Thursday, September 09, 2010

အသုံးများသော မြန်မာဗန်းစကားများ (အ)


myanmarwords.png

အကျကောက်သည်
စကားလုံးအဓိပ္ပါယ် အရကောက်သည်။ စိတ်အဆိုးလွယ်သည်။ အတွေးနှင့် ခံပြင်းသည်။

စကားလုံးများကို ပြောဆိုသောအခါ မူလအဓိပ္ပါယ်အစား၊ စကားလုံးအနက်ကျကို လေးနက်စွာ ဆက်လျှောက်တွေးဆ၍ စိတ်အလိုမကျခြင်း ဖြစ်တတ်သူများ ရှိလေသည်။ ပုံစံအားဖြင့် "မင်းအဖေရှိသလား" ဟု အဖေအိမ်တွင်း ရှိ၊ မရှိ မေးသည်ကို "အဖေမရှိဘဲ မွေးလေသလော" ဟု မေးဘိသကဲ့သို့လည်းကောင်း၊ "ထမင်းစားပြီးပြီလား" မေးသည်ကို "ထမင်းကို မှန်အောင် မစားရသလော" ဟု စူးစမ်းသည့် သဘောကဲ့သို့လည်းကောင်း၊ အဓိပ္ပါယ် အကျကောက်၍ နားကြည်းတတ်ခြင်းကို အကျကောက်သည်ဟု စကားချုံ့၍ သုံးနှုန်းလေသည်။ အထအနကောက်သည်ဟုလည်း ဆိုကြသည်။

အစင်းသိသည်
အရင်းအမြစ် သေချာသည်။
ကြောင်၊ ခွေး၊ နွား စသော သတ္တ၀ါတို့ကို မွေးကျွေးထားသောအခါ အခြားသတ္တ၀ါများနှင့် ရောနှောနေသော်လည်း မိမိတို့ အိမ်မွေး တိရစ္ဆာန်၏ အသွေးအမွေး အကွက်အစင်းတို့ကို သိရှိမှတ်ထားသဖြင့် မိမိ၏တိရစ္ဆာန်ဖြစ်ကြောင်း အလွယ်နှင့် ခွဲစစ်နိုင်လေသည်။ ထိုအကြောင်းကိုစွဲ၍ အစင်းသိသည်၊ အစင်းသိပြီးပြီ စသည်ဖြင့် တင်စား၍ ဆိုကြသည်။ အချို့က အဖြောင့်သိသည်ဟူ၍ အဖြောင့်အစင်း၊ စင်းလုံးချောဟူသော စင်းအနက်ကို ယူကြသည်။

အညွန့်တင်သည်
သူတစ်ပါးအပေါ် တင်စီး၍ဆိုသည်။
သစ်ပင်ငယ်တစ်ပင်သည် အခြားသစ်ပင်ကြီး တစ်ပင်ပေါ်သို့ တစ်ပင်လုံး နွယ်တက်၍ မပေါက်စေကာမူ အညွန့်အဖျားမျှကိုကား မှီတင်၍ ထားတတ်သည့် သဘောကို တင်စား၍ လူတစ်ယောက်သည် အခြားသူတစ်ဦးအပေါ်၌ ကျေးဇူးအထူး တင်ရလောက်ဖွယ် မပြုထားစေကာမူ၊ ပြောရရုံလောက်မျှ အကူအညီပေးကာမျှဖြင့် ထိုအကူအညီအတွက် စကားတင်၍ ပြောဆိုသောအခါ အညွန့်တင်သည်ဟု တင်စား၍ ဆိုသည်။ စကားအရာဖြင့်သာ တင်စီး၍ ပြောဆိုခြင်း၊ သူတစ်ပါးအစွမ်းကို ကွယ်၍ မိမိ၏ အနည်းငယ်အစွမ်းကိုသာ ထပ်လွှမ်းတင်စား၍ ပြောဆိုခြင်း ကျေးဇူးအနည်းငယ်ကို ဖော်ထုတ်ဝင့်ဝါခြင်း စသည်ဖြင့် သူတစ်ပါးအပေါ်တွင် အနည်းအပါး ထိပါးကျော်လွှမ်း၍ ပြုလုပ်ပြောဆိုမှုများကို အညွန့်တင်သည်ဟုပင် ဆိုသည်။

အညှာလွယ်သည်
အဆွဲဆောင်ခံလွယ်သည်။
အမှည့်လွန်သော ပင်မှည့်အသီးများနှင့် အချို့သစ်သီးများသည် ထိရုံနှင့် ကြွေကျလောက်အောင် အညှာတွယ်တာအား လျော့ပါးလျက် ရှိသည်ဖြစ်ရာ၊ အညှာပျဉ်းတွဲသော အသီးစိမ်းကဲ့သို့ တပင်တပန်း မဆွတ်ချူရဘဲ အလိုအလျောက် ကြွေလုကျလုဆဲဆဲ ရှိသည်ကို အညှာလွယ်သည်ဟု ဆိုသည်။ ထို့အတူ သူတစ်ပါး သွေးဆောင်သိမ်းငင်ရာသို့ အလွယ်နှင့် လိုက်ပါခြင်းကို တင်စား၍ ဆိုသည်။

အတိုင်အဖောက်ညီသည်
အတွဲအဖက်ညီသည်။ နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်ရာတွင် ပူးပေါင်းမှုပြေညီသည်။ လိုက်လျော အပ်စပ်သည်။
ရက်ကန်းရက်ရာတွင် အလျားသွယ်သော ချည်ကို တိုင်ချည်ဟု ခေါ်၍ ကန့်လန့်ရက်သောချည်းကို ဖောက်ချည် ခေါ်သည်။ အတိုင်နှင့် အဖောက်ချည်တို့သည် အခိုင်ခံ့ခြင်း၊ ပမာဏချင်း တူညီမှ အထည်ချောသည်။ သို့မဟုတ် ပြေပြစ်ချောမွေ့ ကောင်းမွန်ခြင်း မရှိတတ်ချေ။ ထို့ကြောင့် အထည်၏ ကောင်းခြင်းအတွက် အတိုင်အဖောက် ညီညွတ်ခြင်းသည် ကောင်းမွန်ခြင်းတစ်ရပ် ဖြစ်သည့်အတိုင်း နှစ်ဦးနှစ်ဖက် ပါဝင်သောကိစ္စ၌ အပေးအယူ၊ အလျှော့အတင်း၊ အယူအဆ လိုက်လျောပြေညီခြင်းကိုလည်း တင်စား၍ အတိုင်အဖောက်ညီသည်ဟု ဆိုသည်။ သံချပ်ထိုးရာ၌လည်း အတိုင်အဖောက်ဟူ၍ ရှိရာ တသဘောတည်းပင် ဖြစ်သည်။

အတိုင်အဖောက်ညီသည် ဟူသော စကားနှင့် တူသည်။ လှည်းများတွင် အတိုင်နွားနှင့် အဖက်၌ အလှည့်နွား ဟူ၍ နွားပြေး နွားလိုက် ဖက်ညီအောင် တပ်ဆင်ရသည်ဖြစ်ရာ၊ လှည်းနွား တပ်ပုံကိုစွဲ၍ နှစ်ဖက်လိုက်ညီသည့် ကိစ္စများတွင် တင်စား၍ သုံးသည်။

အပင်းချသည်
မသဒ္ဓါရေစာကို စားသောက်သည်။
လောကီ ပယောဂပညာ တတ်ကျွမ်းသူသည် မလိုလားသူ တစ်ဦးအား ဥပါဒ်ဖြစ်အောင် ပြုစားသောအားဖြင့် ဆေးစီရင်သော ပစ္စည်းကို အစာအဖြစ် ထင်မှတ်စေလျက် ကျွေးမွေး စားသောက်စေလေ့ ရှိသည်။ ထိုသို့ ပြုလုပ်သည်ကို အပင်းသွင်းသည်ဟု ဆို၍ ထိုအပင်းကို ပြန်၍ ထုတ်ယူကုသခြင်းကို အပင်းချသည်ဟု ဆိုကြသည်။ ထို့ကြောင့် မိမိကျွေးမွေးလိုသောအခါ မသဒ္ဓါရေစာကို စားသောက်သူများအား ကျိန်ဆဲရေရွတ်သောအားဖြင့် ၀မ်းထဲမှ အပင်းကို ချရန် စားသုံးလေသကဲ့သို့ အပင်းချသည်၊ အပင်းဆို့သည် ဟူ၍ ဆိုကြသည်။ သဘောအားဖြင့် ထိုသူသည် အပြုစားခံထားရသူဟု သွယ်ဝိုက်၍ ရှုတ်ချဆိုရာရောက်သည်။ ထိုသို့အားဖြင့် သူတစ်ပါး မလိုမုန်းထား ခံရသူဟူ၍ ဆိုရာလည်း ရောက်သည်။

အဖတ်တင်သည်
အရာထင်သည်။
အရည်နှင့် အဖတ် ရောနှောသောအရာကို အရည်ကိုလို၍ဖြစ်စေ၊ အဖတ်ကိုလို၍ဖြစ်စေ၊ ဆန်ကာ၊ အစစ် စသည်တို့နှင့် စစ်သောအခါ အဖတ်များသည် ဆန်ကာအစစ်ပေါ်၌ တင်၍ ကျန်ခဲ့လေသည်။ ဤအခြင်းအရာကို အစွဲပြု၍ တစ်စုံတစ်ရာ ထင်ရှား ကြွင်းကျန်နေခဲ့သည်ကို (သားသမီး အဖတ်တင်သည်) (ပစ္စည်း အဖတ်တင်သည်) ဟူ၍လည်းကောင်း၊ (အရည်မရ၊ အဖတ်မရ) ဟူ၍လည်းကောင်း သုံးနှုန်းကြသည်။

အမျှင်ပြတ်သည်
အစပြတ်သည်။
ထိုစကားမှာ ရက်ကန်းဗိုင်းငင် လုပ်ငန်းတွင် ဗိုင်းတောင့်မှ ချည်ဖြစ်အောင် ငင်ရာ၌ ချည်မျှင်တစ်ဆက်တည်း မပြတ်လိုက်ပါခြင်းကို စွဲ၍ အမျှင်မပြတ် အမျှင်တန်း စသည်ဖြင့် တင်စားသုံးစွဲကြသည့်နည်းတူ ချည်စပြတ်တောက်သွားသောအခါ အမျှင်လည်း ပြတ်သွားသည်ကိုစွဲ၍ စကားအမျှင် ပြတ်သည်၊ သံယောဇဉ်အမျှင်ပြတ်သည် စသည်ဖြင့် အဆက်အစပ် လုံးဝပြတ်တောက်မှုများ၌ တင်စားသုံးကြသည်။

အရူးလွယ်အိတ်
အမျိုးမျိုး စုပေါင်းရောထွေးပါဝင်နေသောအရာ
သူရူးများမှာ မိမိတို့တွင်ရှိသော လွယ်အိတ်ထဲသို့ ကောက်၍ ရတတ်သမျှ အရာဝတ္ထုအားလုံးကို စုပေါင်းထည့်သွင်း ထားလေ့ရှိရာ၊ ထိုသဘောကို တင်စား၍ အသုံးတည့်အောင် ထုတ်နုတ်သုံးစွဲနိုင်အောင် စုဆောင်းမှတ်သားရသမျှ စာတိုပေစ ကြားမှတ်သမျှ ဗဟုသုတတို့ ရောပြွမ်းစုသွင်းထားသော စာပေကျမ်းမျိုးကို တင်စား၍ ခေါ်ဆိုသည်။

အသားယူသည်
သူတစ်ပါးအပေါ်၌ ကြွားဝင့်တင်စီး၍ အသားယူသည်။ မတရားဂုဏ်ယူသည်။
အတူတကွ အမဲလိုက်၍ ရရှိသော အမဲသားငါးကို ခွဲဝေသောအခါတွင် တစ်ယောက်အား အရိုးပိုင်းကိုသာ ယူစေ၍ တစ်ယောက်ကမူ အသားပိုင်းချည်းသာယူကာ မမျှမတ ဝေခွဲသည့် ဥပမာကို တင်စားလျက် အတူပင်ပန်း အားစိုက်ရသော ကိစ္စတွင် ကျန်တစ်ယောက်ကသာ စွမ်းရည်သွေးပြီး ကျေးဇူးဖော်ကာ မိမိတစ်ဦးတည်း၏ အစွမ်းဖြစ်လေသကဲ့သို့ ဂုဏ်၊ နာမည်ဟူသမျှ ခံယူကြွားဝင့်ခြင်းကို အသားယူသည်ဟု ဆိုသည်။ အသားယူခြင်း၊ အကောင်းအနှစ် အသားဟူသမျှ ယူခြင်းသဘောပင် ဖြစ်သည်။

အောချသည်
လက်လျှော့သည်။
မြန်မာတို့သည် (အဲ... သြ... အင်း..) စသော အာမေဋိတ် စကားလုံးများကို ပြောဆိုလေ့ရှိရာ၊ ဘာမျှ မတတ်နိုင် လက်မှိုင်ချ၍ သံဝေဂယူသည့် အခါများတွင် "သြ..သြ..." စသည်ဖြင့် အဆုံးသတ် ဆိုမြည်တတ်ကြသဖြင့် ဘာမျှမတတ်နိုင်ဘဲ လက်လျှော့အရှုံးပေးရသော အခါမျိုးတွင် တင်စား၍ သြချသည် (အောချသည်) ဟု သုံးနှုန်းကြလေသည်။

အော့ကြောလန်သည်
စက်ဆုတ်သည်။
ရွံရှာစက်ဆုတ်ဖွယ်ကောင်းသော အစားအစာကို အမှတ်မဲ့ စားသောက်မိကြောင်း သိရသောအခါဖြစ်စေ၊ ထိုရွံရှာဖွယ်ကို မြင်တွေ့ရသောအခါဖြစ်စေ ပျို့တက် အန်အော့တတ်ကြလေသည်။ ထို့ကြောင့် မနှစ်မသက် ရွံမုန်းခြင်းကို အော့သည်ဟု ဆိုကြရာ၊ အလွန့်အလွန် ရွံမုန်းခြင်းကို ဆိုလိုသောအခါ အော့ရုံသာမက အော့ရလွန်း၍ အကြောအခြင်တို့ပင် လန်ထွက်ကုန်လေပြီဟု ကဲပို တင်စားသောအားဖြင့် အော့ကြောလန်သည်ဟု ဆိုကြသည်။

အံခွသည်
အတွေ့အကြုံများသည်။
လူတို့သည် အစားအသောက် ၀ါးကြိတ်စားသောက်ရဖန် များ၍ အသက်အရွယ်လည်း ကြီးလာသောအခါ အံသွားများသည် ဆွေးပဲ့ပေါက်စား၍ ကွဲပြတ်ကာ အချွန်အခွများ ဖြစ်လာတတ်လေသည်။ ထို့ကြောင့် စားရဖန်များခြင်းကို အံခွခြင်းဟူသော အကျိုးဖြင့်တင်စား၍ ဖော်ပြပြောဆိုလေ့ ရှိကြသည်။ ထိုစကားမှတဆင့် မည်သည့်အရာမဆို မတွေ့အကြုံ၊ အလေ့အထ များပြားရင့်ကျက်၍ ကျွမ်းကျင်နားလည် ပါးနပ်မှု စွဲမြဲလာသည်ကို တင်စားသောအားဖြင့် အံခွသည်ဟု ဆိုကြသည်။

ဦးစားပေးသည်
အဦးအခွင့်ပေးသည်။ ရှေးဦးစွာ အရေးထားသည်။ အမြတ်တနိုးပြုသည်။
ရှေးအခါက ဘုရင်မင်းများသည် အသက်ဘေးအန္တရာယ်ကို စိုးရိမ်၍ စားဦးစား ခေါ် အမှုထမ်းတစ်ဦး ထားရှိကာ မိမိစားသောက်မည့် အစာကို အဦးစားပေး၍ အဆိပ်အတောက် မသင့်ကြောင်း သိရှိရပြီးမှ စားတော်ခေါ်လေ့ရှိသည်။ ထိုသို့ မိမိထက် ဦးစွာ စားခွင့်ပေးခြင်းကို အကြောင်းပြု၍ ဦးစားပေးသည် ဟူသော စကားကို သုံးနှုန်းကြသည်။
အချို့က မြတ်နိုးသော ရဟန်းသံဃာ ဆရာ မိဘတို့ကို အစားအစာဦးကို ပေးကမ်းပူဇော်သည်ကို အကြောင်းပြု၍ စားဦးပေးသည်၊ ဦးစားပေးသည်ဟု မှတ်ယူကြသည်။ လိုရင်းအနက်ကား မပြောင်းလဲချေ။ အင်္ဂလိပ်ဘာသာ တစ်ပိုင်းခြင်း ဖေပါပေးသည်ဟုလည်း ဆိုကြသည်။

RELATED:
အသုံးများသော မြန်မာဗန်းစကားများ (က)
အသုံးများသော မြန်မာဗန်းစကားများ (ခ)
အသုံးများသော မြန်မာဗန်းစကားများ (ဂ)
အသုံးများသော မြန်မာဗန်းစကားများ (င)
အသုံးများသော မြန်မာဗန်းစကားများ (စ)
အသုံးများသော မြန်မာဗန်းစကားများ (ဆ)
အသုံးများသော မြန်မာဗန်းစကားများ (ဇ၊ ဈ၊ ည၊ ဋ)
အသုံးများသော မြန်မာဗန်းစကားများ (တ)
အသုံးများသော မြန်မာဗန်းစကားများ (ထ၊ ဒ)
အသုံးများသော မြန်မာဗန်းစကားများ (ဓ၊ န)
အသုံးများသော မြန်မာဗန်းစကားများ (ပ)
အသုံးများသော မြန်မာဗန်းစကားများ (ဖ)
အသုံးများသော မြန်မာဗန်းစကားများ (ဗ)
အသုံးများသော မြန်မာဗန်းစကားများ (ဘ)
အသုံးများသော မြန်မာဗန်းစကားများ (မ)
အသုံးများသော မြန်မာဗန်းစကားများ (ယ၊ ရ)
အသုံးများသော မြန်မာဗန်းစကားများ (လ)
အသုံးများသော မြန်မာဗန်းစကားများ (၀)
အသုံးများသော မြန်မာဗန်းစကားများ (သ၊ ဟ)

No comments:

Post a Comment

 
Web Statistics