ဗဟိုချက်မ
ဒီမိုကရေစီ၏ ဗဟိုချက်မသည် လွှတ်တော်နိုင်ငံရေးဖြစ်သည်။ သို့သော် လွှတ်တော်နိုင်ငံရေးပုံသဏ္ဌာန် ရှိရုံဖြင့် ဒီမိုကရေစီသည် လုံလောက်ပြီဟု မပြောဆိုနိုင်ပေ။ လွှတ်တော်၌ အာဏာရပါတီအပြင် အတိုက်အခံ နိုင်ငံရေးပါတီ အဖွဲ့အစည်းတို့လည်း ရှိရန်လိုအပ်သည်။ အတိုက်အခံ ပါတီစနစ်ရှိမှ ဒီမိုကရေစီ၏ ယုတ္တိပေါ်လွင်နိုင်သည်။ အတိုက်အခံရှိမှ တိုးတက်သည်။ အတိုက်အခံရှိမှ ဒီမိုကရေစီမြောက်သည်ဟူသော ဆိုရိုးစကားတို့သည် ဒီမိုကရေစီ၏ လက္ခဏာကို ပြောပြခြင်းဖြစ်သည်။
သို့ဖြင့် ဒီမိုကရေစီသည် အစိုးရကောင်းကို ရည်ညွှန်းရုံမဟုတ်ဘဲ အတိုက်အခံကောင်းကိုလည်း ရည်ညွှန်းသည်။ နိုင်ငံရေးသိပ္ပံပညာရှင်တို့က အာဏာချိန်ခွင်လျှာ ညှိရေးကို ဇောင်းပေးပြီး ရှင်းပြလေ့ရှိသည်။ အာဏာရှင်ချိန်ခွင် ပြဿနာတွင် လွှတ်တော်အစိုးရနှင့် တရားစီရင်ရေးတို့အကြား ချိန်ခွင်လျှာမျှရေးကို ပိုပြီး အလေးပေးပြောကြသည်။ ခေတ်သစ် လူ့အဖွဲ့အစည်း၌ အတိုက်အခံ နိုင်ငံရေးပါတီ ရှိခြင်းကို ချိန်ခွင်လျှာထိန်း ကိရိယာတစ်ပါးအဖြစ် အသိအမှတ် ပြုလာသည်။
အနည်းနှင့် အများ
သို့ဖြင့် ဒီမိုကရေစီ၌ အစိုးရကောင်းများ ပေါ်ထွန်းရေးက ပိုအရေးကြီးသလား သို့တည်းမဟုတ် အတိုက်အခံကောင်း ပေါ်ထွန်းရေးက အရေးပိုကြီးသလားဟု အငြင်းအခုံဖြစ်ကြသည်။ လာမည့် နိုဝင်ဘာလ ၇ ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပပြီး ရက်ပေါင်း ၉၀ အတွင်း၌ လွှတ်တော်နိုင်ငံရေး ပေါ်တော့မည်။ အချို့က ဤလွှတ်တော်နိုင်ငံရေးမှ အစိုးရကောင်း ပေါ်ထွန်းလာရေးကို အလေးပေးစဉ်းစားသည်။ အချို့က ပကတိအခြေအနေနှင့် အကန့်အသတ်တို့ကို ထည့်သွင်းစဉ်းစားပြီး အတိုက်အခံကောင်း ပေါ်ထွန်းလာရေးကို အလေးပေးသည်။
စင်စစ်၌ လာမည့်ရွေးကောက်ပွဲ ရလဒ်များအဖြစ် အစိုးရကောင်းလည်း ပေါ်ပေါက်သင့်သည်။ အတိုက်အခံကောင်းလည်း ပေါ်ပေါက်သင့်သည်။ စာရေးသူအမြင်၌ အစိုးရကောင်း ပေါ်ထွန်းရေးသည် အတိုက်အခံကောင်း ပေါ်ထွန်းရေးပေါ်တွင် အနည်းနှင့်အများ မှီတည်နေလိမ့်မည်ဟု ယူဆသည်။ အစိုးရကောင်း ပေါ်ထွန်းရေးနှင့် အတိုက်အခံကောင်း ပေါ်ထွန်းရေးတို့သည် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ အပြန်အလှန်သဘော မှီတည်နေကြလေရာ အစိုးရကောင်းပေါ်လျှင် အတိုက်အခံကောင်း ပေါ်ထွက်လာရမည်ဟု ယေဘုယျ ယူဆစရာရှိသည်။ အပြန်အလှန်အားဖြင့် အတိုက်အခံကောင်းက အစိုးရကောင်း ပေါ်ထွန်းရန် စေ့ဆော်သည်ဟု ယူဆနိုင်သည်။
အတွဲလေးတွဲ
စိတ်ကူးယဉ်မှု သဘောအရပြောလျှင် အစိုးရကောင်းနှင့် အတိုက်အခံကောင်း နှစ်မျိုးစလုံး ဖြစ်ထွန်းလျှင် အကောင်းဆုံးဟု ခံစားနိုင်သည်။ သို့ရာတွင် နိုင်ငံရေး၌ အကောင်းဆုံးစံတို့ဖြင့် မစဉ်းစားသင့်ပေ။ ဖြစ်နိုင်ခြေရှိသော စံတို့ကိုသာ ရွေးချယ်ရသည်။ အစိုးရနှင့် အတိုက်အခံတို့ကြား ဖြစ်နိုင်ခြေရှိသော အတွဲစုကို ဖော်ပြရလျှင် အောက်ပါအတိုင်း လေးမျိုးရှိနိုင်မည်ဟု ခန့်မှန်းရသည်။
(၁) အစိုးရကောင်းနှင့် အတိုက်အခံကောင်း အတွဲ
(၂) အစိုးရကောင်းနှင့် အတိုက်အခံအညံ့ အတွဲ
(၃) အတိုက်အခံကောင်းနှင့် အစိုးရအညံ့ အတွဲ
(၄) အတိုက်အခံအညံ့နှင့် အစိုးရအညံ့ အတွဲ
စဉ်းစားပုံ သုံးမျိုး
အကဲခတ်သမားတို့ကြား၌ အချို့က အစိုးရပိုင်း၏ အကောင်းနှင့်အညံ့ကို အလေးပေး စဉ်းစားသည်။ အချို့က အတိုက်အခံဘက်က အကောင်းနှင့်အညံ့ပိုင်းကို အလေးပေး စဉ်းစားသည်။ လာမည့် နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲတွင် အစိုးရကောင်း ပေါ်ထွန်းလာမည်ကို ဦးစားပေးစဉ်းစားသလို အချို့က အတိုက်အခံကောင်း ပေါ်ထွန်းလာရေးကို ဦးစားပေး စဉ်းစားသည်။ အစိုးရကောင်းနှင့် အတိုက်အခံကောင်း ပေါ်ထွန်းရေးပြဿနာ စဉ်းစားလျှင်
(၁) နိုင်ငံရေးပါတီတို့၏ အရည်အချင်းနှင့် ပြည်သူလူထု၏ ဗဟုသုတပညာ အရည်အသွေးပေါ်တွင် မူတည်စဉ်းစားရသည်။ ဤနေရာ၌ ပြည်သူလူထု၏ ရွေးချယ်မှုက အဓိကဖြစ်ရန် ရှိသော်လည်း တကယ့်လက်တွေ့၌ အရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်းတို့၏ အရည်အသွေးက အဆုံးအဖြတ်ပေးမည်ဟု ယူဆရသည်။
(၂) နောက်တစ်ချက်မှာ နိုင်ငံရေးစနစ်၏ အင်စတီကျူးရှင်းနှင့် ပါရာဒိုင်းတို့ကလည်း အစိုးရကောင်းနှင့် အတိုက်အခံကောင်း ပေါ်ထွန်းရေးကို ပြဋ္ဌာန်းပါလိမ့်မည်။
(၃) တတိယအချက်အနေဖြင့် မြန်မာ့နိုင်ငံရေးယဉ်ကျေးမှု အနေအထားကလည်း အစိုးရကောင်း၊ အတိုက်အခံကောင်း ပေါ်ထွန်းရေးကို ပြဋ္ဌာန်းဖွယ်ရှိသည်။
Ref: DEMOCRACY by Bernard Crick
No comments:
Post a Comment