Tuesday, September 21, 2010

ပြောကို မပြောချင်တော့ပါဘူးဗျာ.... - ကိုဉာဏ် (ပန်းလောင်မြေ)


နိဒါန်းဆိုပါရစေဦး။ အမှန်အတိုင်းပြောရရင် အစကတော့ ဒီပို့စ်ကို ရေးဖို့စိတ်ကူး မရှိသေးပါဘူး။ Google Buzz မှာ ဖတ်ရတဲ့ "အချိန်ရဲ့တန်ဖိုး" ဆိုတဲ့ ပို့စ်လေးကို ပြန်လည်ဝေငှမလို့ပါ။ ဒါပေမယ့် စိတ်ထဲမှာ အဲဒီအကြောင်းကို ဖတ်ဖူးသလို ဖြစ်နေတာမို့ ဘယ်မှာ ဖတ်ဖူးပါလိမ့်လို့ စဉ်းစားနေမိပါတယ်။ ဘယ်လိုမှ စဉ်းစားလို့မရတဲ့အတွက် ဂူဂဲလ်ရဲ့ အကူအညီကိုပဲ ယူရတော့တာပေါ့။ အောင်မလေး... အဲဒီတော့မှ စောစောစီးစီး ကျွန်တော်ကိုဉာဏ် မျက်လုံးတွေပြူး၊ ဆံပင်တွေထောင် ဖြစ်ကုန်ရပါရောလား။ အဲဒါကြောင့်ပဲ ဒီပို့စ်ကို ရေးဖြစ်သွားတာပါ။ အရင်ကတည်းက ရေးဖို့စုထားတဲ့ အကြောင်းအရာတွေကိုလည်း ရေးလက်စနဲ့ တဆက်တည်းပဲ ချရေးလိုက်ပါတယ်ဗျာ။ ကျွန်တော်ကိုဉာဏ် တွေးမိသလို ပြောဆိုခြင်းဖြစ်တာမို့ သဘောကျရင် လက်ခုပ်တီးပြီး၊ သဘောမကျရင် ခဲကြီးကြီးနဲ့သာ ပစ်လိုက်ကြပါလို့ ပြောပါရစေ။ ဆိုင်းသံကြားရင် မနေနိုင်သူမို့ ဘယ်လောက်ပဲ ခဲတွေဝဲနေပါစေ ကျွန်တော်ကိုဉာဏ်ကတော့ လက်ချိုး၊ ခြေချိုးတင် မဟုတ်ဘဲ တစ်ကိုယ်လုံးကွေးအောင် ကဖြစ်နေဦးမယ် ထင်ပါရဲ့ဗျာ။ မြို့မေတ္တာခံယူမယ့်သားပါဗျ။

ခေါင်းစဉ်မှာ ဖတ်ရတဲ့ "ပြောကို မပြောချင်တော့ပါဘူးဗျာ...." ဆိုတာက ပြောချင်လွန်းလို့ ပေးထားတဲ့ခေါင်းစဉ်ဆိုတာ သိပြီးဖြစ်နေပြီမို့ အထွေအထူး ရှင်းပြနေစရာ လိုအံ့မထင်ဘူးလို့ ယုံကြည်မိကြောင်းပါဗျာ။

ကဲ... စောစောက အချိန်ရဲ့တန်ဖိုးဆိုတဲ့ ပို့စ်အကြောင်း ဆက်ပါရစေဦး။ ဂူဂဲလ်မှာ ရှာလိုက်တဲ့အခါ အဲဒီအကြောင်းအရာကိုပဲ တင်ထားတဲ့နေရာ၊ ရေးထားတဲ့သူတွေက နည်းတာမှ မဟုတ်ပဲကိုး။ တော်သေးတာပေါ့ဗျာ... ကျွန်တော့်ဘလော့ဂ်မှာ အရမ်းကာရော မတင်ပေးလိုက်မိလို့။ တင်ထားသမျှ လူတွေကလည်း ဒီစာတစ်မျိုးတည်းကိုပဲ သူတို့နာမည်တွေနဲ့ချည်းပဲ တင်ပေးထားကြတယ်ဗျ။ တကယ်ဆိုရင် အောက်ဆုံးမှာ ဘယ်ကနေ ရပါတယ်၊ မူရင်းကတော့ ဘယ်သူက ဘယ်နေရာမှာ ဘာသာပြန်ထားတာပါ စသည်ဖြင့်တော့ မှတ်ချက်လေးတွေ ပေးသင့်ကြတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ မြန်မာအများစုဟာ သူများကို Credit ပေးဖို့၊ ချီးကျူးဖို့ အင်မတန်မှ ၀န်လေးတတ်ကြသူတွေ များလားလို့ တွေးနေမိတယ်။ ကိုယ်ဖတ်မိတဲ့ အကြောင်းအရာတစ်ခု၊ စာတစ်ခုကို အခြားသူတွေ ပြန်ဖတ်ရအောင် ဝေမျှတာ၊ ပြန်ညွှန်းတာ ကောင်းတာပေါ့ဗျာ။ ဒါပေမယ့် အဲဒီစာကို မူလဖန်တီးသူ ဘယ်သူပါဆိုတာ မပြောဘဲ ကိုယ်ပဲရေးထားသယောင်ယောင် လုပ်တာမျိုးကတော့ မသင့်တော်ဘူးလို့ ထင်တာပါပဲ။ ဓမ္မစေတီဆရာတော်ရဲ့ လေသံကို ခဏငှားပြီး ပြောရမယ်ဆိုရင်တော့ "အခြားသူတွေ ဖတ်ရအောင် စာတွေ ပြန်တင်ပေးတာ၊ ပြန်လည်ဝေငှတာ သာဓု၊ ဒါပေမယ့် အဲဒီစာတွေကို ဘယ်သူရေးတယ်၊ ဘယ်သူ့ဆီက ရတယ်ဆိုတာကို မပြောဘဲ ကိုယ်ဖန်တီးသယောင်ယောင် လုပ်တာကတော့ NO သာဓု ပါဗျာ"။ မြန်မာစကားတစ်ခု ရှိတယ်ဗျ။ "သူ့ကို ဂုဏ်မြှင့်၊ ကိုယ့်ဂုဏ်တင့်၏" တဲ့။ တချို့ကလည်း "သူ့ကိုဂုဏ်မြှင့်၊ ကိုယ့်ဂုဏ်မြင့်၏" လို့ ဆိုကြသဗျ။ သဘောကတော့ အတူတူပဲ ထင်ပါရဲ့ဗျာ။ အင်း.... ပြောကို မပြောချင်တော့ပါဘူးဗျာ။

အရင်အပတ်က ဗုဒ္ဓဟူးနေ့ထုတ် ဂျာနယ်တစ်စောင်မှာ ဖတ်လိုက်ရတဲ့ သတင်းတစ်ပုဒ်ကြောင့် ကျွန်တော် အတော်လေးကို စိတ်အနှောင့်အယှက် ဖြစ်ရတယ်ဗျ။ မျက်နှာဖုံးမှာက ရွေးကောက်ပွဲမှာ မဲပေးရမယ့် မဲပုံးတွေကို ဓာတ်ပုံတွေဘာတွေနဲ့ သေသေချာချာ ပြသရှင်းလင်းထားတယ်ဗျ။ အဲ... အထဲတစ်နေရာမှာပါတဲ့ သတင်းတစ်ပုဒ်ကတော့ ဘယ်လိုနားလည်ရမှန်း မသိရအောင် ဖြစ်ရတယ်ဗျ။ မဲရုံတာဝန်ကျသူတွေ ၀တ်ဆင်ရမယ့် သတ်မှတ်ဝတ်စုံတွေအကြောင်းကို သတင်းရေးထားတာပါ။ အနီရောင်ဆိုတဲ့ စကားလုံးကို ဘယ်အတွက် သုံးလိုက်သလဲဆိုတာ ကျွန်တော်စဉ်းစားမရဘူး။ ကျွန်တော်ဆိုလိုတာကဗျာ... ဘယ်လွှတ်တော်အတွက် မဲပုံးမှာ ရေးထားတဲ့စာလုံးတွေက ဘယ်အရောင်ဆိုတာ တွဲမသိသေးဘူးပဲထား၊ ဘာအရောင်တွေ ဆိုတာလောက်တော့ဖြင့် လူပြိန်းသိ သိသင့်တယ်ဗျ။ အစိမ်းရောင်၊ အပြာရောင်၊ ခရမ်းရောင် ဆိုတဲ့ အရောင်သုံးမျိုးကိုတောင် မမှတ်မိဘဲ၊ မသိဘဲနဲ့ နာမည်ကြီး ဂျာနယ်ကြီးတစ်စောင်မှာ သတင်းထောက်ဆိုပြီး သတင်းရေးနေတာ ဘယ်လောက်ဆိုးသလဲဗျာ။ အဲဒီလို သတင်းထောက်တွေက လိုက်လာတဲ့ သတင်းတွေဟာ ကျွန်တော်တို့ စာဖတ်သူတွေအတွက် ဘယ်လောက်ယုံကြည်ရမလဲ၊ ဘယ်လောက်တန်ဖိုးထားရမလဲ။ ဒီလောက်အရေးကြီးတဲ့ သတင်းကိုတောင် မှန်အောင် မတည်းဖြတ်နိုင်တဲ့ အယ်ဒီတာတွေ ဖန်တီးလိုက်တဲ့ ဂျာနယ်ကို ကျွန်တော်တို့က ဘယ်လိုအားထားရမလဲ။ ဟူး....... ပြောကို မပြောချင်တော့ပါဘူးဗျာ....။

သတင်းဂျာနယ်တစ်စောင်ကလည်း လုပ်ထားသေးသဗျ။ မြန်မာနေရှင်နယ်လိဂ်အကြောင်း ရေးထားတဲ့သတင်းပါ။ ရခိုင်ပြည်နယ် ကိုယ်စားပြု ဘောလုံးအသင်း မိတ်ဆက်ပွဲအကြောင်း သတင်းရေးထားတာပါ။ အဲဒါက ပြဿနာမရှိဘူး၊ ပြဿနာရှိတာက သတင်းနောက်ဆုံးမှာ ကျေးဇူးရှင် သတင်းရေးသူက မြန်မာနေရှင်နယ်လိဂ်မှာ ယှဉ်ပြိုင်နေတဲ့ လက်ရှိအသင်းတွေဆိုပြီး အသင်းနာမည်တွေ ရေးပြတာပဲဗျ။ မှန်ရင်တော့ ဘာအရေးလဲဗျာ။ ဒါဆိုရင် ဘာဖြစ်တာလဲလို့ မေးချင်ကြပေမယ်။ အင်း... မှားနေလို့ပေါ့ဗျာ။ မှားတာမှ ပိုးစိုးပက်စက်ကို မှားတာခင်ဗျ။ အသင်းနာမည်တွေ မမှန်တာ ကျန်ခဲ့တာကို ကျွန်တော် မပြောတော့ပါဘူးဗျာ။ မြန်မာနေရှင်နယ်လိဂ်မှာ ကစားနေတဲ့အသင်း ဘယ်နှသင်းရှိသလဲ ဆိုတာတောင် အဲဒီသတင်းထောက် မသိဘူးခင်ဗျ။ ကြည့်ရတာ သူ့ခမျာ ဘောလုံးကို စိတ်ဝင်စားပုံ မရပါဘူး။ ဘောလုံးပွဲလည်း ကြည့်မယ့်ပုံ မရှိပါဘူး။ ဒီအပတ်ထွက် ဂျာနယ်မှာ သူ့သတင်း တစ်ပုဒ်မှ မပါသေးတဲ့အတွက် အလျင်အမြန် သတင်းတစ်ပုဒ် ထည့်မှဖြစ်ချေတော့မယ်ဆိုပြီး ရရာသတင်းကို ဆွဲစိလိုက်ရပုံ ပေါ်ပါတယ်။ ကျွန်တော်ဖြင့် ပြောကို မပြောချင်တော့ပါဘူးဗျာ....။

ရွေးကောက်ပွဲကြီး နီးလာပြီ။ နိုဝင်ဘာ ၇ ရက်နေ့ ရောက်ဖို့အတွက် ဘာလိုတော့တာမှတ်လို့။ ဂျာနယ်တွေမှာ ရေးကြပြောကြတာတွေကို ဖတ်ရတဲ့အခါ ကျွန်တော်ကိုဉာဏ် စာဖတ်သူတစ်ယောက်အနေနဲ့ အင်မတန် စိတ်တိုတယ်ဗျ။ ပြည်သူတစ်ယောက် အနေနဲ့တို့၊ နိုင်ငံသားတစ်ယောက် အနေနဲ့တို့ စတဲ့ စကားလုံး ကြီးကြီးကျယ်ကျယ်တွေကို မသုံးပါဘူးနော်။ သာမန် ဂျာနယ်ဖတ် စာဖတ်ပရိသတ် တစ်ယောက်အနေနဲ့ပဲ စိတ်တိုဒေါသဖြစ်တာပါ။ အယ်ဒီတာကပဲ ရေးရေး၊ သတင်းထောက်ကပဲရေးရေး၊ နိုင်ငံရေးပညာရှင်တွေကပဲရေးရေး၊ စာရေးဆရာတွေကပဲရေးရေး တူညီတာတစ်ခုက ဘာလဲဆိုရင် ဒီနေ့ ပြည်သူတွေဟာ နိုင်ငံရေးကို စိတ်မ၀င်စားကြဘူး၊ တက်ကြွမှုမရှိဘူးဆိုတဲ့ လေသံပဲဗျ။ အားလုံးနီးပါးက တစ်လေသံတည်း ထွက်ကြတယ်ဗျ။ အဲဒါဆို ကျွန်တော်မေးမယ်ဗျာ...။ ပြည်သူတွေက နိုင်ငံရေးအပေါ် စိတ်ဝင်စားမှုမရှိဘူး၊ တက်ကြွမှုမရှိဘူးလို့ပဲ ထားလိုက်ပါတော့။ ကိုယ်တိုင် ပါဝင်ဆောင်ရွက်ကြမယ့် နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးသမားတွေကရော အခုကျင်းပမယ့် ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုရှိရဲ့လား၊ တက်တက်ကြွကြွ လှုပ်ရှားကြရဲ့လားလို့ပါ။ စိတ်ဝင်စားတယ်လို့ လာမပြောနဲ့။ ဂျာနယ်တွေထဲမှာ နိုင်ငံရေးပါတီတွေက ခေါင်းဆောင်တွေ၊ ကိုယ်စားလှယ်လောင်းတွေ ဆိုသူတွေနဲ့ အင်တာဗျူးလုပ်ထားတာတွေ ဖတ်ကြည့်လိုက်တာနဲ့ သူတို့အခြေအနေကို ခန့်မှန်းလို့ ရတယ်ဗျ။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ကိုယ့်ပါတီနဲ့အပြိုင် ၀င်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီပေါင်း ဘယ်လောက်ရှိမှန်းတောင် မသိတဲ့လူတွေ အများကြီးဗျ။ မဲပေးမယ့်စနစ်ကိုလည်း အခုအချိန်အထိ ဇဝေဇ၀ါပဲ ရှိသေးတယ်လို့ အရှက်မရှိဖြေလိုက်တဲ့ ပါတီခေါင်းဆောင်တစ်ယောက်ရဲ့ စကားကိုတောင် အံ့သြစွာနဲ့ ဖတ်လိုက်ရသေးတယ်။ စဉ်းစားသာကြည့်ဗျာ။ သူတို့တောင် ဇဝေဇ၀ါဆိုရင် သူတို့ကို မဲပေးမယ့် ပြည်သူတွေက ဘယ်လိုဖြစ်ကုန်မလဲဗျ။ ဒါပေမယ့် သူတို့ ကံကောင်းပါတယ်ဗျာ။ သူတို့ကသာ ဇဝေဇ၀ါဖြစ်တာ။ ပြည်သူတွေကတော့ ဘယ်လိုမဲပေးရမယ်ဆိုတာ သိတယ်ခင်ဗျ။ သတင်းစာလည်းဖတ်တယ်၊ ရေဒီယိုလည်း နားထောင်တယ်၊ တီဗီလည်းကြည့်တယ်၊ လက်ဖက်ရည်ဆိုင်လို နေရာမျိုး၊ ဆိုက္ကားဂိတ်လို၊ မြင်းလှည်းဂိတ်လို နေရာမျိုးတွေမှာ သိတဲ့လူတွေက ပြောပြဆွေးနွေးတာကိုလည်း နားထောင်ထားကြတယ်ခင်ဗျ။ တက်ကြွမှုအပိုင်းကို ပြောရအောင်ဗျာ။ ဘယ်နိုင်ငံရေးပါတီက ပြည်သူတွေကြားထဲမှာ ထဲထဲဝင်ဝင် ၀င်ရောက်စည်းရုံးတာတွေ လုပ်နေသလဲဗျ။ အကြောင်းပြချက်တွေ အမျိုးမျိုးပြပြီး လက်ညှိုးထိုးဖို့ပဲ စဉ်းစားမနေပါနဲ့တော့ဗျာ။ ရထားတွေပေါ်မှာ ဆေးရောင်းတဲ့လူကမှ ဘယ်လိုအချိန်၊ ဘယ်လိုနေရာမှာ ဘယ်လိုပြောရမယ်ဆိုတာ ကောင်းကောင်းသိသေးတယ်လို့ ကျွန်တော်ကပြောရင် ဆွေ့ဆွေ့ခုန်ကြမှာဗျ။ တော်ပါပြီဗျာ... ပြောကို မပြောချင်တော့ပါဘူး...။

အမိုက်ခံ၊ အဆဲခံပြီး ပြောရဦးမှာပဲ။ အင်တာနက်ပေါ်ကနေ ပါးစပ်သေနတ်ပစ်တဲ့လူတွေ၊ ရွှေရောင်လွှမ်းတဲ့ မြန်မာပြည်ဖြစ်ရေး ကြိုးပမ်းသူတွေ အတော်များတာကိုးဗျ။ မြန်မာပြည်ကလူတွေ ဘယ်လိုဖြစ်နေသလဲ၊ ဘယ်လိုတွေ လှုပ်ရှားရုန်းကန် နေရသလဲဆိုတာကို နကန်းတစ်လုံး မသိဘဲနဲ့ ဘယ်လိုလုပ်လိုက်ကွ၊ ဘယ်လိုဆော်လိုက်ကွလို့ လိုက်ကာနောက်ကနေ ပါးစပ်ဆိုင်းတီးပေးနေတာကတော့ တဆိတ် လွန်လွန်းပြီ ထင်တယ်ဗျ။ လူဆိုတာ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ်မို့ ကိုယ့်အမြင်၊ကိုယ့်ခံစားချက်ကို ပွင့်ပွင့်လင်းလင်းပြောတာ၊ ဖော်ထုတ်တာ၊ ရေးသားတာကို လက်ခံပါတယ်။ ဒါပေမယ့် အဲဒီလို ဖော်ထုတ်တာဟာ အပြစ်ကင်းဖို့တော့ လိုတယ်ဗျ။ ပြောလိုရင်းကို တည့်တည့်ပဲ ပြောမယ်ဗျာ။ အခုပြုလုပ်မယ့် ရွေးကောက်ပွဲကို အကြမ်းဖက်နည်းလမ်းတွေနဲ့ ဆန့်ကျင်ဖို့ အားပေးအားမြှောက်ပြုနေတဲ့၊ သွေးထိုးပေးနေတဲ့ သူတွေကို အင်မတန်မှ ရွံတယ်ဗျ။ သူတို့တွေရဲ့ မိုက်ရိုင်းတဲ့စိတ်ကူးဟာ မြန်မာလူမျိုးမှ ဟုတ်ပါလေစလို့တောင် တွေးရတဲ့အထိပဲ။ ဘာအကြောင်းကြောင်းကြောင့်ပဲဖြစ်ဖြစ် အကြမ်းဖက်မှု၊ ဆူပူမှု တစ်ခုခုဖြစ်လာရင် အရင်ဆုံး အထိနာတာက ပြည်သူတွေဗျ။ နိုင်ငံခြားမှာ ဘီယာလေးသောက်ပြီး နိုင်ငံရေးအကြောင်း ဆွေးနွေးနေတဲ့လူတွေကို ထိမှာမဟုတ်ဘူး။ သူတို့တွေရဲ့ အင်တာနက်စာမျက်နှာမှာ တင်ထားတဲ့ အဆိုအမိန့်တွေ၊ ဓာတ်ပုံတွေက ဗိုလ်ချုပ်အောင်ဆန်းတို့၊ ဂန္ဒီတို့၊ ဦးသန့်တို့ရဲ့ စာတွေ၊ ဓာတ်ပုံတွေ။ သူတို့လုပ်နေတာတွေက အဲဒီပုဂ္ဂိုလ်ကြီးတွေနဲ့ ပြဒါးတစ်လမ်း၊ သံတစ်လမ်း။ ကိုယ့်ဟာကိုယ်တောင် စဉ်းစားမိကြရဲ့လားလို့ တွေးနေမိတယ်။ သွေးမြေကျမှ၊ မတည်မငြိမ်ဖြစ်မှ၊ လူထုဆူပူမှ နိုင်ငံရေးမဟုတ်ဘူးဗျ၊ ပြုပြင်ပြောင်းလဲရေး မဟုတ်ဘူးဗျ။ အဲဒီခေတ်တွေက ဟိုးလွန်ခဲ့တဲ့ နှစ်တွေဆီမှာ ကျန်ရစ်ခဲ့ပြီဗျ။ ကဲပါဗျာ... ကျွန်တော့်ခေါင်းထဲ ၀င်လာတာလေးနဲ့ပဲ ပြောပါရစေဦး။ မြတ်စွာဘုရားရှင်ဟာ တစ်ခုသောဘ၀မှာ တံငါသည်ရဲ့ သားတစ်ဦး ဖြစ်ခဲ့ဖူးပါတယ်တဲ့။ သူ့အဖေနဲ့ အမေက ဖမ်းမိလာတဲ့ ငါးတွေကို ခေါင်းတွေထုရိုက်ပြီး သတ်ဖြတ်တာကို နေ့စဉ်မြင်တွေ့နေကျ ဖြစ်ပါသတဲ့။ အဲဒီလို မြင်ရတဲ့အခါတိုင်းပဲ ဘုရားအလောင်းတော် တံငါသည်ရဲ့သားဟာ ရွှင်မြူးဝမ်းမြောက်သယောင် တဟားဟား အော်ရယ်ပြီး သဘောကျနေလေ့ ရှိပါသတဲ့။ အဲဒီလို ပြုလုပ်ခဲ့တဲ့ ၀ဋ်ကြွေးဟာ ဘုရားရှင်ဖြစ်တဲ့အထိ မကျေပါဘူးတဲ့။ ဦးခေါင်းတော် အလွန်အမင်း ကိုက်ခဲခြင်းဆိုတဲ့ ၀ိပါတ်တော်ကို ပေးဆပ်ခဲ့ရပါသတဲ့။ ကဲ... အဲလောက်ဆို ကျွန်တော် ဘာပြောချင်လဲဆိုတာ သိလောက်ပြီထင်ပါရဲ့ဗျာ။ အချို့တွေကတော့ ငါးတွေတောင် မဟုတ်ဘူးဗျ။ အပြစ်မဲ့ ပြည်သူတွေ သေကြေဒဏ်ရာရအောင် တိုက်ဟ၊ ချဟ၊ ဆော်ဟ၊ နှက်ဟ၊ ဖောက်ခွဲဟလို့ စာနဲ့တစ်မျိုး၊ အသံနဲ့တစ်ဖုံ နှိုးဆော်တိုက်တွန်း နေလိုက်ကြတာတွေကို ကြည့်ပြီးတော့ ကျွန်တော်ကိုဉာဏ်ဖြင့်လေ ပြောကို မပြောချင်တော့ပါဘူးဗျာ....။

တစ်ခါတုန်းက ကျွန်တော့်ဘလော့ဂ်ရဲ့ စီဘောက်တစ်ခုမှာ စာဖတ်သူတစ်ယောက် ရေးသွားတဲ့ ကွန်းမန့်လေးကို သတိရမိလို့ တဆက်တည်း ရေးလိုက်ပါတယ်ဗျာ။ သူရေးထားတာက "I LIKE လူထုစိန်ဝင်း BLOG" တဲ့။ သူဘာပြောချင်မှန်း၊ ဘာကိုဆိုလိုမှန်း အခုစာဖတ်သူတိုင်း သိပါတယ်ဗျာ။ ဟုတ်ပါတယ်... ကျွန်တော့်ဘလော့ဂ်မှာ ဆရာလူထုစိန်ဝင်းရဲ့ ဆောင်းပါးတွေကို အများအပြားကို တင်ပေးခဲ့ပါတယ်။ အခုလည်း တင်ပေးနေဆဲပါပဲ။ နောက်လည်း ဆရာရေးနေသမျှ ကျွန်တော်ဖတ်မိသမျှ သဘောကျတာတွေရှိရင် တင်ပေးနေဦးမှာပါ။ ဘယ်သူရေးတဲ့စာပဲ ဖြစ်ပါစေ၊ ဖတ်တဲ့လူအတွက် မှတ်စရာ၊ တွေးစရာ၊ ကျေနပ်စရာ၊ ကြည်နူးစရာ၊ ခံစားစရာ တစ်ခုခုပါတယ်ဆိုရင် တန်ဖိုးရှိတာပဲ မဟုတ်ဘူးလားဗျာ။ ကျွန်တော်တို့ နိုင်ငံမှာ ဂျာနယ်မထွက်တဲ့နေ့ မရှိဘူးဗျ။ တစ်ပတ်လုံးမှာ သူ့နေ့နဲ့သူ ဂျာနယ်တွေ ထွက်ကြတယ်ဗျ။ ဆရာလူထုစိန်ဝင်း မရေးတဲ့ ဂျာနယ်ကလည်း မရှိသလောက်ပဲဗျ။ သူရေးတဲ့စာတွေမှာလည်း ပါပါတယ်။ တစ်နေ့ကို စာနှစ်ပုဒ် မဖြစ်မနေ ရေးတယ်ဆိုတာပါ။ ကဲ... အဲဒီလို စာရေးဆရာတစ်ယောက်က ရေးနိုင်တဲ့ဟာတွေကို ကျွန်တော်တို့ စာဖတ်သူတွေက ဘာလို့ မဖတ်နိုင်ရမလဲ။ သူရေးတဲ့စာတွေကလည်း ကျွန်တော့်ခေါင်းကို တစ်ခုမဟုတ်တစ်ခုတော့ လာဆွတတ်တယ်ဗျ။ အဲဒါကြောင့် သူ့စာတွေကို အမြဲလိုလို ပြန်တင်ပေးဖြစ်နေတာပါဗျာ။ သူရေးတဲ့စာတွေရဲ့ ဘာမှမပြောပလောက်တဲ့ ပမာဏကိုပဲ ကျွန်တော်က ပြန်တင်ပေးဖြစ်တာပါ။ ဒီဘလော့ဂ်ကို လာဖတ်တဲ့လူတွေအတွက် တစ်ခါလာလည်း လူထုစိန်ဝင်း၊ နောက်တစ်ခါလာတော့လည်း လူထုစိန်ဝင်း ဖြစ်နေလေတော့ အနှောင့်အယှက် ဖြစ်ရတယ်ဆိုရင်လည်း ကျော်လွှားဖတ်သွားလိုက်ပါလို့ပဲ ကျွန်တော်ကိုဉာဏ်က တောင်းပန်စကား ဆိုလိုက်ပါတယ်ဗျာ။ အင်း... ကျွန်တော့်မှာလည်း တင်သာတင်ပေးနေရတယ်၊ ပြောကို မပြောချင်တော့ပါဘူးဗျာ။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၁ ရက်၊ အင်္ဂါနေ့။
နံနက် ၁၀ နာရီ ၄၃ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics