ကမ္ဘာမှာ လူနည်းတုန်းက လူတွေ လွတ်လပ်ကြ၏။
တောထဲတောင်ထဲမှာ လွတ်လပ်စွာ သစ်ဥသစ်ဖုရှာ၊ အသီးသီးနေသည့် အပင်တွေ့လျှင် ခူးဆွတ်စား။ တောသတ္တ၀ါသေးသေး တွေ့လျှင် ဖမ်းစား သတ်စား။ အကောင်ကြီးကြီးတွေ့လျှင် လွတ်အောင် ထွက်ပြေး။ မပြေးနိုင်လျှင် သေ။
အဲသည်လို ကိုယ့်အသက်ကိုယ်မွေးပြီး လွတ်လပ်စွာ နေခဲ့ကြ၏။
တဖြည်းဖြည်း လူတွေများလာပြီ ဆိုသည့်အခါ ပြဿနာရှိလာသည်။
ကိုယ်ခူးဆွတ်စားနေသည့် အပင်ကို ဘယ်ကမှန်းမသိသည့် အကောင်တစ်ကောင် ရောက်လာကာ ဒါ သူ့အပင်ဆိုပြီး အတင်းဆွဲချတော့ ထိုးရကြိတ်ရသည်။ သတ္တ၀ါလေးတစ်ကောင် အသည်းအသန် ပစ်ခတ်ဖမ်း၍ အသေမိပြီဆိုတော့မှ ခြုံထဲက လူတစ်ယောက်ထွက်လာကာ ဒါ သူပစ်ထား၍ ခြေနာနေသည့် အကောင်၊ သူ လိုက်ဖမ်းနေတာဆိုပြီး အတင်းဝင်လုတော့ ထွေးလုံးသတ်ပုတ်ရပြန်သည်။
အတော်ကြာတော့ တုတ်ကြီးကြီးရထားသူက သူတစ်ပါးကို အတင်းဝင်ရောက် ရိုက်နှက်လုယက်သွား။ အဲသည်ကောင် တုတ်ဘေးချပြီး အိပ်ပျော်နေတော့ တစ်ယောက်က ကျောက်တုံးကြီးကြီးနှင့် ခေါင်းထုသတ်ပြီး တုတ်ယူသွား။
တစ်ယောက်နှင့်တစ်ယောက် ခွန်အားဗလချင်း မတူညီတာတွေ ရှိသော်လည်း သည်လူက အမြဲနိုင်၊ သည်လူက အမြဲရှုံးဆိုသော အနေအထား မရှိ။ ဗလကြီးသည့် အကောင်ကိုလည်း သေးသည့်အကောင်က ချောင်းမြောင်းစောင့်ဆိုင်းကာ ချောက်ကောင်းကောင်းထဲ တွန်းချသတ်နိုင်သည်။
အဲသည်တော့ ဘယ်သူမှ အသက်နှင့်ခန္ဓာ ကြာကြာမြဲမည်ဟု မသေချာ။
အမြဲ ကျီးလန့်စာစား။ လူတိုင်းက လူတိုင်းနှင့် စစ်ဖြစ်နေသည့် အနေအထား။
ဒါကို၊ အုပ်စိုးသူကင်းမဲ့သော ကာလက မိမိ လွတ်လပ်ခွင့်ကို မိမိကြိုက်သလို သုံးစွဲခံစားကြသည့် လူအများကြား လွတ်လပ်မှုတွေ တိုးတိုက်မိကာ ဖြစ်ပေါ်လာသည့် ငရဲပြည် အနေအထားဟု ဆိုကြသည်။
တစ်နည်းဆိုသော်၊ မင်းမဲ့ငရဲ။
* * *
မင်းမဲ့တိုင်းပြည်ဟူသည် ငရဲပြည်ဖြစ်သည်။ ထို့ကြောင့် အေးချမ်းသာယာ၍ လုံခြုံမှုရှိသည့် တိုင်းပြည် ထူထောင်ရမည်၊ လုံခြုံမှုနှင့် အေးချမ်းမှုကို တာဝန်ယူ ထိန်းသိမ်းပေးမည့် မင်းတစ်ပါး တင်မြှောက်ရမည်ဟူသော အယူအဆဖြင့် လူအများကြား အုပ်စိုးသူဆိုတာ ပေါ်လာခဲ့သည်ဟု ဆိုသည်။
သို့သော် အုပ်စိုးသူဆိုတာကလည်း လူသားပဲဖြစ်ရာ သူတစ်ဦးတည်း အုပ်စိုးခွင့်အာဏာ ရသည့်အခါ ထင်ရာစိုင်းပြီး အများသူငါကို နှိပ်စက်ကလူပြုတာတွေ ရှိလာသည်။ အဲသည်အခါ "မင်း" ဆိုတာကို ရန်သူမျိုးငါးပါးစာရင်းထဲ ထည့်ရသည့်ကိန်းမျိုး ဆိုက်လာပြန်သည်။
နှိပ်စက်သော မင်းတို့နှင့် စပ်လျဉ်း၍ တရုတ်ပညာရှိကြီး ကွန်းဖျူးရှပ်(စ) ပြောခဲ့သည့် ထင်ရှားသော စကားတစ်ခွန်းရှိသည်။
တစ်ခါ၌ ကွန်ဖျူးရှပ်(စ) နှင့် တပည့်များ တောလမ်းတစ်ခုမှ ခရီးသွားစဉ် သင်္ချိုင်းမြေပုံတစ်ခုနံဘေးမှာ သည်းထန်စွာ ငိုကြွေးနေသော မိန်းမတစ်ယောက် တွေ့ရသည်။ အကျိုးအကြောင်းကို တပည့်တစ်ဦးအား မေးခိုင်းသည့်အခါ သူ့သား ကျားကိုက်၍ သေဆုံးကြောင်း၊ သူ့သားအရင် သူ့ခင်ပွန်းသည်ရော၊ ခင်ပွန်းသည်၏ ဖခင်ပါ ကျားကိုက်၍ပင် သေဆုံးသွားခဲ့ကြကြောင်း ရင်ကွဲပက်လက် ငိုကြွေးရင်း ပြောပြသည်။ ဒါဖြင့် မြို့နားရွာနား သွားမနေဘဲ ဘာကြောင့် ဒီလောက် ကျားဆိုးပေါတဲ့တောမှာ နေရသလဲ မေးသည့်အခါ မြို့မှာ ဘုရင်မင်းဆိုးကို ကြောက်ရသဖြင့် တောထဲလာနေကြောင်း ဖြေသည်။
သည်အခါ ကွန်ဖျူးရှပ်(စ)က တပည့်များဘက်လှည့်ကာ "ကဲ၊ တွေ့ပြီမဟုတ်လား၊ မင်းဆိုးမင်းညစ်ဆိုတာ ကျားဆိုးကျားမိုက်ထက် ကြောက်စရာကောင်းတယ်ဆိုတာ အမြဲသတိရကြ" ဟူ၍ ဆိုသည်တဲ့။
* * *
ထို့ကြောင့်
အထီးတည်းနေစရာ သီးသန့်တော တစ်ခုလည်း မရနိုင်၊ အများနှင့်ရော၍သာ နေရစရာရှိသည့် လူသားသည် မင်းဆိုးငရဲနှင့် မင်းမဲ့ငရဲကြားက သက်သာရာကို ရှာသောအားဖြင့် အများသဘောဆန္ဒဖြင့် ညှိနှိုင်းဆောင်ရွက်မည့် လူထုအုပ်စိုးသောစနစ်ကို ရွေးချယ်လာကြခြင်း ဖြစ်သည်။
မင်းသဘောချည်းလည်း မရှိစေရ၊ ငါ့သဘောချည်းလည်း မရှိစေရ။ မင်းရောငါပါ အတူတကွ အပြန်အလှန် အုပ်စိုးကြမည်ဟူသော သဘော။
သို့သော်၊ သဘောတရားအရသာ လူထုအုပ်စိုးသောစနစ်ဟု ဆိုရသော်လည်း လူအားလုံးက လူအားလုံးကို အုပ်စိုးဖို့မှာ လက်တွေ့၌ မဖြစ်နိုင်။
ထို့ကြောင့်၊ အနီးစပ်ဆုံး အနေအထားအဖြစ် အားလုံး၏ကိုယ်စား ဆောင်ရွက်မည့်သူများကို ရွေးချယ်ပြီး အုပ်ချုပ်ခွင့်အာဏာ အပ်နှင်းသောစနစ်ကို လက်ခံကြရသည်။
အဲသည်တော့ နောက်ဆုံး ဘာဖြစ်သွားသလဲ။
အုပ်စိုးသူထဲမှာ ပါစရာမရှိသည့် အများသူငါအဖို့ စဉ်းစားသော်၊ သည်စနစ်ထဲမှာ မိမိရနိုင်သည့် တစ်ခုတည်းသော အခွင့်အရေးမှာ မိမိကို ဘယ်သူ ဘယ်ဝါ အုပ်စိုးပါဟု ရွေးချယ်ပိုင်ခွင့်သာပဲ ဖြစ်သွားသည်။
သည်အခါ၊ အဲသည်အခွင့်အရေး အနှစ်သာရပြည့်ဝစွာ အကောင်အထည်ဖော်နိုင်ရေးသည်ပင် လူထုအုပ်စိုးမှု အမှန်တကယ် ပေါ်ပေါက်ရေးအတွက် အဆုံးအဖြတ်ပြုမည့် အရေးကြီးသော အချက်ဖြစ်သွားပေသည်။
ပြည်သူ့ခေတ်အယ်ဒီတာ
၁-၉-၂၀၁၀
၁-၉-၂၀၁၀
No comments:
Post a Comment