သြဂုတ်လ ၅ ရက်နေ့က ပြိုကျခဲ့ရတဲ့ ချီလီမိုင်းတွင်းတစ်ခုထဲမှာ ပိတ်မိနေတဲ့ မိုင်းလုပ်သား (၃၃)ဦးရဲ့ သတင်းဟာ ကမ္ဘာတစ်ဝန်းလုံးက သတင်းစိတ်ဝင်စားသူတွေရဲ့ အာရုံတွေကို ယနေ့အချိန်အထိ ဖမ်းစားထားနိုင်ဆဲ ဖြစ်နေပါတယ်။ အဲဒီ ချီလီမိုင်းလုပ်သား (၃၃)ဦးဟာ မြေအောက်အနက် မီတာ (၇၀၀) ခန့်မှာရှိတဲ့ အရေးပေါ် ခိုလှုံရေးအခန်းမှာ ပိတ်မိနေတာဖြစ်ပါတယ်။ ၄ မိုင်ကျော်နက်တဲ့ မြေအောက်ထဲမှာ မိုင်းတွင်းပြိုကျမှုကြောင့် ပိတ်မိနေတဲ့ သူတို့တွေကို အသက်ရှင်လျက် ရှိနေတယ်လို့ အစပိုင်းကတော့ ဘယ်သူကမှ ထင်မှတ်မထားခဲ့ကြပါဘူး။ အနည်းငယ်ပဲရှိတဲ့ စားစရာတွေကို အတူတကွ ဝေမျှစားသောက်ကြရင်းနဲ့ အသက်ရှင်နေကြသေးတဲ့ သူတို့တွေကို ရှာဖွေတူးဖော်တဲ့ ပိုက်လိုင်းကနေတဆင့် အဆက်အသွယ်ရရှိခဲ့တာ ဖြစ်ပါတယ်။ အခုတော့ အဲဒီပိုက်လိုင်းကနေ အစားအသောက်တွေ၊ ဆေးဝါးတွေ ထောက်ပံ့ပေးနေတယ်လို့ သိရပါတယ်။ အခုနောက်ဆုံးဆိုရင် သူတို့တွေရဲ့ မျက်နှာတွေ၊ စကားသံတွေကိုတောင် အပြင်မှာရှိနေတဲ့ မိသားစုဝင်တွေနဲ့ တစ်ကမ္ဘာလုံးက လူတွေ ကြားနေမြင်နေရပြီ ဖြစ်ပါတယ်။
[မိုင်းလုပ်သားများကို ကယ်တင်မည့် အစီအစဉ်]
သူတို့ကို ကယ်တင်ဖို့အတွက် လက်ရှိရှိနေတဲ့ ပိုက်လိုင်းကို ချဲ့ထွင်ရမှာဖြစ်ပြီး လူတစ်ကိုယ်စာ အကျယ်အ၀န်း ရရှိတဲ့အခါကျမှ ကယ်တင်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီလို အနေအထားရှိတဲ့ အပေါက်ဖြစ်ဖို့အတွက် ၄ လခန့် ကြာမြင့်ဦးမယ်လို့လည်း ဆိုနေကြပါတယ်။ မြေအောက်အနက် ၄ မိုင်ခွဲလောက်မှာ လနဲ့ချီပြီး ဒုက္ခခံကြရဦးမယ့် သူတို့တွေအတွက် အခုလိုအချိန်ကာလတွေဟာ တကယ့်ငရဲပဲ ဖြစ်မှာပါ။ အပြင်မှာရှိနေတဲ့ မိသားစုဝင်တွေအတွက်လည်း ဘယ်လောက်များ ပူဆွေးသောက ရောက်နေရမလဲဆိုတာကို တွေးကြည့်လို့ရပါတယ်။ ချီလီက မိုင်းလုပ်သား ၃၃ ယောက် ဘေးမသီရန်မခနဲ့ အမြန်ဆုံး လွတ်မြောက်နိုင်ကြပါစေလို့ တစ်ကမ္ဘာလုံးက ဆုတောင်းပေးနေကြမယ်ဆိုတာ သံသယ ဖြစ်စရာမရှိပါဘူး။
ဖိလစ်ပိုင်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ခရီးသည်တင်ဘတ်စ်ကား ပြန်ပေးဆွဲကလည်း ကမ္ဘာ့သတင်းတွေအကြားမှာ ဟိုးလေးတကျော် ဖြစ်ခဲ့တာပါပဲ။ အဲဒီပြန်ပေးဆွဲမှုကို ဖိလစ်ပိုင် ရဲတပ်ဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်တဲ့ ရိုလန်ဒိုမန်ဒိုဇာဆိုသူက ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဘတ်စ်ကားပြန်ပေးဆွဲမှုအတွင်း ဟောင်ကောင်ကမ္ဘာလှည့်ခရီးသည် (၈)ဦး သေဆုံးခဲ့ရပါတယ်။
[ပြန်ပေးဆွဲခံရသည့် ဘတ်စ်ကားအား ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ၀င်ရောက်စီးနင်းစဉ်]
အဲဒီဖြစ်စဉ်ကြောင့် တရုတ်ပြည်အစိုးရက အသေးစိတ်စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ပေးဖို့ ဖိလစ်ပိုင်သမ္မတထံကို တောင်းဆိုထားတယ်လို့ သိရပါတယ်။ ဖိလစ်ပိုင်သမ္မတကလည်း အဲဒီဖြစ်စဉ်ကို သေသေချာချာ ကိုင်တွယ်စစ်ဆေးပေးပါ့မယ်လို့ အာမခံထားကြောင်း သိရပါတယ်။ အဓိကပြောစရာ ဖြစ်နေတာကတော့ အခုလို ခရီးသည်တင် ဘတ်စ်ကား ပြန်ပေးဆွဲမှုမှာ ဖိလစ်ပိုင်ရဲတပ်ဖွဲ့တွေရဲ့ အားနည်းချက်တွေ၊ လိုအပ်ချက်တွေကြောင့် ဟောင်ကောင်ခရီးသည်တွေ မလိုအပ်ဘဲ သေဆုံးခဲ့ကြရတယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ပိုဆိုးသွားစေတာကတော့ ဖိလစ်ပိုင်ရဲတပ်ဖွဲ့ အကြီးအကဲကလည်း အခုဖြစ်စဉ်မှာ သူတို့ရဲတပ်ဖွဲ့အနေနဲ့ ကိုင်တွယ်ပုံတွေ မှားယွင်းခဲ့တယ်လို့ ၀န်ခံခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီလို ဖြစ်ပွားပြီးပြီးချင်းမှာပဲ ဟောင်ကောင်က သူတို့နိုင်ငံသားတွေရဲ့ ဖိလစ်ပိုင်ခရီးစဉ် အားလုံးကို ဖျက်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။ သူ့ဟာသူ စိတ်အချဉ်ပေါက်နေတဲ့ လူတစ်ယောက်ကြောင့် အပြစ်မဲ့ ကမ္ဘာလှည့်ခရီးသည်တွေ သေဆုံးခဲ့ကြရတယ်၊ နှစ်နိုင်ငံ ဆက်ဆံရေးတွေ ထိခိုက်ခဲ့ရတယ်၊ ဖိလစ်ပိုင်နိုင်ငံရဲ့ ပုံရိပ်ကိုလည်း ညှိုးနွမ်းစေခဲ့တယ်၊ ပြောရမယ်ဆိုရင် အများကြီးပါပဲ။ တစ်ကမ္ဘာလုံးက ဘယ်လောက်ပဲ ဆန့်ကျင်ဆန့်ကျင် အကြမ်းဖက်မှုတွေ၊ သတ်ဖြတ်မှုတွေကတော့ လျော့နည်းသွားတယ် မရှိဘဲ တစ်နေ့ထက်တစ်နေ့ ပိုလို့သာ များလာသလားလို့ ထင်မှတ်ရပါတယ်။ ကျွန်တော်တို့လူသားတွေမှာ စာနာစိတ်၊ ကြင်နာသနားစိတ်၊ မေတ္တာစိတ်တွေ လျော့ပါးလာကြပြီလားဆိုတာ မေးခွန်းထုတ်စရာပါ။ ဘယ်လိုရည်ရွယ်ချက်၊ ဘယ်လိုအကြောင်းကြောင်းပဲဖြစ်ဖြစ် အကြမ်းဖက်မှုတွေ၊ လူသားအချင်းချင်း သတ်ဖြတ်မှုတွေကို ရှုံ့ချလိုက်ပါတယ်။ ကမ္ဘာကြီး ငြိမ်းချမ်းပါစေ။
နှစ်နိုင်ငံ အပြန်အလှန် သူလျှိုလဲလှယ်မှု အစီအစဉ်တွေထဲမှာ တစ်ဦးအပါအ၀င်ဖြစ်တဲ့ အန်နာ ချပ်(ပ)မန်း ဆိုတဲ့ မဒီလေးကတော့ အခုတလော သတင်းစာမျက်နှာတွေမှာ နေရာယူလို့ လာပြန်ပါရောလားဗျ။ အင်း... ရုပ်ကလေးကလည်းလှ၊ ကိုယ်လုံးကိုယ်ပေါက်လေးကလည်း ခပ်မိုက်မိုက်ဆိုတော့ တစ်ကမ္ဘာလုံးက ပုရိသတွေ စိတ်ဝင်စားကြတာ မဆန်းဘူးထင်ပါရဲ့ဗျာ။ စိတ်ဝင်စားစရာ အကောင်းဆုံးကတော့ သူ့ရဲ့ ဇာတ်လမ်းတွေ ဖြစ်မယ်ထင်ပါတယ်။
[ရုရှားစပိုင် အန်နာချပ်(ပ)မန်း]
အခြားစပိုင်တွေခမျာ နာမည်တောင် မသိရပေမယ့် အန်နာချပ်(ပ)မန်းတို့ စန်းထပုံကတော့ အံ့လောက်ရဲ့လို့ ဆိုရမလိုပါပဲ။ အခုနောက်ဆုံး မဂ္ဂဇင်းမျက်နှာဖုံးတွေမှာ အလှဓာတ်ပုံတွေနဲ့အတူ နေရာယူလာပြန်ပါတယ်။ သူ့အကြောင်း စာအုပ်ရေးနေတာရှိသလို၊ ရုပ်ရှင်လည်း ရိုက်ကူးနေပါသတဲ့။ အင်း... သေချာတာကတော့ သူ့အကြောင်းဇာတ်လမ်းဟာ ဂျိမ်းစ်ဘွန်းတောင် ရှုံးမယ်ထင်ပါရဲ့။ အ၀ါရောင်တွေ၊ အပြာရောင်တွေ သဘောကျတဲ့ ကိုကို၊ မောင်မောင်တွေအတွက်တော့ မျှော်လင့်စောင့်စားပြီး ဖတ်ရ၊ ကြည့်ရမယ့် ဇာတ်လမ်းတွေ ဖြစ်လာမယ်ထင်ပါရဲ့ဗျာ။
တစ်ကမ္ဘာလုံးမှာရှိတဲ့ သတင်းစာစောင်တွေအားလုံးမှာ မပါမဖြစ် ရေးသားဖော်ပြ ပြောဆိုနေကြရတဲ့ အကြောင်းအရာတစ်ခုကတော့ Wikileaks ပဲ ဖြစ်ပါတယ်။ မကြာသေးမီက အာဖဂန်နစ္စတန်နဲ့ ပတ်သက်တဲ့ အချက်အလက်ပေါင်း များစွာကို ဖော်ထုတ်ဖွင့်ချလိုက်ရာကနေ လူပြောသူပြော များလာရတာ ဖြစ်ပါတယ်။ အဲဒီလို ဖွင့်ချတဲ့အထဲမှာ အာဖဂန်က သတင်းပေးတွေရဲ့ နာမည်စာရင်းနဲ့ အချက်အလက်အပြည့်အစုံ ဖော်ပြခဲ့တဲ့အတွက် အဲဒီသတင်းပေးတွေရဲ့ အသက်အန္တရာယ်ကို ထိခိုက်နိုင်တယ်ဆိုပြီး အပြင်းအထန် ကန့်ကွက်မှုတွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။ အချို့ကတော့ ဒီလို ဖော်ထုတ်ဖွင့်ချမှုကို ကြိုဆိုခဲ့ကြပါတယ်။ အမေရိကန်ထောက်လှမ်းရေးအဖွဲ့ စီအိုင်အေအတွက်တော့ တကယ့်ကို မခံချိမခံသာ ဖြစ်စေခဲ့တဲ့ ဖြစ်ရပ်ပဲ ဖြစ်ပါတယ်။ ဘယ်သူ့ဆီကနေ ဒီလိုအချက်အလက်တွေ ပေါက်ကြားတာလဲဆိုပြီး စုံစမ်းစစ်ဆေးမှုတွေ၊ သံသယရှိသူတွေကို ထိန်းသိမ်းမှုတွေ ပြုလုပ်နေပြီ ဖြစ်ပါတယ်။
အခုနောက်ထပ်လည်း Red Cell လို့ အမည်ရတဲ့ စီအိုင်အေရဲ့ အကြမ်းဖက်နှိမ်နင်းရေးဆိုင်ရာ အစီရင်ခံစာတစ်ခုကို ထပ်မံဖွင့်ချထားတယ်လို့ သိရပါတယ်။ အဲဒီအစီရင်ခံစာထဲမှာ ပါဝင်သမျှ အချက်အလက်တွေကလည်း အမေရိကန်နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိပါးစေမယ့်၊ ပုံရိပ်ကို ညှိုးနွမ်းစေမယ့် သဘောတွေ ပါဝင်နေတာမို့ စီအိုင်အေကလူတွေအဖို့ ဆွေ့ဆွေ့ခုန် ဖြစ်နေကြပါသတဲ့။ ၀ီကီလိခ်မှာ တင်ပေးထားတဲ့ လျှို့ဝှက်မှတ်တမ်းတွေကို ပြန်အပ်ဖို့အတွက် ဖိအားပေးနေပေမယ့် အခုလို ဖော်ထုတ်တာဟာ ဥပဒေနဲ့ ငြိစွန်းမှုမရှိကြောင်း၊ ဒါကြောင့် ပြန်လည်ဖျက်သိမ်းဖို့၊ အပ်နှံဖို့ မဖြစ်နိုင်ကြောင်း ၀ီကီလိခ်ကလည်း အကြောင်းပြန်ထားပါတယ်။ ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာ မသိသေးပေမယ့် လူသားဆိုတာကလည်း လျှို့ဝှက်တဲ့အရာကို အင်မတန်မှ စိတ်ဝင်စားတတ်သူတွေဆိုတော့ တင်ပေးတဲ့လူက တင်ပေးနေသလို၊ အားပေးတဲ့လူတွေကလည်း အားပေးနေဦးမှာပါပဲ။ သူများတွေရဲ့ လျှို့ဝှက်ချက်တွေကိုတော့ သိချင်၊ ဖတ်ချင်၊ မြင်ချင်တတ်ကြတယ်၊ တကယ်လို့များ ကိုယ့်ရဲ့အတွင်းရေးတွေ၊ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ဖွင့်ချမယ်ဆိုရင် ဘယ်နှယ့်နေမလဲလို့ ပြန်တွေးကြည့်မိရင် တရားရစရာတော့ ကောင်းပါတယ်။ ဥပမာ အခု စီအိုင်အေ ဖြစ်နေသလိုမျိုးပေါ့။ တစ်ကမ္ဘာလုံးက လျှို့ဝှက်ချက်တွေကိုတော့ သူတို့တွေသိအောင်၊ ရအောင် ကြိုးစားကြတယ်။ သူတို့ရဲ့ လျှို့ဝှက်ချက်တွေ ပေါက်ကြားတော့ကျမှ ဆက်ဆက်ထိမခံ ဖြစ်နေတာကလည်း ရယ်စရာတော့ ကောင်းပါတယ်။ ကျွန်တော့်အမြင်ကတော့ လျှို့ဝှက်သင့်တဲ့အရာကို လျှို့ဝှက်ထားတာဟာ အပြစ်မဟုတ်ပါဘူး။ လူတိုင်းမှာ လျှို့ဝှက်ချက်ဆိုတာ ရှိကြစမြဲပါပဲ။ အဲဒီလို လျှို့ဝှက်တဲ့အရာအားလုံးကို သိချင်တာကတော့ နည်းနည်းများ အတ္တဆန်နေမလားလို့ တွေးမိပါတယ်။ တရုတ်ကားတွေထဲမှာ ပြောတတ်ကြတဲ့ "များများသိရင် မြန်မြန်သေတယ်" ဆိုတာ ဘာအဓိပ္ပါယ်များလဲလို့ စဉ်းစားမိပြန်တော့ .......။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ စက်တင်ဘာလ ၇ ရက်၊ အင်္ဂါနေ့။
နံနက် ၁၁ နာရီ ၂၁ မိနစ်တွင်ပြီး၏။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ စက်တင်ဘာလ ၇ ရက်၊ အင်္ဂါနေ့။
နံနက် ၁၁ နာရီ ၂၁ မိနစ်တွင်ပြီး၏။
No comments:
Post a Comment