[မောင်စူးစမ်း]
စစ်သားနှင့် နိုင်ငံတော်အရပ်ဘက်နှင့် စစ်ဘက်ဆက်ဆံရေးသည် မည်သည့်လူ့အဖွဲ့အစည်း၌မဆို သော့ချက်ကျသည်။ အချို့နိုင်ငံတို့က အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးများကို သမိုင်းအစဉ်အလာဖြင့် တည်ဆောက်သည်။ အချို့နိုင်ငံတို့ကလည်း ဥပဒေဖြင့် ပြဋ္ဌာန်းသည်။ ယခု မြန်မာနိုင်ငံ၌ အစဉ်အလာဖြင့် တည်ဆောက်ခဲ့ပြီးနောက် ယခုဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဖြင့် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးကို တည်ဆောက်တော့မည် ဖြစ်သည်။
အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးအကြောင်းကို သီအိုရီထုတ်သူမှာ ဟားဗတ်တက္ကသိုလ်မှ ပါမောက္ခ ဆင်ဖြူရယ်ပီဟန်တင်တန် ဖြစ်သည်။ "စစ်သားနှင့် နိုင်ငံတော်" ဆိုသော ကျမ်းသည် အထင်ကရ ကျော်ကြားသည်။ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးသည် မည်သို့ပင် အသွင်သဏ္ဌာန်မျိုးစုံ ရှိစေကာမူ ဤဆက်ဆံရေးသည် မည်သည့်ဝန်းကျင် အခြေအနေ၌ တည်တံ့နေရသနည်းဟု မေးစရာပေါ်သည်။ ၀န်းကျင်အခြေအနေ အဆက်အစပ် Context ကို အဓိကထားကြည့်ရန် ပါမောက္ခ ဟန်တင်တန်က တိုက်တွန်းသည်။
ဝန်းကျင်ငါးပါး
ဤတိုက်တွန်းချက်နှင့်အညီ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးသည် ၀န်းကျင်အခြေအနေ ငါးပါးဖြင့် လက္ခဏာရေး ပေါ်သည်ဟု ထောက်ပြသည်။ ၎င်းတို့မှာ-
စစ်ဘက်ကို လိုလားသည့် အိုင်ဒီအိုလိုဂျီရှိသည်။ စစ်ဘက်၏ နိုင်ငံရေးပါဝါ နိမ့်သည်။ စစ်ဘက်၏ ပရော်ဖက်ရှင်နယ် အဆင့်အတန်းမြင့်သည်။
စစ်ဘက်ကို လိုလားသည့် အိုင်ဒီအိုလိုဂျီရှိသည်။ စစ်ဘက်၏ နိုင်ငံရေးပါဝါ မြင့်သည်။ စစ်ဘက်၏ ပရော်ဖက်ရှင်နယ် အဆင့်မြင့်သည်။
စစ်ဘက်ဆန့်ကျင်ရေး အိုင်ဒီအိုလိုဂျီရှိသည်။ စစ်ဘက်၏ နိုင်ငံရေးပါဝါ နိမ့်သည်။ စစ်ဘက် ပရော်ဖက်ရှင်နယ် မြင့်သည်။
စစ်ဘက်ဆန့်ကျင်ရေး အိုဒီအိုလိုဂျီရှိသည်။ စစ်ဘက်နိုင်ငံရေးပါဝါ နိမ့်သည်။ စစ်ဘက် ပရော်ဖက်ရှင်နယ် အဆင့်နိမ့်သည်။
စစ်ဘက်ဆန့်ကျင်ရေး အိုင်ဒီအိုလိုဂျီရှိသည်။ စစ်ဘက်၏ နိုင်ငံရေးပါဝါ မြင့်သည်။ စစ်ဘက်၏ ပရော်ဖက်ရှင်နယ် အဆင့်နိမ့်သည်။
ခံစားမှုနှင့် ပါဝါ
ပါမောက္ခ ဟန်တင်တန်၏ အဆိုအရ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးသည် အထက်ဖော်ပြပါ အခြေအနေ ငါးပါးအနက် တစ်ပါးပါးဖြင့် ရှင်သန်လှုပ်ရှားရမည်။ မြန်မာ့နိုင်ငံရေးတွင် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးသည် အဆိုပါ ငါးချက်အနက်မှ မည်သည့်အချက်ဖြင့် ဖြစ်ထွန်းနေသည်ကို သုံးသပ်ကြည့်ရန် လိုသည်။ ပါဝါကိစ္စ၌ စစ်ဘက်၏ ပါဝါက ဘယ်လောက်မြင့်နေသနည်း၊ စသည်ဖြင့် သိရှိရန် လို၊ မလို မှာ ပြဿနာတစ်ရပ် ဖြစ်သည်။
လက်ရှိ မြန်မာ့နိုင်ငံရေး၌ တည်ရှိနေသော အခြေအနေကို ရှိရင်းအတိုင်း လက်ခံရုံမှတစ်ပါး အခြားနည်းလမ်းမရှိသဖြင့် ပါမောက္ခ ဟန်တင်တန် တင်ပြသော စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးပုံသဏ္ဌာန် ငါးမျိုးသည် ပညာသဘောအရ လေ့လာရန်သာ ကောင်းမွန်ပါလိမ့်မည်။ မြန်မာ့လက်တွေ့နှင့် ဆီလျော်မှု အားနည်းဟန်ရှိသည်။
အညွှန်း - The Soldier and the state by S.P.Huntington
No comments:
Post a Comment