Monday, September 20, 2010

မြန်မာ့နိုင်ငံရေး ရောမနှင့် တူသလား - မောင်စူးစမ်း


mgsusan.jpg
လွတ်လပ်မှုနှင့် ပျော့ပျောင်းမှု
နိုင်ငံရေးသည် သဘာဝအရပင်လျှင် ပဋိပက္ခတို့နှင့် ပြွမ်းတီးနေသည်။ သို့ရာတွင် တစ်ဖက်၌ ဒီမိုကရေစီသည် ပဋိပက္ခတို့ကို တီထွင်ဖန်တီးသော စွမ်းပကားများအဖြစ်သို့ ပုံလောင်းနိုင်သည်။ ဤအချက်ကို အခြေခံအဖြစ် မှန်းဆကြည့်လျှင် ဒီမိုကရေစီ၏ အခြေခံသဘောသည် အကျိုးစီးပွားတို့ကို ညှိနှိုင်းဖြေရှင်းကြောင်း တွေ့ရမည်။ ထို့ကြောင့် မစေ့စပ်စတမ်း၊ အပေးအယူ မလုပ်စတမ်း၊ မူပိုင်း၌ တစ်ပြားသားမျှ မလျှော့ဟူသော အစွန်းရောက် သဘောထားတို့သည် ဒီမိုကရေစီနှင့် လားလားမျှ မအပ်စပ်သော သဘောထားတို့ ဖြစ်ကြသည်။

ဒီမိုကရေစီ၏ ကိရိယာသည် လွတ်လပ်မှုနှင့် ပျော့ပျောင်းမှုတို့ ဖြစ်ကြသည်။ မိမိခံယူချက်ကို တရားသေ ဆုပ်ကိုင်ထားခြင်း မရှိရ။ အပေးအယူ စေ့စပ်ရန် အဆင်သင့်ဖြစ်ရမည်။ ဤသို့ ပျော့ပျောင်းမှုရှိရန် အတွက်လည်း လွတ်လပ်မှုရှိရမည်။ ဤနေရာ၌ လွတ်လပ်မှုဆိုသည်မှာ စိတ်တံခါး ဖွင့်ထားနိုင်ခြင်းကို လည်းကောင်း၊ ပုံသေမဟုတ်သော အစွဲအလမ်းတို့ဖြင့် လွတ်ကင်းစွာ နေနိုင်ခြင်းကိုလည်းကောင်း ဆိုလိုသည်။ ဦးနှောက်ကို ရှင်းထားနိုင်ရမည်။ ကြိုတင်အစွဲအလမ်းနှင့် ကြိုတင်ကောက်ချက်တို့ ကင်းရှင်းနိုင်ရမည်။ အစွဲအလမ်းတို့သည် ဦးနှောက်ကို ပိတ်ဆို့သည်။

အခင်းအကျင်းအသစ်
ဒီမိုကရေစီ ခေါင်းဆောင်မှုဆိုသည်မှာ လူထု၏ သဘောတူညီချက်နှင့် အလုပ်လုပ်ခြင်းဖြစ်၍ လူထု၏ အကျိုးစီးပွားနှင့် လူထုက မြတ်နိုးသော လူ့တန်ဖိုးတို့ကို မျက်ခြည်မပြတ်ရပေ။ ထို့အပြင် ဆိုခဲ့ပါအတိုင်း စေ့စပ်ညှိနှိုင်းရန်နှင့် အပေးအယူပြုရန်လည်း အဆင်သင့်ရှိရမည်။ လေကြီးမိုးကြီး နိုင်ငံရေး မီးရှူးမီးပန်းများပစ်၍ နိုင်ငံရေးလုပ်သောခေတ် ကုန်ဆုံးနေပြီ။ အရာရာကို အကြောင်းအကျိုး ကောင်းမွန်စွာသုံးသပ်ပြီး အခင်းအကျင်း၌ ချပြရမည့်ခေတ်ထဲ ရောက်နေပြီ။ Sober Analysis ဟု ခေါ်သည်။ ဒီမိုကရေစီမှန်လျှင် အပေးအယူ ညှိနှိုင်းမှုရှိရမည်။

လူပြိန်းကြိုက်ကြွေးကြော်သံ၊ လေကြီးမိုးကြီး ကြွေးကြော်သံခေတ်သည် နောက်ကျကျန်ရစ်ခဲ့ပြီ။ လက်ရှိအခြေအနေကို ပကတိအရှိအတိုင်း သုံးသပ်နိုင်ရမည်။ နိုဝင်ဘာလ ၇ ရက်နေ့၌ ရွေးကောက်ပွဲ ကျင်းပတော့မည်ဖြစ်လေရာ ဤရွေးကောက်ပွဲကို လက်တွေ့ကျကျ ရှုမြင်ရန်လိုသည်။ စစ်ဘက်မှ ကမကထ ပြုလုပ်ပေးသော ရွေးကောက်ပွဲဖြစ်၍ အခွင့်အလမ်းများရှိသလို အကန့်အသတ်များ ရှိကြောင်းကိုလည်း အလိုအလျောက် သိရှိနိုင်ကြပါသည်။ စစ်ဘက်က အာဏာရပါတီ ထူထောင်လာသဖြင့် အခင်းအကျင်းသည် မကြုံဖူးသော အခင်းအကျင်းဟု ဆိုရမည်။

မျိုးဆက်သစ်မဲ
ဒီမိုကရေစီသီအိုရီအရ ပြည်သူ၏ သဘောထားအမြင်သည် အချုပ်အချယ်မရှိ လွတ်လပ်ရမည်ဟု အဆိုရှိသည်။

တစ်ဖက်မှကြည့်လျှင် ပြည်သူလူထုသည် နိုင်ငံရေးပုံသဏ္ဌာန် အမျိုးမျိုးကို ဖြတ်သန်းခဲ့ရသဖြင့် မအဟု အကဲဖြတ်လို့ရသည်။ ထို့ကြောင့် ကျင်းပမည့် ရွေးကောက်ပွဲသည် လစ်ဘရယ် မဆန်စေကာမူ ရလဒ်ကို ဧကန်ပြောနိုင်ရန် ခက်ခဲနေသေးသည်။ ဤနေရာ၌ အဆုံးအဖြတ်ပေးမည့် မဲသည် ၁၈ နှစ်အထက် မျိုးဆက်သစ်တို့ ဖြစ်လေရာ သူတို့သည် နိုင်ငံရေးဖြစ်ရပ်ကြီးတို့ကို မမီလိုက်ကြပေ။ သဘောမှာ သူတို့၌ သမိုင်းအတွေ့အကြုံကို အခြေခံ၍ ဆုံးဖြတ်နိုင်ရန် အခက်အခဲ ရှိနေခြင်းဖြစ်သည်။ ပစ္စုပ္ပန်၌ တွေ့နေရသော ဘ၀ကိုအခြေခံ၍ ဆုံးဖြတ်ကြမည့်ပုံ ရှိသည်။

တိုက်ခိုက်မှုနှင့် မဲ
နိုင်ငံရေးကို စိတ်ကူးယဉ်စံတို့ဖြင့် အကဲဖြတ်ခြင်းသည် အလွန် အလှမ်းဝေးလွန်းသည်။ နိစ္စဓူဝဘ၀တို့ကို အခြေခံ၍ အကဲဖြတ်ခြင်းသည်သာ လက်တွေ့ကျမည်ဟု ထင်သည်။ မဟာအိုင်ဒီယာတို့ထက် ဒေသပုံပြင်တို့ကို အခြေခံ၍ ဖြစ်ထွန်းမှုအသစ်တို့ ပေါ်ပေါက်ဖွယ်ရှိသည်ဟု မှန်းဆရသည်။ ဤဖြစ်ထွန်းမှု အဆင့်တို့ထဲတွင် ရွေးကောက်ပွဲအပြီး၌ လွတ်တော်နိုင်ငံရေး ပေါ်ပေါက်လာခြင်းသည် အလွန် အခရာကျမည်။ စစ်ဘက်အုပ်ချုပ်ရေးမှ စစ်ဘက်နှင့် အရပ်ဘက် အချိုးနှင့် ဆက်ဆံရေး ဖြစ်ထွန်းလာမှုသည် စမ်းသပ်ကြည့်သည့် စနစ်သစ်တစ်မျိုး ဖြစ်ဖွယ်ရှိသည်။

ဤစနစ်သစ်သည် ဥရောပ ရောမသမိုင်း၌ ပေါ်ပေါက်ခဲ့ဖူးသော စစ်ဘက်ပါဝင်မှုဆိုင်ရာ သဘောထားမှ ပေါ်ပေါက်ခြင်းလား မသိပေ။ ဤသဘောထားမှာ Fit to Fight, Fit to Vote "တိုက်ခိုက်ရန် အရည်အချင်းရှိလျှင် မဲပေးရန် အရည်အချင်းလည်း ရှိရမည်" ဟူသတည်း။ ထိုစဉ်က စစ်သားများမှာ မဲပေးခွင့် မရခဲ့ကြသေးပေ။
အညွှန်း - Democracy by Bern and Criek

No comments:

Post a Comment

 
Web Statistics