Friday, September 17, 2010

ပြဿနာကို ပိုင်းခြားဝေဖန်ရာ၌


sage.jpg
လူဆိုသည်က ကိုယ့်အယူအဆနှင့်ကိုယ် ရှိကြသူတွေ များသည်။

အယူအဆ မတူတတူလူတွေ နီးစပ်ဆင်တူရာဟူ၍ စုဝေးကြသည့်အခါ၊ မိမိတို့နှင့် သိသိသာသာ ဆန့်ကျင်ကွဲလွဲသည့် ကိစ္စများနှင့် ပတ်သက်လျှင် တစ်သဘောတည်း ညီညီညာညာ ရှိတတ်သော်လည်း သည်ဘက်ကလည်း မြင်နိုင်၊ ဟိုဘက်ကလည်း ကြည့်နိုင်သည့် ကိစ္စမျိုး၊ အဖြူအမည်း မသဲကွဲသည့် ကိစ္စမျိုး၊ ပစ်ရမှာလည်း အဆီနှင့်ဝင်းဝင်း၊ စားရမှာလည်း သဲနှင့်ရှပ်ရှပ် ဆိုသော ကိစ္စမျိုး၊ စတာတွေ ကြုံလာရသည့်အခါ၊

သည်ဘက်က ကြည့်ချင်သူနှင် ဟိုဘက်က ကြည့်ချင်သူ၊
အဖြူများသည်ဟု မြင်သူနှင့် အမည်းများသည်ဟု မင်ြသူ၊
အဆီကြိုက်သောသူနှင့် သဲကြောက်သောသူ စသဖြင့် သဘောထားတွေ ကွဲပြားသွားတတ်ကြသည်။

အကြောင်းရင်းက ပိုင်းခြားဝေဖန်မှု (judgement) နှင့် သက်ဆိုင်သည်။

ထုံးစံက၊ ကိစ္စတစ်ခုကို စဉ်းစားဝေဖန်ပြီးနောက်၊ ဒါကတော့ "ဘာ" ပဲဟု ဖွင့်ဆိုသတ်မှတ်သည်။ သို့မဟုတ် ကောက်ချက်ချသည်။ ထို့နောက် ယင်းမှ ဆက်ကာ ဒါကို "ဘယ်လို" လုပ်ရမည်ဟု ဆုံးဖြတ်ပိုင်းခြားသည်။

ထို့ကြောင့် ကောက်ချက်မတူလျှင် ဆုံးဖြတ်ချက်တွေ ကွဲလွဲသည်။
ကောက်ချက်တွေ မတူခြင်းအကြောင်းသည် လူ၏ ပင်ကိုစရိုက်နှင့်လည်း ဆိုင်သည်။ ဖြတ်သန်းကြီးပြင်းသည့် ကာလတစ်လျှောက် စုစည်းမိလာသည့် အယူအဆ အစွဲအလမ်းတွေနှင့်လည်း ဆိုင်သည်။ ထို့နောက် လက်ရှိ ပြဿနာနှင့် စပ်လျဉ်း၍ ဘယ်လောက် သိရှိနားလည်ထားသနည်း ဟူသည်နှင့်လည်း ဆိုင်သည်။

အဲသည်လို မတူသောသူတွေ ပြဿနာတစ်ရပ်ကို ဝေဖန်ပိုင်းခြားကြသည့်အခါ....၊
စိတ်တို စိတ်ဆတ်သူက ပြဿနာကို ချက်ချင်းရှင်းပစ်ရမည်ဟု မြင်သည်။ စိတ်ရှည် သည်းခံသူက တဖြည်းဖြည်း အရှိန်သေသွားအောင် ထိန်းပေးရမည်ဟု ယူဆသည်။
မိမိ အယူအဆ အစွဲအလမ်းနှင့် တိုက်ရိုက်လာထိသူက အပြင်းအထန် တုံ့ပြန်ချင်သည်။ သည်ကိစ္စနှင့် ပတ်သက်၍ အစွဲအလမ်း အခံ မရှိသူအတွက်ကျတော့ ပြဿနာပင် မဟုတ်။

အဲသည်နောက် သိမှု။
သည်အကြောင်းကို နည်းနည်းလေး ပြည့်စုံအောင် ပြောချင်သည်။

လူတိုင်းက ကိုယ့်ကိုယ်ကိုယ် ငါ သိသည်ဟု ထင်ကြသည်။ ငါ သိသမျှသည် အကုန်ပဲ၊ သို့မဟုတ် ငါလည်း ဒီလောက်တော့ သိတာပဲ၊ သို့မဟုတ် ငါလည်း ဒီကိစ္စမှာ သဘောထားမှတ်ချက် ပေးနိုင်ရုံလောက်တော့ သိတာပဲဟု မြင်ကြသည်။

ထို့ကြောင့်၊
ဘောလုံးပွဲ တစ်ပွဲ၊ နှစ်ပွဲ ကြည့်ဖူးသူကလည်း ကမ္ဘာ့ဖလားပွဲ ဘယ်သူ ဗိုလ်စွဲမည်ဆိုသော ဟောကိန်း ထုတ်နေတတ်သည်။ သတင်းစာ တစ်ခါတစ်ရံ ဖတ်သူကလည်း ဘားရက်အိုးဘားမားကတော့ "ဘာ" ပါပဲ၊ အမာဒီနီဂျတ်ကတော့ ဘာလုပ်လိမ့်မည်၊ စသဖြင့် သေချာပေါက် ပြောနေတတ်သည်။

အဲသည်လို သိတယ်ထင်မှုနှင့် စပ်လျဉ်း၍ စကားတစ်ခု ရှိသည်။
A little knowledge is dangerous. တစိုးတစိ အသိသည် ကြောက်စရာကောင်းသည် ဆိုသော စကား။

ကွမ်းယာဆိုင်မှာ ဆေးတစ်မျိုး၊ နှစ်မျိုး ရောင်းဖူးရုံနှင့် ကိုယ့်ကိုယ်ကိုယ် ဆရာဝန်အလုပ် လုပ်တတ်ပြီ ထင်သောသူသည် ပတ်ဝန်းကျင်အတွက် အန္တရာယ်ဖြစ်သည်။

ဥပမာတွေ ပြလျှင် ရှည်လျားနေမည်။ အဲသည်လို တစိုးတစိ အသိကို ဟုတ်လှပြီထင်ပြီး ဧရာမကိစ္စကြီးတွေမှာ ၀င်ရောက်စီမံနေသူတွေ နေရာတကာမှာ အများအပြား ရှိသည်။

စင်စစ် ဗဟုသုတသည် တန်ဖိုးရှိတာ မှန်ပါသည်။
သို့သော် တစ်စွန်းတစ်စ ဗဟုသုတနှင့် ထင်တိုင်းကြဲလျှင်တော့ ဒုက္ခရောက်ဖို့များသည်။

တစ်ဖက်က ပြန်စဉ်းစားလျှင်မူ လူတိုင်းမှာပင် ဗဟုသုတ (သိမှု)သည် နည်းနည်းကပဲ စရမည်ဖြစ်သည်။
နည်းနည်းမှ များများ။
ဟိုတစ်စ သည်တစ်စမှ ကျယ်ကျယ်ပြန့်ပြန့် စုံစုံလင်လင်။
အပေါ်ယံ ရှပ်သိမှုမှ နက်နက်ရှိုင်းရှိုင်း သိမှု၊
အဲသလိုပဲ တိုးတက်သွားရလိမ့်မည်။

သိမှုကိစ္စမှာ နောက်တစ်ခု ရှိသေးသည်။ အသေးစိတ် (details) တွေကို သိတာနှင့် ခြုံငုံ၍ (overall) သိတာ။ အစိတ်အပိုင်း (parts) ကို သိတာနှင့် ပုံကားချပ်ကြီး (big picture) ကို မြင်တာ။

တစ်နည်းပြောသော်၊ သစ်ပင်ကိုသိတာနှင့် သစ်တောကိုသိတာ။
သိစရာ နှစ်ပိုင်းရှိသည့်အထဲမှာ တစ်ပိုင်းတည်းသိလျှင် မပြည့်စုံ။ သစ်တောကိုလည်း သိရမည်၊ သစ်ပင်ကိုလည်း သိရမည်။ ပုံကားချပ်ကြီးကိုလည်း မြင်တတ်ရမည်။ အသေးစိတ်တွေလည်း သိတန်သရွေ့ သိရမည်။ သည်အခါ သိမှုအပိုင်းသည် ပြည့်စုံပြီ မဆိုနိုင်သော်လည်း ကျေနပ်လောက်ဖွယ် ရှိသည်ဟု ဆိုနိုင်ပြီ။

ပြန်ချုပ်သော်၊
ပြဿနာတစ်ရပ်ကို ဝေဖန်သုံးသပ်သည့်အခါ စိတ်ရှည်ဖို့လည်း လိုသည်။
အစွဲကင်းဖို့လည်း လိုသည်။ ပြဿနာကို အသေးစိတ် သိသကဲ့သို့ ဆက်စပ်နေသော ပုံကားချပ်ကြီး တစ်ရပ်လုံးကိုလည်း မြင်ဖို့လိုသည်။

အဲဒါမှသာ အနီးစပ် အမှန်ကန်ဆုံး ပိုင်းခြားဝေဖန်မှု ပြုနိုင်မည်။ ယင်းမှ ဆက်၍ အကောင်းဆုံး ဆုံးဖြတ်ချက် သို့မဟုတ် လုပ်ငန်း အစီအစဉ် ချမှတ်နိုင်မည်။
အဲသည် အခါမှသာ အောင်မြင်မှု ရရှိနိုင်ပေမည်။
ပြည်သူ့ခေတ် အယ်ဒီတာ
၁၀-၉-၂၀၁၀

No comments:

Post a Comment

 
Web Statistics