလားလို့ တွေးကြည့်နေမိတယ်။ နယ်မြို့လေးဖြစ်လေတော့ အပေါ်ထပ်ကနေ ကြည့်ရင်တောင် ပိုက်ဆံ ၅၀၀ ကျပ်ပဲ ပေးရတာဆိုတော့ လူတိုင်းနီးနီး ကြည့်နိုင်တယ်လို့ ဆိုနိုင်ပါတယ်။ အဲဒီတော့ အမူးသမားရော၊ အရူးသမားရော အကုန်လုံးဝင်လာပြီး စောစောကလို နိုင်ငံတော်အလံ ပြနေချိန်မှာ အသံသေးအသံကြောင် အော်ဟစ်တာတွေ လုပ်ကြသလားလို့ တွေးနေမိတယ်။ အို... ကိုရွှေမြန်မာတို့ ကိုယ့်နိုင်ငံအလံကို ကိုယ်တွေကမှ တန်ဖိုးမထားကြ၊ အလေးဂရုမပြုကြရင် ဘယ်သူကလာပြီး တန်ဖိုးထားမှာလဲလို့သာ အော်မေးလိုက်ချင်ပါတယ်ဗျာ။
နိုင်ငံရေးစိတ်မ၀င်စားကြတာလား???
ကျွန်တော်နှစ်သက်မိသမျှလေးတွေကို အခြားသူတွေလည်း ဖတ်ရပါစေတော့ရယ်လို့ ပြန်လည်ဝေငှပေးနေတာကို သဘောကျတဲ့လူ များတဲ့အတွက် ၀မ်းသာမိတာ အမှန်ပါ။ ဒါပေမယ့် တစ်ခုစိတ်မကောင်းတာက နိုင်ငံရေးဆောင်းပါးတွေကို လူစိတ်ဝင်စားမှု နည်းတာပါပဲ။ ဟိုအရင်တုန်းက နိုင်ငံရေးစာပေဆိုတာ ကန့်သတ်စာပေတစ်ခုလို မမြင်ရ၊ မဖတ်ရခဲ့တာမို့ အခုလို ထိုက်သင့်သလောက် လွတ်လပ်မှုနဲ့အတူ အရှိန်အဟုန်ကောင်းကောင်းနဲ့ ပြောနိုင်၊ ရေးနိုင်၊ ဆွေးနွေးငြင်းခုန်နိုင်ကြတဲ့ အချိန်မျိုးမှာ နိုင်ငံရေးစာပေတွေကို ဖတ်ရတာဟာ အင်မတန်မှကို ကျေနပ်စရာ ကောင်းပါတယ်။ ပြောရမယ်ဆိုရင် နိုင်ငံရေးစာပေတွေဟာ ကျွန်တော်တို့ မြန်မာစာဖတ်ပရိသတ်တွေနဲ့ စိမ်းပါတယ်။ အဲဒီလို စိမ်းတဲ့အတွက်လည်း အခုလိုအချိန်မှာ ပိုပြီး အချိန်ပေးပြီး ဖတ်သင့်တယ်လို့ ထင်မိပါတယ်။ စိတ်မ၀င်စားပေမယ့် ဖတ်ဖူးတယ်၊ ကြားဖူးတယ်ဆိုတာမျိုး ဖြစ်အောင်တော့ ဖတ်ထားသင့်တယ်လို့ ထင်ပါတယ်။ အခုတော့ဗျာ... ကျွန်တော်ကသာ နိုင်ငံရေးဆောင်းပါးတွေကို တကူးတက တင်ပေးနေတယ်။ အဲဒီဆောင်းပါးတွေကို ဖတ်တဲ့လူက တစ်ခါတလေ လက်ဆယ်ချောင်းတောင် မပြည့်ချင်ဘူးဗျ။ ကျွန်တော်ရေးထားတဲ့ ထက်ထက်မိုးဦး သတင်းဆိုတဲ့ ပို့စ်ကို အခုအချိန်အထိ လာဖတ်နေကြတုန်းပဲ။ အံ့ရော.. အံ့ရော... ဆိုတဲ့ပို့စ်ကလည်း လူဖတ်များတာတွေ့ရတော့ အံ့ရော...အံ့ရော... ဖြစ်ရပြန်ရော။ အခြားဆောင်းပါးတွေဆိုရင်တော့ တစ်ခါတရံ လူကြိုက်များတဲ့အခါ ၂၀၀ ကျော်လောက်အထိ ဖတ်ကြတာကို တွေ့ရပါတယ်။ (ဥပမာ - စင်ကာပူကားမှတ်တိုင်က ဖြစ်ရပ်လေးတစ်ခုလိုမျိုးပေါ့) ပျမ်းမျှအားဖြင့် နေ့စဉ်ဘလော့ဂ်ဧည့်သည် ၄၀၀ လောက် ရှိတဲ့အထဲမှာ နိုင်ငံရေးပို့စ်တွေကို ဖတ်ရှုတဲ့အရေအတွက်ဟာ ဘယ်တုန်းကမှ တစ်ရာမကျော်တာကို အံ့သြဖွယ်ရာ တွေ့ရပါတယ်။ လူဆိုတာ ကိုယ့်စိတ်ဝင်စားမှုနဲ့ကိုယ် ဖြစ်တာမို့ အတင်းကာရော စိတ်ဝင်စားကြပါလို့ မပြောလိုပေမယ့် နိုင်ငံရေးကို စိတ်မ၀င်စားကြတာလားလို့ တွေးမိတိုင်း ကျွန်တော်ကိုဉာဏ်ရဲ့ ရင်ထဲမှာ အမျိုးအမည်မသိ ဝေဒနာတစ်ခု ဖြစ်နေတာတော့ အသေအချာပါပဲဗျာ။
အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေ....။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ သြဂုတ်လ ၃ ရက်၊ အင်္ဂါနေ့။
နေ့လည် ၂ နာရီ ၄၁ မိနစ်တွင်ပြီး၏။
နောက်ခံအပြာရောင်ပြောင်းလိုက်တော့ ဖတ်လို့တော်တော်ကောင်းသွားတယ်။ ဒီဘလော့က ဗဟုသုတအများကြီးရလို့ လာဖတ်ဖြစ်ပေမယ့် ကွန်မန့်မရေးဖြစ်ဘူး။ ကျေးဇူးအများကြီးတင်ပါတယ်။ မျက်စိထဲမှာဗျာကို အရမ်းကြိုက်တယ်။
ReplyDeleteစာဖတ်သူတွေကို တလေးတစားနဲ့၊ စာဖတ်သူတွေ အကြံပေးတဲ့အတိုင်း နောက်ခံအရောင်ပြောင်းပေးတဲ့အတွက် ကိုဉာဏ်ကို အထူးကျေးဇူးတင် လေးစားပါကြောင်း...
ReplyDeleteဘလော့ဂ် ကိုတစ်နေ့ အယောက် ၄၀၀ လောက်လာဖတ်တယ်ဆို တာ နည်းနည်းနောနော ပရိတ်သတ် တော့ မဟုတ်ဘူးဗျာ..။ ဆက်လက်အောင်မြင်ပါစေ ကိုညဏ်ရာ..။ ဒိုမိန်းလေး နဲ့ ခန့်ခန့်ထည်ထည်လေး ဖြစ်စေချင်တဲ့စိတ်လေး လည်း ရှိတယ်..။
ReplyDelete