ဤပို့စ်တွင် ရေးသားဖော်ပြထားမှုများသည် ကျွန်တော်ကိုဉာဏ်၏ ထင်မြင်ယူဆချက်များသာ ဖြစ်ပါသည်။ စနစ်တကျ သုတေသနပြု စစ်တမ်းကောက်ယူထားသော အချက်အလက်များကို အခြေခံ၍ တင်ပြရေးသားထားခြင်း မဟုတ်သည့်အတွက် ဘလော့ဂ်ဖတ်သူများနှင့် ကျွန်တော်၏ အတွေးခံစားမှုများ ထပ်တူညီလိမ့်မည် မဟုတ်ဟု ကြိုတင်တွက်ဆထားပြီး ဖြစ်ပါသည်။ ထို့ကြောင့် အမြင်မတူတာ၊ အယူအဆ မတူတာ၊ ဒွိဟပွားစရာများ ပါရှိခဲ့ပါလျှင် ဟန်ဆောင်ပန်ဆောင် သည်းခံတရားကို လက်ကိုင်ထား၍ ကိုယ့်ဒေါသကိုယ်မြိုသိပ်ကာ တက်တခေါက်ခေါက် မဖြစ်ကြစေလိုဘဲ ကျွန်တော်ကိုဉာဏ်ကို စိတ်ရည်မှန်းကာ ရွှေမေတ္တာတော်များ အလျှံအပယ် ပို့သနိုင်ကြပါကြောင်းခင်ဗျား။
(၁)
[ပြေတီဦးနှင့် အိန္ဒြာကျော်ဇင်] လူတွေ နိုင်ငံရေးကို စိတ်ဝင်စားကြသလား၊ မ၀င်စားကြသလားတော့ ကျွန်တော်သေချာ မပြောနိုင်ဘူး။ အဲ... သေသေချာချာ ပြောနိုင်တာကတော့ နိုင်ငံကျော် မင်းသားတစ်ယောက်နဲ့ မင်းသမီးတစ်ယောက် မင်္ဂလာဆောင်ကြမယ့် သတင်းကိုတော့ အင်မတန် စိတ်ဝင်စားကြသဗျ။ ရွေးကောက်ပွဲမှာ ဘယ်လိုမဲပေးရမယ် ဆိုတာသာ မသိရင်ရှိမယ်၊ ရွှေမင်းသားနဲ့ ရွှေမင်းသမီးတို့ ဘယ်နေ့မှာ စေ့စပ်မယ်၊ ဘယ်နေ့မှာ လက်မှတ်ထိုးမယ်၊ ဘယ်မှာ ဧည့်ခံပွဲလုပ်မယ် စတဲ့ စတဲ့ အကြောင်းအရာတွေကိုတော့ မရမကစုံစမ်းတယ်၊ သိသမျှ ဖောက်သည်ချကြတယ်ဗျ။ ကိုယ့်စိတ်ဝင်စားမှုနဲ့ ကိုယ်ပေါ့လေ။ ရွှေမင်းသားနဲ့ ရွှေမင်းသမီးကလည်း ကံတူအကျိုးပေးလို့ ပြောရမလား၊ ဘ၀တူတွေလို့ ပြောရမလား၊ ဘယ်လိုအသုံးအနှုန်း သုံးရမယ်ဆိုတာ ကျွန်တော်မသိဘူးဗျ။ သေချာတာကတော့ သူတို့နှစ်ယောက်လုံးဟာ ဟိုပြောသည်ပြော မခိုင်လုံတဲ့ စကားတွေအရ "ကျော်တော့လှေသူကြီး၊ ညားတော့ လှေထိုးသား" ဆိုတဲ့ ဇာတ်ထုပ်ကို ကကြရတယ်လို့ ဆိုကြတယ်ဗျ။ (ကျွန်တော်ပြောတာ မဟုတ်ဘူးနော်။ သူများပြောတာ ကြားတာ။) တချို့တွေများဆို ကိုယ့်ထမင်းကိုယ်စားပြီး အားမနာပါးမနာ ပြောကြသေးသဗျ။ "လောင်စာကုန်သွားတဲ့ သင်္ဘောအိုကြီးနဲ့ ဘယ်သူမှ မသုံးတော့တဲ့ ဆိပ်ကမ်းတို့ တွေ့ကြတာ" တဲ့။ ကျွန်တော်ကိုဉာဏ် သိပ်တော့ နားမလည်ဘူးဗျ။ ဘာတွေမှန်းလည်း မသိပါဘူးဗျာ။ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလမှာ မင်္ဂလာဆောင်ကြမယ်ဆိုတဲ့ သူတို့ရဲ့ သတင်းဟာ ကြားထဲမှာ ဘယ်လိုတွေ အပြောင်းအလဲ ဖြစ်သွားမလဲ၊ ဒါမှမဟုတ် ပြောတဲ့အတိုင်း ဖြစ်သွားမလား ဆိုတာကတော့ အကြားအမြင်ရတဲ့ လူတွေဆိုရင် ကြိုပြောနိုင်မလားပဲ။
(၂)
ပထမဆုံး အခုစာပိုဒ်ကို မဖတ်ခင်မှာ အခုစာဖတ်နေသူကို ကျွန်တော်ကိုဉာဏ်က မေးခွန်းတစ်ခုလောက် မေးပါရစေဗျာ။ ဘယ်လိုမှတော့ သဘောမထားပါနဲ့။ စိတ်ထဲမှာ ဘယ်လိုမှကို မနေနိုင်လွန်းလို့ပါ။ စာဖတ်သူကို ပညာစမ်းတာ၊ နှိပ်ကွပ်တာ၊ စော်ကားတာမျိုး မဟုတ်ရပါကြောင်း ကျွန်တော်ရဲရဲကြီး သစ္စာဆိုဝံ့ပါတယ်ဗျာ။ စာဖတ်သူက ဖြေနိုင်တာ မဖြေနိုင်တာထက် အဲဒီမေးခွန်းကို မေးပါမှ ကျွန်တော်ပြောချင်တာတွေကို ဆက်ပြောလို့ အဆင်ပြေမှာမို့ပါ။ အခြားတော့ မဟုတ်ပါဘူး။ "
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ပိဋကတ်သုံးပုံကို အာဂုံဆောင်နိုင်တဲ့ သာသနာ့အာဇာနည် အရှင်မြတ် ဘယ်နှပါး ရှိသလဲ" ဆိုတာပါပဲ။ (အခု စာဖတ်နေသူဟာ အခြားဘာသာတစ်ခုခုကို သက်ဝင်ယုံကြည်သူဆိုရင် နားလည်မှုနဲ့ ဖတ်ပေးပါဗျာ။) အဲဒီမေးခွန်းကို စာဖတ်သူတိုင်း ဖြေနိုင်ကြမယ် မဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ ဘာဖြစ်လို့ မဖြေနိုင်ကြသလဲ။ ကျွန်တော်မြင်သလို အလွယ်ဆုံးပြောရမယ်ဆိုရင် စိတ်မ၀င်စားကြလို့ပါ။ ဘာလို့ စိတ်မ၀င်စားသလဲ။ ကျွန်တော့်အထင်အတိုင်း ပြောရမယ်ဆိုရင် တန်ဖိုးမထားတတ်လို့ပါ။ ဘာကို တန်ဖိုးမထားတတ်တာလဲ ဆိုရင်တော့ ရှင်းပြရခက်ပါတယ်။ ပထမဆုံးအနေနဲ့ စာဖတ်သူဟာ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတစ်ယောက် ဖြစ်တယ်ဆိုရင် ပထမဆုံး ကိုယ်ကိုယ့်ကိုယ် မေးကြည့်လိုက်စေချင်ပါတယ်။ ပရိတ်ကြီး ၁၁ သုတ် ကို အလွတ်ရရဲ့လားဆိုတာပါ။ ရတဲ့လူလည်း ရှိပါလိမ့်မယ်၊ မရတဲ့လူလည်း ရှိပါလိမ့်မယ်။ ရတဲ့လူတွေဆိုရင်လည်း ပရိတ်ကြီး ၁၁ သုတ်ကို ဘယ်နှရက် ကျက်ခဲ့ရသလဲဆိုတာ ပြန်စဉ်းစားကြည့်ပါ။ ဒါက ခပ်လွယ်လွယ်ပေးတဲ့ ဥပမာ တစ်ခုပါ။ ပရိတ်ကြီး ၁၁ သုတ်ကိုတောင် ကျွန်တော်တို့တွေ ဘယ်လောက်ခက်ခက်ခဲခဲ ဖတ်ရ၊ ကျက်ရသလဲဗျာ။ ပိဋကတ်သုံးပုံကို အာဂုံဆောင်နိုင်တယ်ဆိုတာ စဉ်းစားသာကြည့်ပေါ့ဗျာ။ ဗုဒ္ဓဘာသာဝင်တွေရဲ့ အကြီးမြတ်ဆုံးဖြစ်တဲ့ မြတ်စွာဗုဒ္ဓ ဟောကြားခဲ့သမျှ တရားဓမ္မတွေအားလုံးဟာ ပိဋကတ်သုံးပုံထဲမှာ ရှိတယ်လို့ မှတ်သားဖူးပါတယ်။
[သုံးဆယ်ဆရာတော် အရှင်ဉာဏ]
ကဲပါဗျာ... စကားတွေရှည်နေတော့ ကျွန်တော်ကိုဉာဏ် ဘာပြောချင်နေမှန်း မှန်းဆရခက်နေပါလိမ့်မယ်။ တိုတိုနဲ့ လိုရင်းကို ပြောရမယ်ဆိုရင် မြန်မာနိုင်ငံမှာ ပိဋကတ်သုံးပုံအောင် သာသနာ့အာဇာနည် ဘယ်နှပါးရှိတယ်၊ သူတို့တွေဟာ ဘယ်သူတွေ၊ ဘယ်ကျောင်းတိုက်တွေက၊ သူတို့ရဲ့ အတ္ထုပ္ပတ္တိတွေက ဘယ်လိုရှိတယ်ဆိုတာကို စာစောင်တွေ၊ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေ၊ ရုပ်သံအစီအစဉ်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြညွှန်းပြကြတာ မတွေ့ရဘူးဗျ။ အဲ... အဲလိုတွေကိုသာ မဖော်ပြကြတာ ကျွန်တော်ပြောချင်တဲ့ ဒုတိယမြောက် လူပြောအများဆုံး သတင်းဖြစ်တဲ့ အခုလက်ရှိ နာမည်အကြီးဆုံး ဆရာတော်ကြီး သတင်းကိုတော့ ဂျာနယ်တွေက သူ့ထက်ငါ အလုအယက် ဖော်ပြကြပုံကတော့ တကယ့်ကို အံ့သြစရာကောင်းလိုက်ပါဘိဗျာ။ ပြည်သူတွေ သိချင်တာကို ဖော်ပြပေးရမှာ စာနယ်ဇင်းတွေရဲ့ တာဝန်လို့ ပြောကြဦးမယ်။ အဲဒီတာဝန်နဲ့ လူစိတ်ဝင်စားနေတဲ့ အကြောင်းအရာကို ဖော်ပြပါမှ ကိုယ့်ရဲ့ဂျာနယ် ရောင်းအားတက်မယ်ဆိုတဲ့ အတ္တမှာ ဘယ်ဟာက သာလွန်ပိုကဲသလဲဆိုတာ မေးခွန်းထုတ်ချင်မိတယ်။
အခြားဟာတွေကို မဝေဖန်လိုပါဘူး။ ဝေဖန်လောက်အောင်လည်း ကျွန်တော်ကိုယ်ကျွန်တော် ဉာဏ်မီတယ်လို့ မယူဆပါဘူး။ စဉ်းစားမိသလောက်၊ ဉာဏ်မီသလောက် ပြောရရင်တော့ ဗုဒ္ဓဘာသာဝင်တွေရဲ့ ရည်မှန်းချက်ဟာ နိဗ္ဗာန်ကို မျက်မှောက်ပြုရေး ဖြစ်ပါတယ်။ အခုနာမည်ကြီးနေတဲ့ ဆရာတော်ကြီးဟာ လာရောက်ဖူးမြော်သူ ဝေနေယျတွေကို နိဗ္ဗာန်ရောက်ကြောင်း တရားဓမ္မတွေကို လမ်းညွှန်ပြသပါသလား၊ မိမိတို့ရဲ့ နေ့စဉ်လူမှုဘ၀တွေမှာ ဗုဒ္ဓဘုရားရှင်ရဲ့ တရားဓမ္မတွေနဲ့အညီ ဘယ်လိုနေပါ၊ ဘယ်လိုထိုင်ပါ၊ ဘယ်လိုပြုမူဆက်ဆံပါလို့ ဟောပြောညွှန်ပြ ဆုံးမပါသလား။ သွားရောက်ဖူးမြော်သူတွေကလည်း အဲဒီလို သွားရောက်ဖူးမြော်တဲ့အတွက် နိဗ္ဗာန်ကို မျက်မှောက်ပြုရေးအတွက် မည်သည့်အထောက်အပံ့များ ရရှိပါသလဲ။ အခုလိုတွေ ရေးနေတဲ့အတွက် ဆရာတော်ကြီးကိုလည်းကောင်း၊ သွားရောက်ဖူးမြော်နေတဲ့ လူတွေကိုလည်းကောင်း စော်ကားခြင်း မဟုတ်ပါ။ ကိုးကွယ်မှုတွေ လွဲမှားနေသည်ဟု ထင်မြင်သည့်အတွက် ကျွန်တော်မြင်သလို ထောက်ပြခြင်း ဖြစ်ပါသည်။
(၃)
[ရွှေစင်]တီးတိုးတီးတိုး ပြောလို့မဆုံးသေးတဲ့ သတင်းတွေထဲမှာ မြန်မာပြည်ရဲ့ အချမ်းသာဆုံး မော်ဒယ်မလေးကလည်း နေရာယူထားလျက် ရှိနေဆဲပါပဲ။ ဂျာနယ်တွေ အနေနဲ့ကလည်း တခြားဂျာနယ်တွေမှာ ဖော်ပြထားတာပုံနဲ့ မတူရလေအောင် နည်းလမ်းအမျိုးမျိုးနဲ့ အဲဒီမော်ဒယ်လ် မင်းသမီးပေါက်စလေး အကြောင်းကို ဖော်ပြနေကြတာ တွေ့ရပါတယ်။ အခုနောက်ပိုင်း အင်တာဗျူးတွေမှာတော့ ကျွန်တော်အားကြီး အမြင်ကတ်တဲ့ "မီးကလေ..." ဆိုတဲ့ အသုံးအနှုန်းကို မတွေ့ရတော့ပါဘူး။ "သမီးက..." လို့ သုံးနှုန်းနေတာ တွေ့ရပါတယ်။ အမယ်... ဂျာနယ်တစ်ခုထဲမှာ ဖတ်လိုက်ရတာက နောက်ပိုင်းမှာ အနုပညာနဲ့ ပတ်သက်တာတွေကိုပဲ ဖြေတော့မယ်ဆိုပဲ။ တတ်လည်းတတ်နိုင် ပါပေရဲ့ကွယ်လို့ပဲ ရေရွတ်မိလိုက်ပါတယ်။
(၄)

ဂျာနယ်တိုင်းနီးပါးမှာ မပါမဖြစ် ဖတ်ကြရတဲ့၊ လက်ဘက်ရည်ဆိုင်တွေ ဘီယာဆိုင်တွေရဲ့ စကားဝိုင်းတွေမှာ မပြောမဖြစ် ပြေကြရတဲ့ နောက်ထပ် သတင်းတစ်ခုကတော့ ငါးသိန်းတန်ဖုန်းလို့ ခေါ်တဲ့ စီဒီအမ်အေ ဖုန်းတွေအကြောင်းကလည်း တစ်နေ့တစ်မျိုး မရိုးရအောင် ဖတ်ရ၊ ကြားရပြန်ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးကို ဆက်သွယ်ရေးလုပ်ငန်းတွေ လွှဲပြောင်းပေးလိုက်ပြီလို့ ဆိုတဲ့သူကဆို၊ ငါးသိန်းတန်ဖုန်းတွေကို တစ်နိုင်ငံလုံး သယ်ဆောင်အသုံးပြုလို့ ရတော့မယ်လို့ ပြောတဲ့လူကပြော၊ မကြာခင်မှာပဲ နှစ်သိန်းခွဲတန်ဖုန်းဆိုပြီး နောက်ထပ်အသစ်တစ်မျိုး ထပ်ပေါ်လာတော့မှာလို့ သတင်းပေးသူကပေးနဲ့ လုံးဝကို မရိုးရပါဘူးဗျာ။ အခုလောလောဆယ်တော့ နေပြည်တော်တိုင်းဒေသကြီးမှာ ချထားပေးခဲ့တဲ့ ငါးသိန်းတန်ဖုန်းတွေကို မြန်မာတစ်ပြည်လုံး သယ်ဆောင်အသုံးပြုနိုင်ပြီလို့ ဂျာနယ်တစ်စောင်မှာ ဖတ်ရှုလိုက်ရပါတယ်။ ဂျီအက်စ်အမ်ဖုန်း ကိုင်ဆောင်သူတွေခမျာ ရောင်းရင်လည်းရှုံး၊ ငှားမယ့်လူလည်း မရှိတာမို့ ဘာလုပ်ရမှန်းမသိ ပူစပ်ပူလောင် ဖြစ်နေကြရပါသတဲ့။ တချို့ကလည်း ပြောကြသေးသဗျ.. ငါးသိန်းတန်ဖုန်းတွေဟာ ပြည်တွင်းမှာပဲ အကန့်အသတ်နဲ့ သုံးလို့ရတာ၊ နောက်ဆိုရင် ဂျီအက်စ်အမ်ဖုန်းတွေဟာ နိုင်ငံတကာကို သယ်ဆောင်အသုံးပြုလို့ရတဲ့ အဆင့်ထိရောက်လာမယ်တဲ့။ စင်ကာပူသွားရင်လည်း ဒီကဂျီအက်စ်အမ်ကို ယူသွား၊ ဟိုမှာလည်း အဲဒီဂျီအက်စ်အမ်နဲ့ပဲ တစ်ကမ္ဘာလုံးကို ဆက်သွယ်မှု လုပ်လို့ရမယ်ဆိုပဲ။ အိန္ဒိယမှာ လယ်ကွင်းထဲ ကောက်စိုက်နေတဲ့လူတောင် ဟန်းဖုန်းတစ်လုံးနဲ့ ဆက်သွယ်မှုလုပ်နေတဲ့ အခြေအနေမျိုး ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း မဝေးတော့တဲ့ ကာလမှာ ရောက်လာတော့မလားလို့ တွေးကြည့်နေမိကြောင်းပါဗျာ။
(၅)
နောက်ထပ် စိတ်ဝင်စားကြတဲ့ သတင်းကတော့ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့က နာမည်ကြီး စာရေးဆရာကြီးတွေနဲ့ ပြည်တွင်းမှာ ထင်ရှားတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ အမတ်လောင်းတွေအဖြစ် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကို ၀င်နွှဲကြမယ့်သတင်း ဖြစ်ပါတယ်။ တက္ကသိုလ်တင်ခ၊ ဒေါက်တာတင်ထွန်းဦး၊ လှထွန်း(တွံတေး)၊ ဦးအောင်ငြိမ်း၊ ဒေါက်တာခင်ရွှေ (ဇေကမ္ဘာ)၊ ဦးဝင်းမြင့် (ရွှေနဂါးကုမ္ပဏီ၊ ဇေယျာရွှေမြေဘောလုံးအသင်း) စတဲ့ ပုဂ္ဂိုလ်တွေလည်း ရွေးကောက်ပွဲမှာ ၀င်ရောက်အရွေးခံကြမှာဆိုတော့ စိတ်ဝင်စားစရာကောင်းနေတာ အမှန်ပါပဲ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၁ ရက်၊ စနေနေ့။
နေ့လည် ၂ နာရီ ၂၂ မိနစ်တွင် ပြီး၏။
လူအပြောအများဆုံး သတင်းတွေကိုဖတ်ခွင့်ရလိုက်တဲ့ အတွက်ကျေးဇူး အမျးကြီးတင်ပါတယ်ခင်ဗျ...
ReplyDeleteခင်မစွာဖြင့်
ဇော်သိင်္ခ
လာရောက်ဖတ်ရှုတဲ့အတွက်နဲ့ ကွန်းမန့်အတွက် ကျွန်တော်ကလည်း ကျေးဇူးတင်ပါတယ်။
ReplyDeleteလေးစားစွာဖြင့်
ကိုဉာဏ် (ပန်းလောင်မြေ)