Tuesday, September 07, 2010

ဗိုလ်ချုပ်အောင်ဆန်း အင်္ဂလိပ်စကားပြောခြင်း (၁)


englishspeakingofbogyok.png

"ထွန်းလှရေ"

"ဟုတ်ကဲ့ခင်ဗျ... ဗိုလ်ချုပ်"

"မင်း အိုင်စီအက်စ် (ICS) ဦးတင်ထွဋ် နေတဲ့အိမ် သိလား"

"သိပါတယ် ဗိုလ်ချုပ်၊ အင်းလျားလမ်း၊ နံပါတ် (၁) မှာပါ။ သူ့အိမ်က လမ်းထဲဝင်ဝင်ချင်းဆိုတော့ မှတ်ရတာ လွယ်ပါတယ်ဗိုလ်ချုပ်"

"အေး၊ ဒီဖိတ်စာ ဦးတင်ထွဋ်ကို သွားပေးစမ်း။ ဖတ်ပြီးတော့ သူ ဘာပြန်ပြောမလဲဆိုတာ သေသေချာချာ နားထောင်ခဲ့"

"ဟုတ်ကဲ့ပါ ဗိုလ်ချုပ်"

အပါးတော်မြဲ ဗိုလ်ထွန်းလှသည် ဗိုလ်ချုပ်အောင်ဆန်းထံမှ စာကိုယူ၍ ချက်ချင်းထွက်လာခဲ့သည်။

လမ်းတွင် ဗိုလ်ထွန်းလှသည် အံ့သြ၍နေသည်။ ထိုကာလတွင် ကွန်မြူနစ်ပါတီ သတင်းစာမှ နေ့စဉ် ဗိုလ်ချုပ်အောင်ဆန်းကို ဆန့်ကျင်ဘက်ရေးသည်။ မကြာခဏ ရေးသည့်အထဲတွင် ဗိုလ်ချုပ်အောင်ဆန်းသည် အတွေးအခေါ် အလွန်ညံ့ဖျင်းသည်။ ယခုအခါ သုံး၍မရသော ရှေးခေတ်နိုင်ငံရေးသမား ဦးဘဖေကို အသုံးပြုသည်၊ မကြာခဏ ဦးဘဖေအား ဖဆပလဌာနချုပ်သို့ ဖိတ်၍ ဆွေးနွေးသည်။ ထိုနည်းအတူ အလွန်ရှေးကျ၍  ခေတ်မမီတော့သော ဒီးဒုတ်ဦးဘချိုကို ဖဆပလ အမှုဆောင်အစည်းအဝေးကို ဖိတ်ကြားကာ အကြံဉာဏ်ယူသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းပြည်လူထု၏ အခြေအနေကို ဘာမျှမသိ၊ အင်္ဂလိပ်အစိုးရကို အညံ့ခံကာ ရာထူးလိုချင်ပုံ ပေါ်နေသည်။ အချောင်သမားစိတ် ၀င်နေသည်။ မည်သည့်ဝါဒကိုမှ မလေ့လာ၊ ပေါ်ပင်နိုင်ငံရေးသမား တစ်ယောက်ဖြစ်သည်။

ဤသို့ မကြာခဏ ဗိုလ်ချုပ်အောင်ဆန်းအား မကောင်းရေးကာ ဖဆပလအဖွဲ့ချုပ်ကိုလည်း ဘာမျှရည်ရွယ်ချက်မရှိ၊ နောက်လိုက် နိုင်ငံရေးသမားများကို စုကာထားသည်။ အားလုံး အချောင်သမားများ ဖြစ်သည်။ ပြည်သူလူထုတို့အား ယုံကြည်ဖွယ်ရာ မရှိဟု နေ့စဉ် တစ်ခုတစ်မျိုး ရေးသား၍နေသည်။

ယင်းသို့ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလအဖွဲ့ချုပ်ကြီးအား စွပ်စွဲနေချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် အင်္ဂလိပ်အစိုးရ၏ ပထမဆုံး အိုင်စီအက်စ်(ICS)၊ အင်္ဂလိပ်အစိုးရအဖွဲ့၏ အတွင်းဝန်ချုပ်၊ အင်္ဂလိပ်အစိုးရ၏ လက်စွဲတော်ကြီးတစ်ဦးအား စာဖြင့် ဆက်သွယ်နေသည်မှာ အံ့သြဖွယ်ရာဟု ဗိုလ်ထွန်းလှက တွေး၍နေသည်။

ဦးတင်ထွဋ်၏ နေအိမ်သို့ ရောက်သောအခါ အိမ်ပေါက်ဝတွင် ဗိုလ်ထွန်းလှက ဦးတင်ထွဋ်ကို ကိုယ်တိုင်တွေ့၍ စာပေးလိုကြောင်း၊ မည်သို့ အကြောင်းပြန်မည်ကို နားထောင်လိုကြောင်း ပြောပြရာ တာဝန်ရှိသူက အပေါ်ထပ်သို့ တက်ပြီး ဦးတင်ထွဋ်အား အကြောင်းကြားပါသည်။ ခွင့်ပြုလိုက်သောအခါမှ ဗိုလ်ထွန်းလှအား လာ၍ ခေါ်ပါသည်။

ဗိုလ်ထွန်းလှသည် အပေါ်ထပ်သို့ လိုက်သွားပြီး ဦးတင်ထွဋ်အား တွေ့သောအခါ အလေးပြုပါသည်။ ထို့နောက် စာကို လက်နှစ်ဖက်ဖြင့် ရိုသေစွာ ပေးအပ်ပါသည်။ ဦးတင်ထွဋ်သည် စာကို ဖွင့်ဖတ်ပြီးလျှင် "အို၊ တိုင်းပြည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းထံက ဖိတ်စာပါလား၊ ဘာအကြောင်းများလဲကွယ်။ ထိုင်ပါ မောင်ရင်"

ဦးတင်ထွဋ်သည် ဖိတ်စာကိုကိုင်ရင်း လက်ချောင်းကလေးများပင် တုန်၍နေပါသည်။

"ဘာကြောင့် ဖိတ်လဲဆိုတာတော့ ကျွန်တော်လည်း မသိဘူး။ ကျွန်တော်က အပါးတော်မြဲဆိုတော့ ခိုင်းတာပဲ လုပ်ရပါတယ် ဦးရဲ့" ဟု ဗိုလ်ထွန်းလှက ပြန်၍ပြောသည်။

"ပြီးတော့ ဦးအပြင် ဘယ်သူတွေကို ဖိတ်သေးလဲ"

"သည့်ပြင် ဘယ်သူတွေကို ဖိတ်သေးလဲဆိုတာ ကျွန်တော်မသိပါဘူး ဦးရဲ့"

"စာထဲမှာ ဘယ်နေ့မှာ ညစာသုံးဆောင်နိုင်မလဲလို့ မေးထားတယ်။ ဗိုလ်ချုပ်အောင်ဆန်းလို ပုဂ္ဂိုလ်က ဖိတ်တော့ အမြန်ဆုံးလာချင်ပါတယ်လို့ ပြောပြပါ။ ဖြစ်နိုင်ရင် နက်ဖြန်တောင် လာချင်တယ် မောင်ရင်ရယ်" ဦးတင်ထွဋ်က ပြောပါသည်။

"သည်လိုဆိုရင် ဦး၊ မနက်ဖြန်ပဲ ချိန်းလိုက်ပါ၊ ကျွန်တော် ညနေ (၅)နာရီလောက် ကားနဲ့ လာခေါ်ပါ့မယ်"

"ရပါတယ် မောင်ရင်ရယ်။ ဦးရဲ့ကားနဲ့ပဲ (၅) နာရီအရောက် လာပါ့မယ်။ ဗိုလ်ချုပ်အိမ်က ဘယ်လမ်းက ၀င်ရလဲ"

"ကန်တော်ကြီး Park လမ်းဘက်က ၀င်ရပါတယ်။ မြေပဒေသာကျွန်းရှေ့မှာ တာဝါလိန်း Towerlane လမ်းသွယ်ရှိပါတယ်။ အဲဒီအတိုင်း ၀င်လာရင် ရွှေကြက်ယက်ကျောင်း လွန်တာနဲ့ မျက်နှာချင်းဆိုင်ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အိမ်ပါပဲ။ ကျွန်တော် ညနေ (၅)နာရီမှာ ဂိတ်ဝက စောင့်နေပါ့မယ်"

"ကျေးဇူးပါပဲ မောင်ရင်ရယ်၊ ကောင်းပါပြီ။ နက်ဖြန်ကို ချိန်းတဲ့အချိန်အတိုင်း တွေ့ကြတာပေါ့"

"ဟုတ်ကဲ့ခင်ဗျာ။ ခွင့်ပြုတော်မူပါဦး"

ဗိုလ်ထွန်းလှသည် ပြန်၍လာကာ အကြောင်းစုံကို ဗိုလ်ချုပ်အောင်ဆန်းအား တင်ပြသည်။ ဗိုလ်ချုပ်သည် ထုံးစံအတိုင်း ဘာမျှ ပြန်၍မမေး။

နောက်တစ်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းသည် (၅)နာရီမထိုးမီ ဧည့်ခန်းသို့ ရောက်လာပြီး ဗိုလ်ထွန်းလှသည် ဂိတ်ဝမှသွား၍ စောင့်နေသည်။

ဦးတင်ထွဋ်သည် ချိန်းဆိုထားသည့်အတိုင်း (၅)နာရီတွင် ရောက်လာသည်။ ဗိုလ်ထွန်းလှသည် မော်တော်ကားဒရိုင်ဘာအား ကုန်းပေါ်သို့ ဆက်၍ မောင်းပါရန်ပြောပြီး သူက ကားရှေ့မှ သွက်သွက်လျှောက်၍ သွားသည်။

ကုန်းပေါ်ရှိ အိမ်အပေါက်ဝသို့ ရောက်သောအခါ ဗိုလ်ချုပ်အောင်ဆန်းသည် အသင့်စောင့်ကြို၍ နေသည်။

ဗိုလ်ထွန်းလှက ကားတံခါးဖွင့်ပေး၍ ဦးတင်ထွဋ် ဆင်းလာသောအခါ ဗိုလ်ချုပ်အောင်ဆန်းက "ဦးကြီးက အရွယ်တင်တုန်းပဲ။ ကျန်းကျန်းမာမာပဲ" ဟု ဆီးကြိုနှုတ်ဆက်ကာ ဦးတင်ထွဋ်၏ လက်နှစ်ဖက်ကိုကိုင်ပြီး အားပါးတရ ပြောသည်။

"ဟုတ်တယ် ဗိုလ်ချုပ်၊ ကျွန်တော်က ကျောင်းသားဘ၀မှာ လက်ဝှေ့ထိုးတယ်၊ ကြိုးခုန်တယ်။ ဒါတွေကြောင့် အခုထက်ထိ သန်စွမ်းနေတာ။ အခုလည်း မနက်လမ်းလျှောက်၊ ရေမချိုးခင် ကိုယ်လက်လှုပ်ရှား၊ ညနေစာစားပြီးလည်း ခြံထဲလမ်းလျှောက်။ ဗိုလ်ချုပ်လည်း ကျန်းမာတာပဲ"။ ဦးတင်ထွဋ်သည် ဗိုလ်ချုပ်လက်ကို ကိုင်ပြီး အိမ်ပေါ်တက်လှေကားပေါ်သို့ အတူတက်ကြသည်။

ဧည့်ခန်းတွင် မျက်နှာချင်းဆိုင် ထိုင်ကြပြီး ချက်ချင်းပင် ဗိုလ်ချုပ်က "ဦးကြီးကို ထမင်းစား ဖိတ်ရတာက ဦးကြီးဆီက အကူအညီ လိုချင်လို့ပါ" ဟု စကားစလိုက်သည်။

"အမိန့်ရှိပါ ဗိုလ်ချုပ်။ ကျွန်တော် တတ်နိုင်တာမှန်သမျှ ဗိုလ်ချုပ်ခိုင်းတာ လုပ်ပါမယ်"

"ဒီလိုပါ ဦးကြီး။ ကျွန်တော့်ကို လော့ဒ်မောင့်ဘက်တန် (Lord Mount Batten) က သူ့ဆီလာဖို့ ဖိတ်တယ်။ ရှေ့တစ်ပတ်မှာ လေယာဉ်ပျံ လွှတ်လိုက်မယ်၊ ကျွန်တော်နဲ့ လူ (၃၀) လိုက်ရမယ်"

"ဟာ ဗိုလ်ချုပ် ၀မ်းသာလိုက်တာ။ ဒီလို မှူးမတ် ရေတပ်သေနာပတိချုပ်က ဖိတ်တယ်ဆိုတာ အံ့သြစရာပဲ။ ကျွန်တော် အိုင်စီအက်စ် (ICS) ဖြစ်ပေမယ့် သူတို့ရဲ့ အကြီးဆုံး အစေခံရာထူးရတာတောင် မှူးမတ်သေနာပတိဆိုတာနဲ့ တစ်ခါမှ မတွေ့ဖူးဘူး။ လောဒ်မောင့်ဘက်တန်ဟာ တော်ဝင်ပုဂ္ဂိုလ် ဂျော့ဘုရင်ရဲ့ ညီအစ်ကို တစ်ဝမ်းကွဲတော်တယ်။ နန်းတော်ဝင် မင်းသားဆိုပေမယ့် နန်းတော်ကပေးတဲ့ အဆောင်အယောင်နဲ့တင် ဇိမ်ခံမနေဘူး။ တစ်ခါတည်း စစ်ထဲဝင် ရေတပ်ကျောင်းတက်၊ လေ့ကျင့်ခန်းတွေ မပျက်လုပ် ကြိုးစားတာဟာ နောက်ဆုံး ရေတပ်စစ်သေနာပတိကြီး ဖြစ်လာတဲ့အထိပဲ"

"ကျွန်တော်က ဦးကြီးလို သူ့အကြောင်း အစုံမသိဘူး။ သူဟာ နန်းစွန့်သွားတဲ့ ဝေလမင်းသား အိမ်ရှေ့စံ၊ သူအစ်ကိုဝမ်းကွဲနဲ့ ရုပ်ချင်းဆင်တူတယ်။ အိမ်ရှေ့စံ ဝေလမင်းသားဟာ ကမ္ဘာလှည့်ရင် သူ့ညီဝမ်းကွဲ မောင့်ဘက်တန်ကို သူ့ကိုယ်ရံတော်အဖြစ် ခေါ်သွားလေ့ရှိတယ်။ ဝေလမင်းသားဟာ ကမ္ဘာမှာ အချောဆုံး မင်းသားလို့ နာမည်ကျော်သလို မောင့်ဘက်တန်ကလည်း ရုပ်ရည်သန့်တယ်။ စည်းကမ်းကြီးတယ်။ သပ်သပ်ရပ်ရပ် နေတယ်လို့ ကြားဖူးတယ်။ ဒါလောက်ပဲ သိတယ် ဦးကြီး"

"ဟုတ်တယ် ဗိုလ်ချုပ်၊ လော့ဒ်မောင့်ဘက်တန်က သူ့အိမ်တော်မှာ ရှိသမျှ ပစ္စည်းမှန်သမျှ သူ့နာမည် တင်ထားတယ်။ စားပွဲ၊ ကုလားထိုင်၊ ခန်းစည်း၊ ကန့်လန့်ကာ၊ ပန်းကန်ပေါင်းစုံ၊ ဇွန်းခက်ရင်း၊ လက်သုတ်ပ၀ါကအစ အားလုံး သူ့နာမည် တပ်ထားတယ်လို့ ကြားဖူးတာပဲ ဗိုလ်ချုပ်"

"ဦးကြီး၊ ဒီလို တော်ဝင်ပုဂ္ဂိုလ်က ကျွန်တော့်ကို ဖိတ်တာ ကျွန်တော်စဉ်းစားမရဘူး။ အထူးသဖြင့် တိုင်းခန်းလှည့်လည်ရင်း ရန်ကုန်မြို့ရောက်လာတော့ ရန်ကုန်ဘုရင်ခံက အော်ရိယန် (Orient Club) (ယခု စိုက်ပျိုးရေးပြတိုက်) မှာ ဧည့်ခံပွဲလုပ်တယ်။ အဲဒီမှာ သူ မိန့်ခွန်းပြောရင်း တစ်ပိုဒ်က ကမ္ဘာမှာ လူထုဟာ အေးအေးသာသာ နေချင်ကြတာ။ ဒါပေမယ့် နိုင်ငံရေးသမားတွေက မဟုတ်တာတွေ ၀င်လုပ်နေလို့ ငြိမ်းချမ်းမှု ပျက်နေတာလို့ ပြောလိုက်တယ်။ ကျွန်တော်လည်း မခံချင်လို့ ထပြီး နိုင်ငံရေးသမားကြောင့် ငြိမ်းချမ်းရေး မပျက်ပါဘူး။ အချောင်သမားတွေ ၀င်ရှုပ်နေကြလို့ပါဆိုပြီး ပြောလိုက်တယ်။ လော့ဒ်မောင့်ဘက်တန်ကလည်း ချက်ချင်းပဲ ဟုတ်ပါတယ်။ နိုင်ငံရေးသမားဟာ လွတ်လပ်ငြိမ်းချမ်းဖို့ပဲ လုပ်တာပါလို့ ဆက်ပြောတယ်"

"တကယ် ချီးကျူးစရာ ပုဂ္ဂိုလ်ကြီးပါပဲ။ သူ့ကို မှားတယ်လို့ ပြောတာတောင် ဒေါသမထွက်ဘူး။ အလိုက်သင့် ပြန်ပြောတယ်" ဦးတင်ထွဋ်က ၀င်၍ ထောက်ပါသည်။

"ကျွန်တော့်ကို လော့ဒ်မောင့်ဘက်တန်က မဖိတ်ခင် မိတ္ထီလာက အင်္ဂလိပ်စစ်တပ် ဗိုလ်ချုပ်ကြီးစလင်းက လေယာဉ်ပျံလွှတ်ပြီး ဖိတ်သေးတယ်။ ကျွန်တော့်ကို မြန်မာဗိုလ်ချုပ် တစ်ယောက်အနေနဲ့ ဆွေးနွေးချင်တယ်။ ကျွန်တော်က ကျွန်တော်လာတာ ဖဆပလ အဖွဲ့ချုပ်ကြီးရဲ့ ဥက္ကဋ္ဌအနေနဲ့ လာတာပါလို့ နိုင်ငံရေးသမားလို့ ပြောတော့ စစ်တပ်နဲ့ပတ်သက်ပြီး ဘာမှ မဆွေးနွေးဘူး။ ဖက်ဆစ်ဂျပန် တိုက်တဲ့အခါ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားတွေက ၀ိုင်းပြီး ကူညီကြလို့ အောင်မြင်တဲ့အကြောင်းသာ ပြောတယ်"

"အဲဒါလည်း သူ့အထက်က စစ်သေနာပတိကြီး လော့ဒ်မောင့်ဘက်တန်က ခိုင်းလို့နဲ့ တူတာပဲ။ သူ့ဘာသာသူ ဗိုလ်ချုပ်ကိုဖိတ်ပြီး ဆွေးနွေးဖို့ရာ ဘာမှ အကြောင်းမရှိဘူး။ ကျွန်တော့်ထင်မြင်ချက် ပြောတာပါ။ ဗိုလ်ချုပ်ကို ဘီအိုင်အေခေတ်မှာ သထုံခရိုင်က သူကြီးကို သတ်တယ်ဆိုပြီး အိန္ဒိယရောက် ဆင်းမလားပြည်ပြေး အစိုးရက စွပ်စွဲတယ်။ ဒီအတိုင်း သူတို့ မောင့်ဘက်တန်ဆီ အစီရင်ခံမယ်။ ဒီမှာတင် မောင့်ဘက်တန်က သူ့စစ်ဗိုလ်တွေကို အစုံစမ်းခိုင်းမယ်ထင်တယ်။ အင်္ဂလိပ်စစ်တပ်မှ ဗိုလ်ချုပ်ကြီး စလင်းသည် စစ်ပြီးသောအခါ Defeat into Victory စာအုပ် ရေးပါသည်။ မြန်မာနိုင်ငံမှ စစ်ရှုံး၍ ထွက်လာပြီးသည့်နောက် ပြန်၍ တိုက်သည့်အခါ အောင်မြင်ပုံကို ရှုံးနိမ့်ခြင်းမှ ပြန်လည်အောင်မြင်ခြင်းအဖြစ် ရေးသားဖော်ပြပါသည်။

ထိုအကြောင်းများတွင် ဗိုလ်ချုပ်အောင်ဆန်းအား ဖိတ်ခေါ်ပုံကို ထည့်သွင်းဖော်ပြရာ၌ သူသည် မိတ္ထီလာမှနေ၍ လေယာဉ်လွှတ်ပြီး ရန်ကုန်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းအား ဖိတ်ခေါ်ပါသည်။ လေယာဉ်ကွင်းသို့သွား၍ ကြိုဆိုသောအခါ လေယာဉ်ပေါ်မှ ဂျပန်ဓားကိုလွယ်၍ လူငယ်တစ်ယောက် ဆင်းလာသောအခါ ဘယ်သူပါလိမ့်ဟု တွေးတောနေစဉ် ထိုလူငယ်က ကျွန်ုပ်ထံလာ၍ "ကျုပ်ဟာ ဗိုလ်ချုပ်အောင်ဆန်းပါ" ဟု လက်ကမ်းနှုတ်ဆက်ပါသည်။ ကျွန်ုပ်သည် အံ့အားသင့်ကာ နှုတ်ဆက်ပြီး "မင်း ဒီကိုလာတာ ဘာမှ မစိုးရိမ်ဘူးလား၊ မင်းကို ဆီးပြီးဖမ်းရင် ဘာလုပ်မလဲ" ဟု မေးသောအခါ သူက "အင်္ဂလိပ်က ဖိတ်တယ်။ အင်္ဂလိပ်လူမျိုးတွေဟာ ဖိတ်ခေါ်ကတိကို လေးစားတယ်ဆိုတာ ကမ္ဘာက အသိအမှတ်ပြုတယ်။ ဒါကြောင့် ကျုပ်လာတာပါ" လို့ တည်တည်ကြီး ပြန်ပြောတယ်။ ကျွန်ုပ် သူ့ကို တွေ့တွေ့ချင်း လေးစားသွားတယ်" ဟု ရေးသားထားပါသည်။

"ကျွန်တော်က ဦးကြီးလို အုပ်ချုပ်ရေးပိုင်းတွေ နားမလည်တော့ အကျယ်ချဲ့ပြီး ဘာမှ မတွေးဘူး။ မစဉ်းစားဘူး။ လော့ဒ်မောင့်ဘက်တန်က ဖိတ်တယ်။ ဖဆပလ အဖွဲ့ချုပ် အမှုဆောင်အစည်းအဝေးမှာ တင်ပြပြီး လူပေါင်း (၃၀) အဖော်ခေါ်ခဲ့ဖို့ ဆိုရာမှာ ကျွန်တော်က ဘကြီးဘဘေရယ်၊ အတွင်းရေးမှူး သခင်သန်းထွန်းရယ်၊ ဦးတင်ထွဋ်ရယ်၊ အရပ်သား (၃)ဦးနဲ့ ကျန်တာ စစ်ဘက်က (၂၇)ယောက် ခေါ်သွားချင်တဲ့အကြောင်း တင်ပြတော့ အားလုံးကပဲ သဘောတူ ဆုံးဖြတ်ပါတယ်။ ကျွန်တော်တို့သွားမယ့် ကိုယ်စားလှယ်အဖွဲ့ထဲ ဦးကြီးကိုပါ ထည့်ထားပါတယ်"

"အမလေ၊ ကျေးဇူးတင် အံ့သြလိုက်တာ။ ကျွန်တော့်ကို အားကိုးရင် ဗိုလ်ချုပ်နဲ့အတူ လိုက်ပါရင်း တာဝန်ပေးသမျှ ဆောင်ရွက်ပါမယ်" ဦးတင်ထွဋ်က ၀မ်းသာအားရ ပြောပါသည်။

"ဦးကြီးကို အားကိုးတာက မှူးကြီးမတ်ကြီး တော်ဝင်မင်းသား အင်္ဂလိပ်ရေတပ် စစ်သေနာပတိချုပ် လော့ဒ်မောင့်ဘက်တန်နဲ့ တွေ့ရမယ်ဆိုတော့ ကျွန်တော် ဘယ်လိုပြော ဘယ်လိုနေရမလဲဆိုတာ မသိပါဘူး။ အဲဒါတွေအားလုံး ဦးကြီးက သင်ပြပေးဖို့ အခုလို ဦးကြီးကို ဖိတ်ခေါ်ရခြင်း ဖြစ်ပါတယ်"

"ဗိုလ်ချုပ်ရယ်၊ ဒီအသက်၊ ဒီအရွယ်နဲ့ တိုင်းပြည်ကို ခေါင်းဆောင်နိုင်တာ ကျွန်တော် ကြည်ညိုလေးစားလို့ မဆုံးပါဘူး။ အဝေးကနေပြီး ဗိုလ်ချုပ်ကို ကြည်ညိုနေရတာထက် အခုလို လူချင်းတွေ့တော့ ပိုပြီး ကြည်ညိုမိတယ်။ တိုင်းပြည်တစ်ခုရဲ့ ခေါင်းဆောင်ဖြစ်ဖို့ ပြည်သူပြည်သားတွေက လေးစားကြဖို့ဆိုတာ မလွယ်ပါဘူး။ ဒီလို တိုင်းပြည်က ကြည်ညိုလေးစားတဲ့ ခေါင်းဆောင်ကြီးက တိုင်းပြည်ကို ကြီးစိုးနေတဲ့ ဘုရင်ရဲ့ ဆွေတော်မျိုးတော် ရေတပ်မတော်ရဲ့ စစ်သေနာပတိကြီးနဲ့ တွေ့ရမယ်ဆိုတော့ အရမ်းမတွေ့ဘဲ ကိုယ့်ဘက်က အကုန်ပြည့်စုံအောင် ကြိုးစားလေ့လာတာဟာ တကယ့်ခေါင်းဆောင်ကောင်း ပီသပါပေတယ် ဗိုလ်ချုပ်ရယ်"

"ဟုတ်ပါတယ် ဦးကြီး။ ကျွန်တော့်ဘက်က ဘာမှ မချို့ယွင်းစေချင်ပါဘူး။ ကျွန်တော် နိုင်ငံခြားက ၀န်ကြီးချုပ်၊ သမ္မတတွေနဲ့ အင်္ဂလိပ်လို ကောင်းကောင်းပြောတတ်ပါတယ်။ သူတို့ ပြောတာတွေလည်း အားလုံးနားလည်ပါတယ်။ အမြင့်ဆုံးပုဂ္ဂိုလ်ကို ဆာထည့်ပြီးပြောရင် ရိုသေလေးစားရာ ရောက်တယ်ဆိုတာလည်း သိပါတယ်။ ဒါပေမယ့် တော်ဝင်ပုဂ္ဂိုလ်၊ လော့ဒ်ဘွဲ့ရ ပုဂ္ဂိုလ်တွေနဲ့ တစ်ခါမှ စကားမပြောဖူးပါဘူး။ အဲဒါကြောင့် လော့ဒ်မောင့်ဘက်တန် အရှေ့တောင်အာရှ ရေတပ်စစ်သေနာပတိကြီးနဲ့ တွေ့ရ၊ ပြောရမယ်ဆိုတော့ ကျွန်တော် ဘယ်လိုနေ၊ ဘယ်လိုပြောရမယ်ဆိုတာ လုံးဝနားမလည်ဘူး ဦးကြီး။ တွေ့တဲ့ပုဂ္ဂိုလ်ကြီးက အစကတည်းက တွေ့နေကတည်းက အထင်သေးနေရင် ဘာမှ ရှေ့ဆက်လုပ်လို့ အောင်မြင်မှာ မဟုတ်ဘူး"

"မှန်ပါတယ် ဗိုလ်ချုပ်။ ရှေ့ရေးကို အမြင်မှန်နဲ့ တွေးထားတော့ လုပ်သမျှ အောင်မြင်တာပေါ့ ဗိုလ်ချုပ်ရယ်။ လော့ဒ်မောင့်ဘက်တန်က ဗိုလ်ချုပ်ကို ဖိတ်ခေါ်တာလည်း သူ့သဘောနဲ့သူ ဖိတ်တာ မဖြစ်နိုင်ဘူး။ စစ်သေနာပတိဆိုတာ တိုင်းပြည်နဲ့ ဆက်သွယ်တဲ့အခါ ပါရတာ မဟုတ်ဘူး။ သူလုပ်ချင်တာကို အထက်ဝန်ကြီးချုပ်ဆီ တင်ရသေးတာ။ ဘယ်နိုင်ငံက ဘယ်သူနဲ့ ဘယ်လိုဆက်သွယ်ပြီး ဘာပြောမယ်ဆိုတာကအစ အစီရင်ခံရတာ။ ဒါကို ၀န်ကြီးချုပ်က သဘောတူလို့ လုပ်တော့ဆိုမှ လုပ်ခွင့်ရတာ။ ဒီလိုကိစ္စမှာ တစ်ဖက်က မမှားဖို့၊ အသင့်ပြင်ထားဖို့ အရေးကြီးတာပေါ့။ ဗိုလ်ချုပ်က လော့ဒ်မောင့်ဘက်တန်နဲ့ အတွေ့မှာ အပြောမမှားဖို့ အနေအထိုင် မမှားဖို့ ကြိုတင်စိုးရိမ်တာဟာ တကယ့်ခေါင်းဆောင် ပီသပါပေတယ်"

"အဲဒီတော့ ဦးကြီး၊ တော်ဝင်ပုဂ္ဂိုလ် လော့ဒ်မောင့်ဘက်တန်နဲ့တွေ့ရင် ဘယ်လိုက စပြီး ဘယ်လိုသုံးနှုန်းရမယ်ဆိုတာ သင်ပေးပါ"

* * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * *
မကြာသေးခင်တုန်းက သောင်းပြောင်းထွေလာ ပို့စ်တစ်ခုမှာ ညွှန်းခဲ့တဲ့ မော်နီတာဂျာနယ်၊ အတွဲ-၁၊ အမှတ်-၁၅ က ဆောင်းပါးတစ်ပုဒ် ဖြစ်ပါတယ်။ ရှာဖတ်ကြည့်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။ ပြန်တင်ပေးဖို့ရာ ဆောင်းပါးက အင်မတန်မှ ရှည်လျားနေလေတော့ အဆင်မပြေတဲ့အကြောင်းလည်း တောင်းပန်စကား ဆိုခဲ့ပါတယ်။ အစကတည်းက အဲဒီဆောင်းပါးကို မညွှန်းခဲ့မိရင် အကောင်းသားဗျ။ အခုတော့ တစ်နေ့တစ်နေ့ ကျွန်တော့်မှာ အဲဒီဆောင်းပါးအတွက် စိတ်တထင့်ထင့် ဖြစ်နေရတယ်။ ကျွန်တော်မေးကြည့်မိသမျှ မိတ်ဆွေတွေကလည်း မေးလိုက်တဲ့အခါတိုင်း မဖတ်ရသေးတဲ့အကြောင်းချည်းပဲ ဖြေကြတယ်။ အထူးသဖြင့် ပြည်ပက မိတ်ဆွေတွေက သူတို့အနေနဲ့ အဲဒီလိုရှာဖတ်ဖို့ အခွင့်အရေး မရှိတဲ့အကြောင်း ပြောလာတော့ ဒီကောင်ကိုဉာဏ် ဘယ်ခံစားနိုင်လိမ့်မတုန်းဗျာ။ တင်ပေးမယ်၊ တင်ပေးမယ်ဆိုပြီး စိတ်ထဲမှာ တိုက်တွန်းနေတာလည်း အတော်ကြာနေပြီ။ ကဲပါဗျာ... အခုတော့ တင်ပေးလိုက်ပါပြီ။ ဒါပေမယ့် အစအဆုံး မဟုတ်သေးပါဘူး။ တစ်ဝက်နီးပါးတော့ ဖတ်လို့ရပြီ ဆိုပါတော့ဗျာ။ အဲဒါကြောင့် ခေါင်းစဉ်မှာ (၁) လို့ တပ်ပေးလိုက်တာပါ။ နောက်ထပ် ဘယ်နှခါခွဲပြီး ရိုက်တင်ပေးရမယ်ဆိုတာ မသိသေးတဲ့အတွက်ပါ။ နောက်ထပ် တစ်ခါတည်းနဲ့လည်း အစအဆုံး ဖြစ်သွားနိုင်သလို အချိန်ရရှိမှုအပေါ် မူတည်ပြီး နှစ်ခါ၊ သုံးခါလည်း ခွဲပြီး တင်ပေးရနိုင်ပါတယ်။ စိတ်ရှည်ရှည်ထားပြီး စောင့်ဖတ်ပေးကြဖို့ ပြောလိုပါတယ်။ မဂ္ဂဇင်းတွေထဲမှာ အခန်းဆက် ၀တ္ထုရှည်တွေဆိုရင် လနဲ့ချီပြီး စောင့်ဖတ်ကြရတာပဲ မဟုတ်လား။ ကျွန်တော်က နှစ်ရက်-သုံးရက်၊ အလွန်ဆုံးမှ တစ်ပတ်လောက်နဲ့ အပြီးတင်ပေးမှာပါဗျာ။ ကျေးဇူးတင်ပါတယ်။
* * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * *

5 comments:

  1. Anonymous4:06 PM

    နောက်တပိုင်းကို ဖတ်ဖို့စောင့်နေပါတယ်
    အခုလို တင်ပေးတာ ကျေးဇူးတင်ပါတယ် ကိုဥာဏ်

    အနောနေမတ်

    ReplyDelete
  2. မင်းကို5:32 PM

    အထူးကျေးဇူးတင်ပါတယ် ကိုဉာဏ်။ပျော်ရွှင်ချမ်းမြေ့ပါစေ။

    ReplyDelete
  3. Gyidaw7:33 PM

    Thank u vm for this post U Nyan.Longing for the part 2.B cool.

    ReplyDelete
  4. Anonymous9:45 PM

    ကျေးဇူးတင်ပါတယ် .....
    နောက်များလဲ ဒီလိုစာမျိုးတွေ ဖတ်ချင်ပါသေးတယ် ...

    ReplyDelete
  5. Anonymous5:50 PM

    thanks a lot for this post, Ko Nyan!!

    regards,
    lonetone

    ReplyDelete

 
Web Statistics