ဘယ်လိုမှ မဖြစ်နိုင်တဲ့ အခြေအနေမျိုးကလွဲရင် ဘလော့ဂ်ကို နေ့စဉ် မပျက်မကွက် ရေးနေတာမို့ ကျွန်တော့်အတွက် မကောင်းတဲ့ အချက်တစ်ခုကတော့ စာဖတ်ချိန် နည်းပါးသွားတာပါပဲ။ အဲဒါကြောင့်လည်း တစ်ပတ်မှာ နားရက်တစ်ရက်အဖြစ် တနင်္ဂနွေနေ့ကို ဘလော့ဂ်မရေးဘဲ အနားယူဖို့ ဆုံးဖြတ်ခဲ့မိပါတယ်။ နှစ်ပတ်ရှိသွားပြီဖြစ်တဲ့ ကျွန်တော့်ဆုံးဖြတ်ချက် မှန်တယ်ဆိုတာကို ကျွန်တော်ခံစားနေရပါပြီ။ တနင်္ဂနွေရက်တွေမှာ တစ်ပတ်တာ ဖတ်ခဲ့သမျှ ဂျာနယ်တွေအားလုံးကို အစအဆုံး တစ်ခေါက်ပြန်ပြီး ဖတ်ဖြစ်ပါတယ်။ အပေါ်ယံရှပ်ဖတ်ခဲ့ပြီး ပြန်ဖတ်ဖို့အတွက် မှတ်ချက်ချန်ထားခဲ့တဲ့ ဆောင်းပါးတွေ၊ သတင်းတွေကို သေသေချာချာ ပြန်ဖတ်ဖြစ်ပါတယ်။ မှတ်စရာရှိတာတွေကို မှတ်ပါတယ်။ စိတ်အေးလက်အေးနဲ့ အချိန်ပေးပြီး အေးအေးဆေးဆေး ဖတ်ရတဲ့အတွက် တွေးမိတာလေးတွေ၊ ခံစားမိတာလေးတွေ တွေ့လာရသလို စာပြန်ရေးနိုင်မယ့် အတွေးလေးတွေကိုလည်း မှတ်စုထုတ်ထားနိုင်ခဲ့ပါတယ်။ အခြားသော စာအုပ်တွေကိုလည်း အချိန်ပေးပြီး ဖတ်နိုင်သွားပါတယ်။ ကျွန်တော်ဖတ်မိသမျှတွေထဲက သဘောကျမိတာလေးတွေ၊ တွေးဖို့ကောင်းတာလေးတွေ၊ မှတ်သားဖို့ ကောင်းတာလေးတွေ အချို့ကို ပြန်လည်ရွေးထုတ် ဝေမျှပေးလိုက်ပါတယ်။ အချိန်မရတဲ့အတွက် အကုန်လုံးကို ပြန်မတင်ပေးနိုင်ပေမယ့် ရေးနိုင်သလောက်လေး ပြန်ရေးပြီး တင်ပေးလိုက်ပါတယ်ဗျာ။ ကျွန်တော့်အကြိုက်နဲ့ ထပ်တူညီနိုင်ကြပါစေလို့လည်း .............။
မှတ်စု (၁)
...................
ဘယ်သို့သော အကြောင်းကြောင့်ဖြစ်စေ အမြင့်ကိုရောက်သည့်အခါ အပေါ်ကနေရသည့်အခါ အောက်ကနေရသူတို့၏ အနေအထားကို အတတ်နိုင်ဆုံး အဖြစ်နိုင်ဆုံး ပကတိ အရှိတရားကို သိရှိဖို့တော့ လိုပေသည်။ သို့မှသာ ကိုယ်ချင်းစာတတ်မည်။ အထက်နှင့်အောက်၊ အောက်နှင့်အထက်၊ ဘေးပတ်ဝန်းကျင် ၀ဲယာ အားလုံး အားလုံး ပြေပြေလည်လည်ဖြစ်ကာ အေးအေးချမ်းချမ်း သာသာယာယာ ရှိဖို့အတွက် အလိုအပ်ဆုံး တရားတစ်ခုက ကိုယ်ချင်းစာတရားသာ ဖြစ်သည်။ ငြိမ်းချမ်းရေး ငြိမ်းချမ်းရေးဟူ၍ အော်ဟစ်နေကြသည်။ ကိုယ်ချင်းစာတရား တစ်ခုသာ ထားရှိလိုက်ပါ။ လိုချင်သည့် ငြိမ်းချမ်းရေး ရရှိပါလိမ့်မည်။ တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ပါသည်။ တကယ်မဖြစ်ခြင်းသည် မဟုတ်မလုပ်ခြင်းကြောင့် ဖြစ်သည်။
.......................
လူကြီးလုပ်သူသည် ကိုယ့်အနီးအနားက လူတွေပြောသမျှကို မယုံတစ်ဝက်၊ ယုံတစ်ဝက်သာ ရှိသင့်သည်။ များသောအားဖြင့် လူကြီးနားက မင်းလိုလိုက် မင်းကြိုက်ဆောင်သူတို့သည် အရှိကို အရှိအတိုင်း ပြောကြရိုး ထုံးစံမရှိပေ။ အနီးအနားက အနီးဆုံးသူတွေသည် မိတ်ဆွေလည်းဖြစ်နိုင်သလို ရန်သူလည်း ဖြစ်နိုင်သည်။ မိတ်ဆွေသည် မိမိ၏ အနီးဆုံး၌ ရှိသလို ရန်သူကလည်း မိမိ၏ အနီးဆုံးမှာသာ ရှိသည်။ အနီးဆုံးလူကသာ မိမိကို သုခလည်း ပေးလေ့ရှိသည်။ ဒုက္ခလည်း ပေးလေ့ရှိသည်။ အဝေးဆုံးလူကို ကြောက်ဖို့မလို၊ အနီးဆုံးလူကိုသာ ကြောက်ဖို့လိုသည်။
....................
မှန်ကင်းဖြစ်စဉ် ထင်း၏ဘ၀ကို မေ့နေတတ်သည်။ မှန်ကင်း၏ တာဝန်ထဲတွင် ထင်းတဲထဲက ထင်းတို့၏ဘ၀ကို မကြာ မကြာ ငုံ့ကြည့်ဖို့ကိစ္စလည်း အရေးကြီးကိစ္စတစ်ခုအဖြစ် ပါဝင်နေသည်ကို သိရှိဖို့ လိုပေလိမ့်မည်။
....................
ဒါဆိုရင် ကျွန်တော်တို့ရဲ့ ဘုရင့်နောင်မင်းတရားကြီးကိုကော ဘာလို့ ကျွန်တော်တို့ လေးစားဂုဏ်ပြုရတာလဲ။ တပင်ရွှေထီးနတ်ရွာစံတော့ ဖရိုဖရဲဖြစ်နေတဲ့ တိုင်းပြည်ကို ဘုရင့်နောင် ပြန်လည်စုစည်းပါတယ်။ တိုက်ပွဲတွေအားလုံး အောင်ပြီး ဟံသာဝတီဘက်မှာ မွန်ဘုရင် သုရှင်တကာရွတ်ပိနဲ့ နောက်ဆုံးတိုက်ပါတယ်။ တိုက်တဲ့အချိန်မှာ ဘုရင့်နောင်က ဆင်စီးလာသလို သုရှင်တကာရွတ်ပိကလည်း သူ့ဆီဆင်ကို ချွန်းဖွင့်ပြီး အပြင်းချီတက်လာတာမြင်တော့ နှစ်ဦးချင်း စီးချင်းထိုးရပါတော့မယ်။ အဲဒီအချိန်မှာ ဘုရင့်နောင်က ဆင်ပေါ်မှာပါလာတဲ့ ခရားထဲက ရေကို မြေပေါ်သွန်ပြီး "သာသနာရဲ့အကျိုး၊ ပြည်သူတို့ရဲ့ ကောင်းကျိုးကို သယ်ပိုးနိုင်တဲ့ မင်းကောင်းမင်းမြတ် ဖြစ်မယ်ဆိုရင် ဒီတိုက်ပွဲကို နိုင်ရပါလို၏" ဆိုပြီး သစ္စာပြုတယ်လို့ ဆိုပါတယ်။ ပြီးတော့မှ မွန်ဘုရင်နဲ့ စီးချင်းထိုးတာ နိုင်ပါတယ်။ သူဘုရင်ဖြစ်ဖို့က ပထမ မဟုတ်ပါ။ သာသနာ့အကျိုး သယ်ပိုးဖို့က ပထမပါ။ သာသနာဖွံ့ဖြိုးမှ ပြည်နဲ့ ပြည်သူတွေ ငြိမ်းချမ်းမှာဆိုတော့ ပြည်သူ့အတွက်ပါပဲ။ ငြိမ်းချမ်းရေးပြီးတော့ စားဝတ်နေရေးဆိုတဲ့ ပြည်သူ့ရဲ့ကောင်းကျိုး သယ်ပိုးလိုတာက ဒုတိယ။ အဲဒီလို ဆောင်ရွက်နိုင်ဖို့အတွက် ဘုရင်ဖြစ်လိုတာ၊ ဘုရင်တောင်မှ ရိုးရိုးမဟုတ်ပါ။ မင်းကောင်းမင်းမြတ်ပါတဲ့။ ဘုရင်ဖြစ်ချင်တာ ပြည်သူ့အကျိုး သယ်ပိုးဖို့ပါ။ "ဘုရင့်နောင်ဟာ အသက်ကိုရင်းပြီး သူသေကိုယ်သေ တိုက်ရတဲ့အချိန်မှာတောင် ပြည်သူအကျိုး သယ်ပိုးဖို့ အလေးအနက်ထားပြီး ဆောင်ရွက်နိုင်ခြင်းဟာ ပထမတန်းစား ခေါင်းဆောင်စိတ်ထား ပိုင်ဆိုင်သူမို့သာ လုပ်နိုင်တာပါ"။
မှတ်စု (၃)
....................
ဆရာ (ဇေယျ) ဟာ လောကကို ကောင်းကျိုးမပြုတဲ့ စာပေများနဲ့ ပတ်သက်ပြီးတော့လည်း......
"စာကောင်းပေကောင်းများ ပေါ်သကဲ့သို့ စာပိန်စာပျက်၊ အဖျင်းအသောင်းများလည်း ရောနှောဟန်ဆောင်၍ ပါလာလေ့ရှိကြသည်။ မရွေးတတ်၍ အဖျင်းအသောင်းများကို စားမိဝါးမိလျှင် အာဟာရမဖြစ်သည့်အပြင် အဆိပ်အတောက်မိ၍ သေပင် သေတတ်လေသည်"
မှတ်စု (၄)
..................
လူငယ်သည် ကိုယ့်တိုင်းပြည်၏ လိုအပ်ချက်နှင့် ကိုယ့်တိုင်းပြည်အတွက် လုပ်ဆောင်ချက်တို့ကို တွေးဆမြော်မြင်လျက် ဆောင်ရွက်နိုင်ကြဖို့ လိုပေသည်။ ထို့အတွက် ယစ်မူးထိရှလွယ်သော ဆယ်ကျော်သက်အရွယ်မှစ၍ လူငယ်လူလတ်ပိုင်း အရွယ်များအထိ တိုင်းပြည်၏ ရေးရာတို့ကို ပြောဆိုကြမှုများဖြင့် အတွေးအမြင်များ၊ အတွေ့အကြုံများ နှီးနှောဖလှယ်ခြင်း ပြုကြရပေလိမ့်မည်။ စင်စစ် ကျွန်တော်တို့ တိုင်းပြည်အတွက် လိုအပ်သည်မှာ ၀ါဒများ မဟုတ်ပါ။ အကြွင်းမဲ့ အံ့မခန်းဖြစ်ကြရမည့် အဖက်ဖက်မှ တိုးတက်ရေးတို့သာ ဖြစ်သည်။
ပြောရလျှင် ကျွန်တော်တို့တိုင်းပြည်သည် ၀ါဒစုံခဲ့သော တိုင်းပြည်တစ်ပြည် ဖြစ်သည်။ တိုင်းပြည်သည် နှစ်ပေါင်းအကြာကြီး၊ သမိုင်းကြောင်းအရှည်ကြီး ဘုရင်စနစ်ဖြင့် စခန်းသွားခဲ့ဖူးသည်။ နယ်ချဲ့စနစ်၏ ကြိုးဆွဲရာနောက်သို့လည်း သိမ်သိမ်ငယ်ငယ်ဖြင့် ခပ်ကုပ်ကုပ် လိုက်ပါခဲ့ရသည်။ တစ်ဖန် ဖက်တစ်စနစ်၏ စစ်ဖိနပ်အောက်တွင်လည်း လူးလိမ့်နာကျင် အခံရခက်ခဲ့ကြရသည်။ ၀ရုန်းသုန်းပါးနိုင်လှသော ပါလီမန်ဒီမိုကရေစီ စနစ်ဖြင့်လည်း တိုင်းပြည်ပြိုကွဲမတတ် ရင်စည်းခံခဲ့ရသည်။ ကွန်မြူနစ်စနစ်ကို အကြိုက်ဆုံးနှင့် ဆိုရှယ်လစ်လူ့ဘောင်ကို တည်ဆောက်သူများကြားတွင်လည်း တိုင်းပြည်သည် ရှင်လျက်နှင့် သေခဲ့ရပေသည်။
သို့ဆိုလျှင် ကျွန်တော်တို့တိုင်းပြည်အတွက် ၀ါဒသည် အခရာမကျဟု ကျွန်တော်ဆိုလိုချက်ကို စာနာနိုင်ပါလိမ့်မည်။ မူနှင့် ၀ါဒများကို မည်သို့ပင် ပြောင်းလဲပြောင်းလဲ ထိုမူနှင့် ထိုဝါဒကို ဖော်ဆောင်ကြမည့် လူသား၏ အတ္တသည်သာ ထိုမူ ထိုဝါဒတို့ထက် ပို၍ အရေးပါသော အခန်းကဏ္ဍကြီး ဖြစ်ပေသည်။ ထို့ကြောင့်ပင် မူဝါဒကို ဖော်ဆောင်ကြမည့် လူသားကို ကျွန်တော်တို့ မည်သို့ရှာမည်နည်း။ ရွေးချယ်ခြင်းသည် အတော့်ကို အနုပညာဆန်နေပေတော့သည်။
မှတ်စု (၅)
...................
မဲပေးခြင်းသည် နိုင်ငံသားတစ်ဦးတစ်ယောက်ချင်း၏ မွေးရာပါ အခွင့်အရေးတစ်ခု ဖြစ်သည်။ ဒီမိုကရေစီ၏ အခြေခံအုတ်မြစ် ဖြစ်သည်။ အဆိုပါ ဒီမိုကရေစီ အခွင့်အရေးကို လက်တွေ့မကျင့်သုံးဘဲ ဒီမိုကရေစီ တွင်တွင်အော်နေခြင်းသည် မိမိ၏ နိုင်ငံသားအခွင့်အရေးကို မိမိဘာသာ ချိုးဖောက်ခြင်း ဖြစ်သည်။ ဒီမိုကရေစီသည် တောင်းဆိုရမည့်၊ ကျင့်သုံးလိုက်နာရမည့် အခွင့်အရေးတစ်ခု ဖြစ်သလို တာဝန်ယူရမည့် အခွင့်အရေးတစ်ရပ်လည်း ဖြစ်သည်။
ဒီမိုကရေစီဆိုသည်မှာ နိုင်ငံရေးပါတီတစ်ခုက မေတ္တာလက်ဆောင် ယူလာပေးမှ ရလာသည့်အရာ မဟုတ်ပေ။ ဒီမိုကရေစီဆိုသည်မှာ နိုင်ငံသား တစ်ဦးတစ်ယောက်ချင်းဆီက တာဝန်ယူ ကျင့်သုံးသည့်စနစ် ဖြစ်သည်။
နိုင်ငံသားများ နိုင်ငံရေးကဏ္ဍတွင် ပါဝင်ခွင့်၏ အနိမ့်ဆုံး အခွင့်အရေးသည် မဲပေးပိုင်ခွင့် ဖြစ်သည်။
ကိုဉာဏ် (ပန်းလောင်မြေ) စုစည်းဝေမျှသည်။
၂၀၁၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၃ ရက်၊ တနင်္လာနေ့။
နေ့လည် ၂ နာရီ ၄၆ မိနစ်။
No comments:
Post a Comment