Monday, August 09, 2010

လူတော်လူကောင်းများကို ရွေးချယ်ရေး


နိုင်ငံရေးဟူသည် တိုင်းသူပြည်သားတိုင်းနှင့် သက်ဆိုင်သည်။ ထို့ကြောင့် လူတိုင်း နိုင်ငံရေးကို စိတ်ဝင်စားသင့်သည်ဟူသော တိုက်တွန်း ပြောဆိုချက်သည် မည်သည့်အချိန်အခါတွင်မှ မမှားယွင်းသော အဆို ဖြစ်သည်။ ထို့ပြင် ကျောင်းဆရာ စာသင်နေတာ နိုင်ငံရေးပဲ၊ ဆရာဝန် ဆေးကုနေတာ နိုင်ငံရေးပဲ၊ အင်ဂျင်နီယာ လမ်းဖောက်နေတာ နိုင်ငံရေးပဲ ဟူသော အဆိုများသည်လည်း မည်သို့မျှ မမှားယွင်းပေ။ သို့သော် ယင်းတို့သည် မိမိ၏ အသိပညာ၊ အတတ်ပညာတို့ဖြင့် မိမိ၏ အသက်မွေးဝမ်းကျောင်း အလုပ်ကို လုပ်ရင်း နိုင်ငံကို အကျိုးပြုနေခြင်းဖြစ်၍ အမျိုးသားနိုင်ငံရေးကို ရွက်ဆောင်နေခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။

အထက်တွင် ဆိုခဲ့သော တိုင်းသူပြည်သားတိုင်း တာဝန်ရှိသည့် အမျိုးသားနိုင်ငံရေးအပြင် အချိန်ပြည့်နိုင်ငံရေး လုပ်ဆောင်သူများလည်း တိုင်းပြည်တိုင်းတွင် လိုအပ်သည်။ ဤနေရာတွင် အချိန်ပြည့်နိုင်ငံရေးဟု သုံးနှုန်းရာ၌ ပါတီနိုင်ငံရေး ဆောင်ရွက်ခြင်းလည်း အကျုံးဝင်သည်။ ယုံကြည်ချက်တူ၊ ရည်မှန်းချက်တူသူများ စုဖွဲ့ဆောင်ရွက်ခြင်းကို ပါတီဟု ခေါ်ဆိုသည်ဖြစ်ရာ ပါတီတစ်ခုနှင့်တစ်ခု ယုံကြည်ချက်၊ ရည်မှန်းချက်၊ လုပ်နည်းကိုင်နည်းများ မတူနိုင်ချေ။ ပါတီတိုင်းကလည်း မိမိတို့၏ ၀ါဒနှင့် လမ်းစဉ်သာလျှင် မှန်ကန်သည်၊ မိမိတို့ ဦးဆောင်လုပ်ကိုင်ခွင့်ရလျှင် တိုင်းပြည်ကို လက်ရှိထက်ပို၍ တိုးတက်အောင် လုပ်ဆောင်နိုင်သည်ဟု ယုံကြည်ကြမည်သာ ဖြစ်သည်။ သို့ဖြစ်ရာ အခြားပါတီများထက် မိမိတို့က သာလွန်ကောင်းမွန်ကြောင်းကို ပေါ်လွင်ထင်ရှားအောင် ပြသရန် တာဝန်ရှိလာသည်။

နိုင်ငံရေးပါတီများသည် မိမိတို့ပါတီ၏ မူဝါဒနှင့် လုပ်ငန်းစဉ်များကို ပြည်သူလူထုထံ လေးလေးစားစား တင်ပြကြရသည်။ အဘယ်ကြောင့်ဆိုသော် ပြည်သူလူထု၏ ထောက်ခံမဲကို လိုချင်သောကြောင့် ဖြစ်သည်။ ဒီမိုကရေစီ သဘောတရားအရ အာဏာသည် ပြည်သူလူထုထံမှ ဆင်းသက်သည်ဖြစ်ရာ ပြည်သူလူထုက မိမိတို့အား ကိုယ်စားပြုအာဏာ အပ်နှင်းရန် ပါတီများသည် အပြိုင်အဆိုင် ကြိုးစားကြရမည် ဖြစ်ပေသည်။

လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲတစ်ခု ဖြစ်ပေါ်လာပါက ပြည်သူလူထုသည် မည်သည့် အရည်အချင်းများကို ကြည့်၍ မဲပေးမည်နည်း။ ဆိုရှယ်လစ်ဝါဒ၊ ကွန်မြူနစ်ဝါဒ၊ ဒီမိုကရက်တစ် ဆိုရှယ်လစ်ဝါဒ၊ အရင်းရှင်ဝါဒ စသည်ဖြင့် ကွဲကွဲပြားပြား ရည်တည်ချက် ဖော်ပြ၍ ပါတီများ ယှဉ်ပြိုင်ခဲ့ကြချိန်တွင် မဲဆန္ဒရှင် ပြည်သူတို့သည် ၀ါဒရေးရာကိုပါ ထည့်သွင်းစဉ်းစားပြီးမှ မဲပေးခဲ့ကြသည်။ ဆိုရှယ်လစ်ဝါဒအကြောင်း သေချာဂန မသိနားမလည်သော်လည်း ဆိုရှယ်လစ်ဝါဒသည် ဆင်းရဲသားများ ကောင်းစားအောင် ဆောင်ရွက်ပေးသောဝါဒ ဖြစ်သည်၊ ငွေရင်းငွေနှီး များပြားစွာရှိသူ လူနည်းစုက ငွေအရင်းမရှိသူများ၏ လုပ်အားကို ဈေးနှိမ်ဝယ်ယူ၍ ခေါင်းပုံဖြတ် သွေးစုတ်သော အရင်းရှင်စနစ်ကို ဆိုရှယ်လစ်ဝါဒီတို့က ဖြိုဖျက်လိမ့်မည်၊ ထိုအခါ မိမိလုပ်သလောက် ခံစားခွင့်ရှိသည့် လူ့ဘောင်သစ် ပေါ်ပေါက်လာမည် စသည်ဖြင့် အခြေခံလောက်ကိုမူ သဘောပေါက်ခဲ့ကြသည်။ သို့သော် ထိုစနစ်ကို အကောင်အထည် ဖော်မည်ဟုဆိုကာ ပြည်သူများထံမှ ထောက်ခံမဲ တောင်းသူများမှာ လူသားများပင် ဖြစ်သည်။ လောဘ၊ ဒေါသ၊ မာန်မာန မကင်းသည့် လူသားများပင် ဖြစ်သည်။ ထိုလူသားများသည် လူသားပီပီ မှားခဲ့ကြပေသည်။ သို့ဖြင့် ဆိုရှယ်လစ်စနစ်သည် မအောင်မြင်ခဲ့ချေ။ ပါတီစုံ လစ်ဘရယ် ဒီမိုကရေစီစနစ်သည် သမိုင်းလိုအပ်ချက်အရ ပေါ်ပေါက်လာသည်။

မြန်မာနိုင်ငံတွင် မကြာသေးမီက ပေါ်ပေါက်လာသော နိုင်ငံရေးပါတီများက မိမိတို့၏ မူဝါဒနှင့် လုပ်ငန်းစဉ်များကို ထုတ်ပြန်ကြေညာခဲ့ကြရာ၌ ယခု ဇူလိုင် ၂၀၁၀ ကာလအထိ တွေ့ရသမျှတွင် လက်ဝဲ၀ါဒ ဟု ခေါ်ဆိုကြသော ဆိုရှယ်လစ်၊ ကွန်မြူနစ်ဝါဒကို လက်ခံကျင့်သုံးသွားမည်ဟု ကြေညာသည့်အဖွဲ့ တစ်ဖွဲ့မျှ မပါရှိချေ။ ယနေ့ အချိန်အခါတွင် နိုင်ငံရေးပါတီအများစုသည် လစ်ဘရယ် ဒီမိုကရေစီ လမ်းကြောင်းကို လိုက်လျက်ရှိသည်။ ထိုအခါ မူဝါဒလမ်းစဉ်အားဖြင့် တစ်ပါတီနှင့် တစ်ပါတီ ထူးထူးခြားခြား ကွဲပြားသည်ဟု ဆိုစရာ မရှိတော့ချေ။ စီးပွားရေးမူဝါဒတွင်လည်း ဈေးကွက်စီးပွားရေးနှင့် စီးပွားရေးတွင် အစိုးရပါဝင်ပတ်သက်မှု အနည်းဆုံးဖြစ်စေရေး (Minimalism) ၀ါဒကိုသာ အားလုံးက ရှေ့တန်းတင်ကြသည်။ သို့ဖြင့် သိသာကွဲပြား ခြားနားသော မူဝါဒနှင့် လုပ်ငန်းစဉ် မတွေ့ရသည့်အတွက် ရွေးကောက်ပွဲတွင် မဲဆန္ဒပေးမည့် ပြည်သူများသည် ပါတီတစ်ရပ်လုံးကို ခြုံငုံကြည့်ရှုကာ မည်သို့သော လူအမျိုးအစားများ ပါဝင်ဖွဲ့စည်းထားသနည်း ဆိုသည်ကို အကဲဖြတ်ကြဖို့သာ ရှိသည်။ ဆိုလိုသည်မှာ တစ်ပါတီနှင့် တစ်ပါတီ မူမကွဲပြားဘူးဆိုလျှင် လူကောင်းနှင့် လူညံ့ ခွဲခြားစစ်ဆေးဖို့သာ ရှိတော့မည် ဖြစ်သည်။

ပါတီဟူသည် "သူတော်ချင်းချင်း သီတင်းလွေ့လွေ့ ပေါင်းဖက်တွေ့" ဟူသော စကားအလာအတိုင်း သွေးတူ မွေးတူ လူအများ ဖွဲ့စည်းထားခြင်း ဖြစ်သည်။

မဲဆန္ဒရှင်များသည် ရွေးချယ်ရန် ခက်ခဲသည့် အနေအထားမျိုးနှင့် ကြုံတွေ့ကြရဖွယ် ရှိသည်။ လူတော်လူကောင်း အများစုပါဝင်သော ပါတီကို ရွေးချယ်လိုသည့်တိုင်အောင် ထိုပါတီသည် နိုင်ငံလုံးအနှံ့ ကျယ်ပြန့်သော အတိုင်းအတာ မရှိပါက ရည်မှန်းချက် ပေါက်မြောက်နိုင်ဖွယ် မရှိချေ။ မည်သို့ရှိစေ၊ အနိမ့်ဆုံးအားဖြင့် လူတော် လူကောင်းများကိုသာ ရွေးချယ်မည်ဟူသော ပြဌာန်းချက်ကိုကား ချမှတ်ထားကြဖို့ လိုအပ်ကြောင်း နှိုးဆော်လိုက်ရပေသည်။

No comments:

Post a Comment

 
Web Statistics