Saturday, September 18, 2010

ကိုဉာဏ် မှတ်စုများ (၁၈၊ စက်တင်ဘာ၊ ၂၀၁၀)


မှတ်စု (၁)
ဆောင်းပါးအမည် - တောင်ဖြိုတဲ့ အဘိုးအိုများ
ရေးသူ - မောင်ဝံသ
နေရာ - ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ-၁၊ အမှတ်-၁၁၊ စာမျက်နှာ-၃။

.............
..............................

တကယ်တော့ နိုင်ငံရေးသမားဆိုတဲ့ အသုံးအနှုန်း အခေါ်အဝေါ်သည်ပင် မကြားရတာ အတော်ကြာခဲ့ပြီး ဒီဘက်ခေတ်ကျမှ ပြန်ကြားလာရတာပါ။ နိုင်ငံရေးသမားဆိုတာကို ရည်ရွယ်ချက်ရှိရှိနဲ့ တမင် နာမည်ဖျက်သူတွေက ဖျက်ခဲ့ကြလေတော့ အများပြည်သူတွေရဲ့ သာမန်အသိထဲမှာ နိုင်ငံရေးသမားဆိုတာ အခွင့်အရေးသမားတွေ၊ အာဏာရူးသူတွေလို့ အစွဲအလမ်းကြီးနဲ့ မြင်နေကြတာလည်း ကြာပြီ။

.............
.........................

နိုင်ငံရေးသမားအားလုံးဟာ လူချွန်လူမွန်တွေချည်းပဲတော့ ဘယ်ဖြစ်နိုင်ပါ့မလဲ။ ကျောင်းဆရာတိုင်း အသင်အပြကောင်းရမယ်လို့ မပြောနိုင်သလို၊ ဆရာဝန်တိုင်း အကုအသ ကောင်းရမယ်လို့ မပြောနိုင်သလို၊ နိုင်ငံရေးသမားတိုင်းလည်း အတွေးအခေါ် ကောင်းရမယ်လို့ ဘယ်ပြောနိုင်ပါ့မလဲဗျာ။

................
.............................

မော်စီတုန်းရဲ့ နာမည်ကျော် လက်ရွေးစင် ဆောင်းပါးသုံးပုဒ်ထဲက "တောင်ဖြိုတဲ့ အဘိုးအိုမိုက်" ဆောင်းပါးကို သတိရတယ်။ အဘိုးအို ယွိကုံးကာ သူတို့လယ်မြေကို အနှောင့်အယှက်ဖြစ်နေတဲ့ တောင်ကြီးတစ်တောင်ကို တူရွင်းတစ်လက်နဲ့ နေ့တိုင်းပေါက်ပြီး ဖြိုဖို့ ကြိုးစားနေသတဲ့။ သူ့အကြံကို လူတိုင်းက ဟားတိုက်ကြပေမယ့် အဘိုးအိုက ဇွဲနပဲကြီးစွာဖြင့် ဆက်ဖြိုနေတာပဲတဲ့။ နောက်ဆုံးတော့ နတ်သိကြားတွေက အဘိုးအိုကို ၀ိုင်းကူဖြိုပေးလို့ တောင်ကြီးပြိုသွားရောတဲ့။ မော်စီတုန်းက နိဂုံးချုပ်ပေးရာမှာ နတ်သိကြားတွေဆိုတာ ပြည်သူတွေပဲတဲ့။ ဇွဲကြီးတဲ့ အဘိုးအိုရဲ့ စစ်မှန်တဲ့ လုပ်ရပ်ကို သဘောပေါက်လာတဲ့အခါ ပြည်သူတွေက သူ့ကို အားပေးထောက်ခံခြင်းဖြင့် တောင်ကြီးပြိုသွားတာပါပဲလို့ ဆိုတယ်ဗျ။

မှတ်စု (၂)
ဆောင်းပါးအမည် - ကျောက်စက်ရေ [နန်းတော်ရှေ့ကအသံ (၁၁)]
ရေးသူ - ဆူးငှက်
နေရာ - ENVOY (သတင်းတမန်) ဂျာနယ်၊ အမှတ်-၂၃၊ စာမျက်နှာ-၁၃။

...................
...........................

ကျွန်တော့်စကား မဆုံးခင် လက်ကာပြီး "တော်.... တော်... ကိုယ့်လူ ကျုပ်က စာအကြောင်း၊ ပေအကြောင်း ကြားချင်တာဗျ။ ဘာမဟုတ်တဲ့ ပုဂ္ဂိုလ်ရေးကိစ္စတွေနဲ့ အချိန်ကုန် မခံနိုင်ဘူး" လို့ ချက်ချင်းတုံ့ပြန်လိုက်တယ်။
ဒီတော့မှ ကျွန်တော်လည်း သတိရသွားပြီး စကားကို ချက်ချင်းရပ်လိုက်တယ်။ မျက်နှာတစ်ပြင်လုံးလည်း ထူပူပြီး ရှက်သွားတယ်။ သြော်... ကျွန်တော်တို့လည်း အဖိုးတန်အချိန်တွေကို ဘာမှမဟုတ်တဲ့ ပုဂ္ဂိုလ်ရေးကိစ္စတွေနဲ့ ကုန်လွန်ခဲ့ပါလားဆိုပြီး အသိတရား ရသွားတယ်။ ဟုတ်တယ်... စာဖတ်ပရိသတ်က ကျွန်တော်တို့ကို ဝေဖန်လိုက်တာပဲ။ သူ့ဝေဖန်ချက်က မှန်တယ်။ စာဖတ်ပရိသတ်က ဝေဒနာအားလုံးကို ကိုယ်စားပြုထားတာပဲ။ အကျိုးမရှိတဲ့၊ မလိုအပ်တဲ့ အချက်အလက်တွေအတွက် သူတို့ အချိန်ကုန်ခံမှာ မဟုတ်ဘူး။ သူတို့မှာ အားအားယားယား အချိန်မရှိခဲ့ဘူး။ မရှိတာမှ နှစ်ပေါင်း ဆယ်စုနှစ်တွေများစွာ အထပ်ထပ်ရှိခဲ့ပြီ။ သူတို့ မောလှပြီ။ သူတို့ ပင်ပန်းလှပြီ။ သူတို့အတွက် အမောပြေစေမယ့် ပင်ပန်းမှုပြေပျောက်စေမယ့် ကျောက်စက်ရေ တစ်စက်မျှ သောက်သုံးခွင့်ရလျှင်ပင် သူတို့က ကျွန်တော်တို့ရေးသော စာတစ်ပုဒ်၊ ကဗျာတစ်ပုဒ်ကို တန်ဖိုးထားပေလိမ့်မယ်။

................
....................

တကယ်တမ်း ကျွန်တော်တို့စာတွေကို ဖတ်ကြမယ့် သန်းပေါင်းများစွာသော စာဖတ်ပရိသတ်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ခြောက်ဆယ်ကျော်ကတည်းက အခြေအနေထက် အများကြီး မပြောင်းလဲသေးဘူး။ မောကြတုန်း၊ ပန်းကြတုန်း၊ မျှော်လင့်ကြတုန်းပါ။ သူတို့ လိုချင်တဲ့ အမောပြေ ကျောက်စက်ရေ တစ်ခွက်တလေ တိုက်နိုင်ပါပြီလား။ သေချာတာတစ်ခုကတော့ ကျွန်တော်တို့ စာမျက်နှာတွေ အားလုံးရဲ့ ရာခိုင်နှုန်း တော်တော်များများမှာ သူတို့အတွက် အကျိုးမရှိတဲ့၊ သူတို့ မလိုလားတဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာတွေ၊ မျက်နှာဖုံးတွေ၊ သင်္ကြန်အမြောက်တွေ၊ ဇာတ်ဝင်ခန်း ကန့်လန့်ကာတွေ၊ လျှောက်လွှာတွေ၊ ပါမစ်တွေ၊ ဂုဏ်ထူးဆောင် လက်မှတ်တွေ၊ ထောက်ခံစာတွေ၊ ရွှေနားတော်သွင်း ဧချင်းတွေ၊ အမျက်ဖြေလင်္ကာတွေ၊ ဘောလယ်တွေ၊ ကိုယ်ရည်သွေး တီးလုံးတွေ၊..........။

မှတ်စု (၃)
ဆောင်းပါးအမည် - စီကြူ (CQ)
ရေးသူ - ပါမောက္ခဒေါက်တာအောင်ထွန်းသက်
နေရာ - မြန်မာပို့စ်ဂျာနယ်၊ အတွဲ-၂၊ အမှတ်-၃၅၊ စာမျက်နှာ-၁၇။

.............
...................

လူတိုင်းမှာ ပြုစုပျိုးထောင်ရမယ့် ဉာဏ်ရည်ထက်မြက်မှု (Intelligence) လေးမျိုး
(၁) Physical Intelligence (PQ)
လူတိုင်း ကျန်းမာရေးကို ဂရုစိုက်ရမယ်၊ သတိထားရမယ်။ မကျန်းမာရင် ဘာမှလုပ်လို့မရဘူး။ ကျန်းမာရေးလိုက်စားမှုလို့ ပြောတဲ့နေရာမှာ ကျန်းမာရေးကို ထိခိုက်နိုင်မယ့် အပြုအမူတွေကို ရှောင်ကြဉ်ဖို့လည်း အရေးကြီးပါတယ်။ ဆေးလိပ်သောက်ခြင်း၊ အရက်အလွန်အကျွံသောက်ခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲမှု၊ ဒါတွေဟာ မိမိရဲ့ ကျန်းမာရေးကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ အပျော်အပါး ကြူးတာလည်း အလွန်ထိခိုက်နိုင်တဲ့ အပြုအမူ ဖြစ်ပါတယ်။

(၂) Intelligence Quotient (IQ)
လူတွေကတော့ IQ ဉာဏ်ရည်ထက်မြက်မှုကို ပညာရေးနဲ့ ကူညီတယ်လို့ ယူဆကြပါတယ်။ အမှန်တော့ IQ ဆိုတာဟာ မွေးရာပါ ဉာဏ်ရည်ထက်မြက်မှု ဖြစ်ပါတယ်။ ပျမ်းမျှခြင်းအားဖြင့် လူတိုင်းဟာ IQ တန်ဖိုး ၈၀ ကနေ ၁၂၀ အတွင်း ရှိတယ်လို့ ပြောကြပါတယ်။ ၈၀ ထက် နိမ့်နေရင်တော့ ဉာဏ်ရည်မမီဘူးလို့ သုံးသပ်ကြတယ်။ ၁၂၀ ကျော်ရင်တော့ ဉာဏ်ရည်သိပ်ထက်တဲ့၊ တော်တဲ့သူတွေပေါ့။ IQ ဟာ မွေးကင်းစကစပြီး အသက် ၁၂ နှစ်လောက်အထိ တိုးလာတာ တွေ့ရတယ်။ နောက်ပိုင်းမှာတော့ ဉာဏ်ကြီးလာပေမယ့် IQ ကတော့ မတိုးတက်နိုင်တော့ဘူး။ IQ ကို ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားရင် Mental intelligence အဖြစ် သတ်မှတ်တာ တွေ့ရပါတယ်။ Mental intelligence ကို ပြုစုနိုင်တာကတော့ စာဖတ်ခြင်း၊ စာကိုလေ့လာခြင်း၊ တွေးခေါ်ခြင်းတို့ပဲ ဖြစ်ပါတယ်။

(၃) Emotional Intelligence (EQ)
EQ ရဲ့ ထူးခြားချက်ကတော့ လူမျိုး၊ ဘာသာ၊ အသက်၊ ကျား-မ မရွေး တိုးအောင်လုပ်လို့ ဖြစ်တယ်။ EQ မှာ အပိုင်းလေးပိုင်းရှိတယ်။

  1. Self Awareness မိမိကိုယ်မိမိ သိရှိခြင်း
  2. Self Management မိမိကိုယ်မိမိ ထိန်းသိမ်းနိုင်ခြင်း
  3. Social Awareness အများနဲ့ပတ်သက်ပြီး သိနားလည်မှုရှိခြင်း
  4. Relationship Management အများနဲ့ ဆက်ဆံမှုကို စီမံထိန်းသိမ်းနိုင်ခြင်း

(၄) Spiritual Intelligence (SQ)
မိမိယုံကြညိကိုးကွယ်မှု၊ ယုံကြည်မှုအပေါ် အခြေခံပြီး မိမိဘ၀ကို စီမံနိုင်စွမ်းပဲဖြစ်ပါတယ်။ လူတွေဟာ ဘာသာရေးနဲ့ ပတ်သက်လာရင် ယုံကြည်မှုအမျိုးမျိုး ရှိနေကြတာပေါ့။ ဘယ်သာသာရေး အယူအဆကို လက်ခံသည်ဖြစ်စေ၊ မိမိရဲ့ တန်ဖိုးထားမှု၊ ယုံကြည်မှုတွေကို ဆုပ်ကိုင်ထားပြီး မွန်မြတ်တဲ့ အတွေးအခေါ်၊ အယူအဆ၊ အပြုအမူတွေကို ရင်ဝယ်ပိုက်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။

............
..............

Globalization ကြောင့် လိုအပ်လာတဲ့ intelligence ဉာဏ်ရည်ထက်မြက်မှု တစ်မျိုးဖြစ်တဲ့ Cultural Intelligence (CQ) အကြောင်း။
တလောက ဟောလိဝုဒ်အော်စကာဆုပေးပွဲမှာ ယှဉ်ပြိုင်ဖို့ အရွေးခံရတဲ့ ရုပ်ရှင်တစ်ခုမှာ မျက်မှောက်ခေတ်ကာလ စီးပွားရေးလုပ်ငန်းတွေကို သရော်ထားတာ တွေ့ရတယ်။ ဒီရုပ်ရှင်ထဲမှာ ၀န်ထမ်းတစ်ဦးက Glocal ဆိုတဲ့ စကားလုံးကို သုံးစွဲသွားခဲ့ပါတယ်။ Global နဲ့ Local ဆိုတဲ့ စကားလုံးနှစ်ခုကို ပေါင်းစပ်ထားခြင်း ဖြစ်ပါတယ်။ မျက်မှောက်ခေတ်မှာ ဒီအယူအဆကို အသုံးပြုပြီး ၀န်ထမ်းတစ်ဦး အလုပ်ဖြုတ်ချင်ရင် ကိုယ်တိုင်ရာရောက် ခရီးဝေးကြီးသွားပြီး မျက်နှာချင်းဆိုင် လုပ်စရာမလိုတော့ဘဲ အင်တာနက်ကတစ်ဆင့် လုပ်ဆောင်နိုင်ကြောင်း တင်ပြခဲ့ပါတယ်။
...............
......................
အခုဆိုရင် ယဉ်ကျေးမှု မတူညီတဲ့ နိုင်ငံတွေမှာ အရေးအကြီးဆုံး စီမံခန့်ခွဲမှု စိန်ခေါ်မှုတစ်ရပ် ဖြစ်ပါတယ်။ သုတေသန တွေ့ရှိချက်တစ်ခုအရ နိုင်ငံခြားတိုင်းပြည်တွေမှာ တာဝန်ပေးခြင်း ခံရတဲ့ မန်နေဂျာများအနက် ရာခိုင်နှုန်း ၄၀ ဟာ တာဝန်မပြီးဆုံးမီ အငြိမ်းစားယူခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။ အခုလို အငြိမ်းစားယူရတဲ့အကြောင်းကို စုံစမ်းရာမှာ လုပ်ငန်းကျွမ်းကျင်မှု အားနည်းခြင်းကြောင့် မဟုတ်ဘဲ ယဉ်ကျေးမှု ပြဿနာများကြောင့်ဖြစ်ကြောင်း တွေ့ရှိရပါတယ်။

ဒါတွေ အားလုံးကို ခြုံငုံပြီး စီမံခန့်ခွဲသူများအနေနဲ့ CQ ရှိသင့်ေဲကာင်း သုံးသပ်ခဲ့ပါတယ်။ CQ လို့ ဆိုရာမှာ မိမိဝတ်ထားတဲ့ ဖိနပ်ကို ဘယ်ဘက်ဦးလှည့်ရမလဲ၊ Business card တွေ လဲလှယ်တဲ့အခါ ဘယ်လောက်ကြာကြာ ကြည့်သင့်သလဲ စတဲ့အကြောင်းတွေ ပါဝင်ပါတယ်။

ပါမောက္ခ Livermon က CQ သည် ယဉ်ကျေးမှု မတူညီတဲ့ အဖွဲ့အစည်းများ၊ လူမျိုးခြားများနဲ့ နိုင်ငံခြားတွင် ထိရောက်စွာ ဆောင်ရွက်နိုင်မှုဟု အဓိပ္ပါယ် ဖွင့်ဆိုခဲ့ပါသည်။

မှတ်စု (၄)
ဆောင်းပါးအမည် - အဓိပ္ပါယ်ရှိတဲ့ဘဝ
ရေးသူ - မောင်ဝံသ
နေရာ - ပေါ်ပြူလာနယူးစ်ဂျာနယ်၊ အတွဲ-၂၊ အမှတ်-၃၆၊ စာမျက်နှာ-၁၂။
...........
....................
"လူတွေဟာ အလုပ်များလေ၊ အလုပ်ပိုလုပ်လေ၊ အလုပ် ပိုလုပ်တတ်လေပဲ" ဆိုတဲ့ သူဌေးကြီး Aviator ဟောင်းဝပ်ဟျူးစ်ရဲ့စကားကို သတိရတယ်။ အလုပ်ကြီး အကိုင်ကြီး လုပ်နေတဲ့သူတွေဟာ သာမန်လူတွေ အံ့သြလောက်အောင် အလုပ်တွေ လုပ်တတ်ကြစမြဲပဲ။
...........
.....................
ဒေါက်တာခင်မောင်ဝင်း (အသည်း) ရဲ့ "နိုင်ငံခြားသွားမယ်ဆိုရင်" စာအုပ်ထဲမှာ ပထမဆုံး လူငယ်တွေကို နိုင်ငံခြားသွားချင်ကြတာ၊ နိုင်ငံခြားမှာ အလုပ်သွားလုပ်ကြတာကို မလိုတမာ ပြောသူတွေ စဉ်းစားစရာဖြစ်အောင် ရေးထားတဲ့ စာပိုဒ်တစ်ခုကို သတိထားမိပြီး အထူးသဘောကျမိတယ်။

"လူငယ်တွေဟာ တက်ကြွတယ်။ လူငယ်တွေမှာ အားမာန်ရှိတယ်။ လူငယ်တွေမှာ စွန့်စားစိတ်ရှိတယ်။ အဲဒီတော့ မရောက်ဖူး၊ မတွေ့ဖူး၊ မမြင်ဖူးတဲ့ နိုင်ငံခြားဆိုတဲ့ အရပ်ကို သိပ်သွားချင်တာပေါ့။ ပြီးတော့ ဘ၀ရဲ့ တိုးတက်ရာ တိုးတက်ကြောင်း၊ ကြီးပွားရေးလမ်း အသွယ်သွယ်ကိုလည်း ပွင့်မယ်လေ။ အဲဒီတော့ လူငယ်တွေ နိုင်ငံခြားသွားချင်တာကို ကျွန်တော်တို့တစ်တွေ နားလည်ပေးရမယ်၊ လက်ခံပေးရမယ်" လို့ ရေးထားတယ်။
.............
.................
နိုင်ငံခြားကို သွားအလုပ်လုပ်ရတာ ဘယ်လောက် အောက်ကျ၊ ဘယ်လောက် မျက်နှာငယ်ရတယ်ဆိုတာ သွားဖူးမှသိမယ်။ ဒါပေမယ့် အဲဒါတွေကို သည်းခံပြီး သွားနေကြတာ ကြီးပွားချင်လွန်းလို့ဆိုတာ စာနာစိတ်ထားကြဖို့ ကောင်းတယ်။

........
..............

ဒေါက်တာခင်မောင်ဝင်းက မြန်မာလူငယ်တွေ မျိုးချစ်စိတ် ပြင်းပြပုံကိုလည်း အသိအမှတ်ပြုတယ်။ "ကျွန်တော့်အထင် မြန်မာတွေဟာ ဘယ်လူမျိုးနဲ့မှမတူအောင်ကို ကိုယ့်တိုင်းပြည် ကိုယ်ချစ်တယ်လို့ ထင်ပါတယ်။ နိုင်ငံခြားသွားမယ့် လူငယ်တွေ ကြိုတင်စဉ်းစားနိုင်အောင် လို့ပါ။ နိုင်ငံခြားမသွားခင် မြန်မာနိုင်ငံမှာတုန်းတော့ ငါဟာ တော်တော်စိတ်ခိုင်တဲ့လူပါ။ ဟိုရောက်လည်း ဘာမှဖြစ်မှာ မဟုတ်ဘူး၊ နေတတ်မှာပါလို့ တွေးကြတယ်။ တကယ်လည်း တိုင်းတစ်ပါးရောက်သွားရော မြန်မာတွေ ဆွေ့ဆွေ့ခုန်၊ မြန်မာနိုင်ငံနဲ့ ပတ်သက်ရင် အကုန်လုံးကို သတိရကြတာ၊ လွမ်းကြတာပါပဲ" (စာ-၁၄) လို့ ရေးထားတယ်။

..................
......................

"လူ့ဘ၀မှာ လူရယ်လို့ ဖြစ်လာရင် ကိုယ့်ရဲ့ ရပ်တည်မှု၊ ပတ်ဝန်းကျင်က အသိအမှတ်ပြုတဲ့ ရည်တည်ချက်တစ်ခုတော့ လိုတာပေါ့။ အင်္ဂလိပ်လိုတော့ identity လို့ ခေါ်ရပါလိမ့်မယ်။ အလုပ်အကိုင် ကြုံရာ ၀ါသနာမပါတာတွေ လုပ်၊ အသက်ရှင်ရုံ ရှင်နေတယ်ဆိုရင်တော့လည်း မဟုတ်သေးဘူးလေ။ ငါဟာ ဂီတပညာရှင် အဆိုတော်တစ်ယောက်ဆိုပြီး အဓိပ္ပါယ်ရှိတဲ့ ဘ၀တစ်ခုနဲ့ ရပ်တည်ရတာဟာ ပိုပြီး မက်မောဖို့ ကောင်းပါတယ်။ အမေရိကန်မှာတော့ ရောက်နေတယ်။ ဒါပေမယ့် တင်းနစ်ကွင်းမှာ ကွင်းစောင့်လုပ်နေရတယ်။ ကျွန်တော် စဉ်းစားလို့ မရဘူး...။ ကျွန်တော့်အတွေး၊ ကျွန်တော့်အမြင်ကို ပြောရမယ်ဆိုရင်တော့ အဓိပ္ပါယ်ရှိတဲ့ ဘ၀ဟာ တန်ဖိုးရှိတဲ့ ဘ၀ပဲ..." လို့ ရေးထားတယ်။

မှတ်စု (၅)
ဆောင်းပါးအမည် - စင်ကာပူမှာ ကိုယ်ပိုင်ကားဒုက္ခ [ခြင်္သေ့မြို့မှ ဒိုင်ယာရီ-၁၀]
ရေးသူ - ထိုက်
နေရာ - ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ-၁၊ အမှတ်-၁၁၊ စာမျက်နှာ-၈။

...........
....................

စင်ကာပူမှာ ကားဝယ်စီးတယ်ဆိုတာ လွယ်တာမှ မဟုတ်ပဲ။ ကားဝယ်ဖို့ ငွေတတ်နိုင်ဦးတော့ (certificate of entitlement - COE) လို့ ခေါ်တဲ့ ကားဝယ်ခွင့် လက်မှတ်ကို ကားဖိုးလောက်နီးနီး ပေးပြီး အရင်ဝယ်ရသေးတာ။ အဲဒီ စီအိုအီး အရေအတွက်ကလည်း ကန့်သတ်ထားတော့ တစ်လစာ အစိုးရက ခွင့်ပြုတဲ့အရေးအတွက်ကို ကားဝယ်ချင်တဲ့လူက လေလံသဘောမျိုး ဈေးပြိုင်စနစ်နဲ့ တင်သွင်းရတယ်။ ပြီးတော့မှ ၂ ပတ် တစ်ခါ တင်ဒါဖွင့်ပြီး ဈေးအများဆုံး ပေးတဲ့သူတွေထဲက သတ်မှတ်ထားတဲ့ အရေအတွက်ကို ခွင့်ပြုပေးတယ်။ ၀ယ်ချင်တဲ့သူများရင် စီအိုအီး ဈေးကြီးမယ်၊ နည်းရင် ဈေးသက်သာမယ်ပေါ့။

..............
......................

တစ်နေရာလည်းရောက်ရော အရှိန်လေး လျှော့ချလိုက်ပြီး ရှေ့ကုန်းကျော် တံတားပေါ်မှာ အမြန်နှုန်းစောင့်ကြည့်နေတဲ့ လမ်းပြပုလိပ်ကား ရှိနေတယ်တဲ့။ ခုပဲ ရေဒီယိုက ပြောသွားတာ ကြားလိုက်ရလို့တဲ့။

ငါလည်း ကြောင်သွားပြီး၊ ဟင်.. ဖမ်းဖို့ စောင့်ကြည့်နေတာကို အဲလို တစ်တိုင်းပြည်လုံးကို ကြေညာပေးနေရင် အဲဒီပုလိပ်တွေက တစ်နေကုန် ဘယ်လိုလုပ် ဖမ်းမိတော့မှာလဲလို့ မေးလိုက်တော့ သူက ငါ့ကို အထူးအဆန်း သတ္တ၀ါတစ်ကောင်လို ပြန်ကြည့်ပြီး၊ အဲလို ကြေညာပေးနေတာက ကားတွေကို ဖမ်းချင်လို့မှ မဟုတ်တာ၊ ဖြည်းဖြည်း မောင်းစေချင်လို့ ယာဉ်အန္တရာယ် ကင်းအောင်လို့တဲ့လေ။ အဲ... ငါ ဘယ်သိမလဲ ၀လုံးရယ်.... နော်။

* - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - *
ဖတ်မိသမျှ ဂျာနယ်တွေထဲက အမှတ်ထင်ထင် ဖြစ်နေတာလေးတွေကို ပြန်လည်ရွေးထုတ် တင်ပြပေးလိုက်တာပါ။ တစ်ပုဒ်လုံးကို ပြန်တင်ပေးနိုင်ဖို့ အခွင့်မသာတဲ့အတွက် ဟိုတိုတိုထွာထွာ၊ ဒီတိုတိုထွာထွာ ထုတ်နုတ်ပေးရတာဆိုတော့ တကယ်လို့များ မူလဆောင်းပါးတွေရဲ့ အရသာတွေ ပျက်သွားခဲ့ရင် နားလည်ပေးကြဖို့ တစ်ဖက်တည်း ပြောလိုပါတယ်ဗျာ။ ကျွန်တော်ဖတ်ရသလို ဖတ်စေချင်တဲ့ စိတ်သက်သက်ကြောင့်ပါ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၈ ရက်၊ စနေနေ့။
နေ့လည် ၃ နာရီ ၂၉ မိနစ်။

No comments:

Post a Comment

 
Web Statistics