Sunday, August 08, 2010

ပင်မရေစီးကြောင်းနှင့် ဇာတ်ကောင်တို့၏ ကြံရွယ်ချက် - မောင်စူးစမ်း


mgsusan.jpg
ပင်မရေစီးကြောင်း
ပါတီစုံနိုင်ငံရေးစနစ်ဟု ပြောသော်လည်း တကယ့်လက်တွေ့၌ နိုင်ငံရေးကစားကွင်းထဲ ကျန်ရစ်သည့် ပါတီအရေအတွက်သည် သုံး၊ လေး ပါတီလောက်သာ ရှိမည်ဟု ခန့်မှန်းရသည်။ ယင်းတို့ကိုပင် အဓိကနိုင်ငံရေးပါတီများ သို့မဟုတ် ပင်မရေစီးကြောင်းပါတီများဟု ခေါ်လေ့ခေါ်ထရှိသည်။ ပင်မရေစီးကြောင်းပါတီ (၀ါ) အဓိကနိုင်ငံရေးပါတီများ ပုံသဏ္ဌာန်သည် ရွေးကောက်ပွဲ မတိုင်မီ၌လည်း ပေါ်တတ်သည်။ ရွေးကောက်ပွဲပြီးမှလည်း ပေါ်တတ်သည်။ အဓိကနိုင်ငံရေးပါတီသည် ပါတီများ မဟာမိတ်ဖွဲ့ခြင်းအဖြစ်လည်း ပေါ်နိုင်သည်။

ယခုလက်ရှိ မြန်မာ့နိုင်ငံရေးကိုကြည့်လျှင် ရွေးကောက်ပွဲမတိုင်မီ၌ အဓိကနိုင်ငံရေးပါတီ မပေါ်သေးဟူ၍လည်း ပြောနိုင်သည်။ ပေါ်ပြီးပြီ၊ ပေါ်နေပြီဟူ၍လည်း ပြောနိုင်သည်။ နှစ်မျိုးစလုံး ဖြစ်နိုင်ချေရှိသည်။ NLD ပါတီသည် နိုင်ငံရေးဇာတ်ခုံမှ စွန့်ခွာသွားသဖြင့် အဓိကနိုင်ငံရေးပါတီ မဟုတ်တော့ပြီ။ တ.စ.ည ကျန်သည်။ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့က နိုင်ငံရေးပါတီအဖြစ် ဖွဲ့စည်းသဖြင့် အဓိကနိုင်ငံရေးပါတီ ဖြစ်လာသည်။

ငြင်းခုံစရာ
သို့သော် ဤအချက်ကို ဧကန်မပြောနိုင်ပြန်ပေ။ ပင်မရေစီးကြောင်းပါတီ ဖြစ်လာရန် နိုင်ငံရေးအရ အစမ်းသပ်ခံရန်လိုသည်။ ရွေးကောက်ပွဲ မဲအများဆုံးရရှိရန် လိုသည်။ အာဏာရပါတီ ဖြစ်နေသည့် အချက်တစ်ချက်တည်းကို ကြည့်၍လည်းကောင်း၊ လက်ရှိသြဇာရှိနေမှုကို ကြည့်၍လည်းကောင်း ပါတီတစ်ရပ်အား ပင်မရေစီးကြောင်း ပါတီဖြစ်သည်ဟု မသတ်မှတ်နိုင်သေးဟု ယူဆသည်။ ရွေးကောက်ပွဲဖြင့် အစမ်းသပ်ခံပြီးမှ မည်သည့်ပါတီသည် ပင်မရေစီးကြောင်း ပါတီဖြစ်ကြောင်း သတ်မှတ်နိုင်မည်။

ဆင်ခြေတစ်ခု ပေးနိုင်သည်။ အာဏာရသူတို့က ဖွဲ့စည်းသော နိုင်ငံရေးပါတီသည် အလိုအလျောက် ပင်မရေစီးကြောင်းပါတီ ဖြစ်လာသည်ဟု မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကိုကြည့်၍ ကောက်နုတ်ပြောသည်။ ထိုအချက်ကို မူတည်၍ လက်ရှိအစိုးရက စပွန်ဆာလုပ်သော ပါတီသည် အလိုအလျောက် ပင်မရေစီးကြောင်းပါတီ ဖြစ်ရမည်ဟု ဆိုသောအချက်သည် ငြင်းခုံစရာဖြစ်သည်။

ရေစစ်သလို
ရွေးကောက်ပွဲပြီးလျှင်ကား ရှင်းသည်။ အဓိကနိုင်ငံရေးပါတီတို့ဆိုပြီး လူထု၏ မဲအများအလိုက် ပေါ်လာမည်။ သဘောမှာ ပါတီစုံစနစ်သည် အဓိကနိုင်ငံရေးပါတီစနစ်သို့ ကူးပြောင်းသွားရမည်။ ပါတီစုံဆိုသည့်အတိုင်း ပါတီပေါင်း ၄၀ ခန့် ရှိနေသည်။ ဤပါတီတို့ကို ရေစစ်သလို စစ်ချရန် နည်းနှစ်နည်းရှိသည်။ ပထမနည်းသည် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့က စည်းမျဉ်းတို့ဖြင့် ပါတီအရေအတွက်ကို လျှော့ချသည့်နည်း ဖြစ်သည်။ ဒုတိယနည်းသည် ရွေးကောက်ပွဲရလဒ်ဖြင့် လျှော့ချသည့်နည်း ဖြစ်ပါသည်။ ပထမနည်းသည် ဗျူရိုကရေစီဆန်၍ စာရေးသူအနေဖြင့် မထောက်ခံလိုပေ။ ဒုတိယနည်းသည်သာ နိုင်ငံရေးသဘာဝနှင့် ကိုက်ညီသောနည်းလမ်း ဖြစ်သည်ဟု ယူဆသည်။ နိုင်ငံရေးပါတီတို့၏ ကံကြမ္မာသည် ရွေးကောက်ပွဲအပေါ် မှီတည်စေရမည်။

ယခုရွေးကောက်ပွဲသည် ၁၉၉၀ ပြည့်နှစ်က ကျင်းပပြုလုပ်သော ရွေးကောက်ပွဲနှင့်မတူ။ ထိုစဉ်က ဖွဲ့စည်းပုံ အခြေခံဥပဒေမရှိ။ ယခုရွေးကောက်ပွဲသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ကျင်းပခြင်းဖြစ်၍ နိုင်ငံရေးစနစ်သစ်ကို ထူထောင်ပေးသော သဘောလည်းရှိသည်။ အုပ်စိုးသူတို့အတွက် မဟာဗျူဟာ ထွက်ပေါက်လည်း ဖြစ်သည်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲသည် နိုင်ငံရေးအကျပ်အတည်းကို အဆင်ပြေအောင် ဖြေရှင်းနည်းသဘောဖြစ်၍ ယခုကျင်းပမည့် ရွေးကောက်ပွဲသည် အခြေခံဥပဒေအရ လိုအပ်ချက်သဘော ဖြစ်သည်။ အဆင်ပြေအောင် ဖြေရှင်းနည်းနှင့် လိုအပ်ချက်အရ ဖြေရှင်းနည်းတို့သည် အခြေခံသဘာဝအရ မတူညီပေ။

ဇာတ်ကောင်တို့၏ ကြံရွယ်ချက်
ဤနေရာ၌ ဇာတ်ကောင်တို့ ကြံရွယ်ချက်သည် ပြဿနာ၏ နှလုံးသည်းပွတ် ဖြစ်လာသည်။ အထူးသဖြင့် အုပ်စိုးသူခေါင်းဆောင်မှုက နိုင်ငံရေးတွင် စစ်ဘက်မှ ပါဝင်ပတ်သက်မှုကို အရှည်၌ လျှော့ချသွားမည်လား၊ သို့တည်းမဟုတ် တိုးချဲ့သွားမည်လားဟူ၍ မေးစရာပေါ်ခြင်း ဖြစ်သည်။ ဤမေးခွန်း၏ အဖြေကို မျိုးဆက်သစ် စစ်ဘက်ခေါင်းဆောင်မှုအပိုင်းက ဆုံးဖြတ်ရပါလိမ့်မည်။ ခေတ်သစ်တိမ်းညွှတ်ချက်သည် စစ်ဘက်ကဏ္ဍကို မဲဆန္ဒရှင်နှင့် လွှတ်တော်တို့က ဆုံးဖြတ်စေခြင်း ဖြစ်သည်။ နိုင်ငံတော်နှင့် စစ်သားဆက်ဆံရေးသည် ဒီမိုကရေစီ အကျိုးစီးပွားကို အားကောင်းစေရန် ဖြစ်သည်။ ထို့ကြောင့် လက်ရှိမြန်မာ့နိုင်ငံရေးတွင် ဒီမိုကရေစီပေါ်ထွန်းရေးသည် အခြေခံအကျဆုံး လုပ်ငန်းဖြစ်ရမည်ဟု ယူဆသည်။
အညွှန်း - The Soldier And the State by S.Hun Lington

No comments:

Post a Comment

 
Web Statistics