Monday, September 13, 2010

ပညာကို ဟမ္ဘာဂါလို ရောင်းနေတဲ့ခေတ် - လူထုစိန်ဝင်း


useinwin.jpg

ဒီကနေ့ ပညာသင်ကြားရေးစနစ်က စီးပွားရေးလုပ်ငန်းကြီးတွေအတွက် ကျွမ်းကျင်လုပ်သားတွေ မွေးထုတ်ပေးရုံသက်သက် ဖြစ်နေပြီး တက္ကသိုလ်တွေဟာလည်း ဘွဲ့ရလုပ်သားတွေ အစုလိုက် အပြုံလိုက် မွေးထုတ်ပေးတဲ့ စက်ရုံကြီးတွေ ဖြစ်နေပြီ။

ဂဏန်းတွက်စက်ပျက်ရင် ဈေးမရောင်းတတ်
အမေရိကန် ပညာရေးလောကမှာ တစ်နေ့တခြား ကျယ်သထက်ကျယ်အောင် ကြားနေရတဲ့ ညည်းညူသံတွေ ဖြစ်ပါတယ်။ ဂဏန်းတွက်စက် ပျက်သွားတာနဲ့ ဈေးမရောင်းတတ်တဲ့ အရောင်းဈေးသည်တွေ၊ သူများရေးထားတဲ့ ပြဋ္ဌာန်းစာအုပ် မရှိရင် စာမသင်တတ်တော့တဲ့ ကျောင်းဆရာတွေ၊ ဘလူးပရင့်မရှိရင် ဘာမှမလုပ်တတ်တဲ့ အင်ဂျင်နီယာတွေ၊ အသင့်ဖော်စပ် ထုတ်လုပ်ပေးထားတဲ့ ဆေးဝါးတွေမရှိရင် လေချုပ်လေအောင့်ဖြစ်တဲ့ လူနာအတွက် လေဆေးလေးတောင် စပ်ပြီး ကုမပေးနိုင်တဲ့ ဆရာဝန်တွေပဲ များနေတယ်။ ကိုယ့်ဦးနှောက်နဲ့ကိုယ် စဉ်းစားတွေးခေါ်ပြီး လုပ်နိုင်ကိုင်နိုင်တဲ့ ပညာတတ်တွေ ရှားပါးသထက် ရှားပါးလာနေတယ်။ အခု ကျောင်းတွေက ထွက်လာတာတွေက စာတတ်သူတွေချည်းပဲ။ ပညာတတ်မပါဘူးလို့ ပြောကြဆိုကြတာတွေလည်း မကြာမကြာ ကြားရတယ်။ အမေရိကန်မှာတင် မဟုတ်ဘူး။ နိုင်ငံပေါင်းစုံက ပညာရပ်နယ်ပယ် အားလုံးလိုလိုမှာ ပြောဆိုညည်းတွားနေကြတဲ့ အသံတွေ ညံနေပါတယ်။

အစိုးရတွေက ဈေးတွက် တွက်ကြ
ပညာကို တန်ဖိုးထားသူတိုင်းက ပညာရေးကို စီးပွားရေး လုပ်ငန်းကြီးများလို သဘောထား လုပ်ကိုင်နေကြတာကို မနှစ်မြို့ကြဘူး။ တက္ကသိုလ်ဆရာတွေက မော်တော်ကားရောင်းသမားလို ကမ္ဘာလှည့်ပြီး ကျောင်းကြော်ငြာရင်း နိုင်ငံတကာ ကျောင်းသားတွေ စုဆောင်းနေတာကိုလည်း နှာခေါင်းရှုံ့ကြတယ်။ ပညာရေးကို စီးပွားရေးရဲ့လက်အောက်ခံအဖြစ် သဘောထားလာကြတာကို တော်တော်ကို စက်ဆုပ်ကြတယ်။ စက်ဆုပ်ပေမယ့်လည်း ဘာမှ မတတ်နိုင်ကြဘူး။ နိုင်ငံတိုင်း နိုင်ငံတိုင်းရဲ့ အစိုးရတွေ ကိုယ်တိုင်က ဘာမဆို "ဈေးတွက်" တွက်ပြီး ဈေးရောင်းဈေးဝယ် လုပ်သလို လုပ်နေကြတာဆိုတော့ ပညာရှင်တွေ လက်မှိုင်ချ နေကြရတော့တယ်။

ပညာကို ဟမ်ဘာဂါလိုရောင်း
ပညာကို ရှူးဖိနပ် ရောင်းသလို၊ ဟမ်ဘာဂါနဲ့ ကိုကာကိုလာ ရောင်းသလို သဘောထားနေကြတော့ ပညာရဲ့ တန်ဖိုးဟာ တစ်နေ့တခြား ကျဆင်းလာခဲ့ရတယ်။ လူတွေဟာ ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားတွေးခေါ်ပြီး ဆုံးဖြတ်ချက်ချဖို့ထက် ကွန်ပျူတာဆီက အဖြေထုတ်ယူဖို့လောက်သာ အားသန်ကြတယ်။ ဒါမှမဟုတ်လည်း စာအုပ်တွေထဲက သဘောတရားတွေနဲ့ ဖော်မြူလာတွေကိုပဲ အားကိုးကြတယ်။ လူ့ဦးနှောက်ဟာ ကွန်ပျူတာလောက်တောင် အသုံးမကျတော့သလို ဖြစ်လာတယ်။ ဒီလိုနဲ့ ကြာလာတော့ လူ့ဦးနှောက်နဲ့ သတ်မှတ်တဲ့ လူ့တန်ဖိုးတွေနဲ့ လူသားစံနှုန်းတွေ အားလုံးလိုလိုဟာ ယုတ်လျော့ကျဆင်းပြီး စံချိန်မမီ ဖြစ်ကုန်ကြတော့တယ်။

အိမ်ထောင်စနစ်
လူတွေနဲ့ပတ်သက်တဲ့ အိမ်ထောင်ဆိုတာပဲကြည့်။ ကမ္ဘာဦးအစက လင်ရယ်၊ မယားရယ်၊ အိမ်ထောင်ရယ်ဆိုတာ မရှိဘူး။ ယောက်ျားမိန်းမတွေဟာ နွားအုပ်ကြီးထဲက နွားတွေလိုပဲ နေကြတယ်။ ရေကြည်ရာ မြက်နုရာ အုပ်စုလိုက် ရွှေ့ပြောင်းသွားလာ နေထိုင်ကြတယ်။ နောက်တော့ စိုက်ပျိုးစားသောက် လာတတ်ပြီး အခြေတကျ ရွာတည်နေလာကြတယ်။ အဲဒီတော့မှ လင်ရယ်၊ မယားရယ်လို့ သတ်သတ်မှတ်မှတ်နဲ့ အိုးအိမ်တည်ဆောက် နေထိုင်တယ်။ အဲဒီအဆင့်ကို ယဉ်ကျေးလာတဲ့အဆင့် (Civilized)လို့ သတ်မှတ်တယ်။ ဒါတောင် တစ်လင်တစ်မယား မဟုတ်သေးဘူး။ စစ်နိုင်လို့ ဖမ်းဆီးခေါ်ဆောင်လာတဲ့ မိန်းမတွေကို ယောက်ျားတွေက မယားအဖြစ် ထားတဲ့အတွက် ယောက်ျားတစ်ယောက်နဲ့ မယားအများအပြား နေလာကြတယ်။ နောင် ယဉ်ကျေးမှုအဆင့် မြင့်သထက် မြင့်လာမှ တစ်လင်တစ်မယားစနစ်ကို ဥပဒေတွေ ဘာတွေပြုပြီး ပြဋ္ဌာန်းသတ်မှတ်ခဲ့ကြတယ်။

အဖော်ဆိုတဲ့နေနည်း
ဟော အခုတော့ အိမ်ထောင်ဆိုတာ လူသားများရဲ့ လွတ်လပ်ခွင့်ကို ကန့်သတ်တဲ့ အချုပ်အနှောင်လို ဖြစ်တယ်။ ခေတ်မမီတော့ဘူး။ ဘယ်သူ့ဘယ်သူမှ ချုပ်နှောင်မထားတဲ့ အတူနေချင်စိတ် ရှိတဲ့အခိုက် အတူနေ၊ နေချင်စိတ် မရှိတဲ့အခါ ကိုယ့်ဟာကိုယ်နေ ဆိုတဲ့ အယူအဆကို လက်ခံကျင့်သုံးပြီး "အဖော်" (Companion)လို့ ခေါ်ကြတဲ့ နေနည်းမျိုးနဲ့ နေထိုင်ကြတာတွေ အနောက်နိုင်ငံတွေမှာ တော်တော်လေး ကျင့်သုံးနေကြတယ်။ ပြင်သစ်က တွေးခေါ်ပညာရှင်ကြီး နှစ်ယောက်ဖြစ်တဲ့ ယန်းပေါဆတ်နဲ့ ဆီမွန်ဒီဘူဗွားတို့ဆိုရင် လက်မထပ်ဘဲနဲ့ တစ်သက်လုံး (Life companion) ဆိုပြီး နေသွားကြတယ်။ တချို့ကတော့ အတူနေပြီး ကလေးတစ်ယောက် နှစ်ယောက်မွေးပြီးမှ လက်ထပ်တာမျိုးလည်း ရှိတယ်။ အိမ်ထောင်နဲ့ မိသားစုဆိုတဲ့ နှုန်းစံတွေ ပြောင်းလဲသွားပုံကို ပြောတာပါ။

ဆန့်ကျင်ဘက်ထိ ပြောင်းလဲ
မိန်းကလေးတွေရဲ့ ၀တ်စားဆင်ယင်ပုံ ဆိုရင်လည်း စစ်မဖြစ်မီ ခေတ်ကဆိုရင် ခြေမျက်စိဖုံးတဲ့ ဂါဝန်ရှည် ပွပွကြီးတွေကို အတွင်းက ရင်စည်းကျပ်ကျပ်ခံပြီး ၀တ်ကြတာပါ။ မိန်းကလေးရဲ့ အပျိုစင်ဘ၀ကိုလည်း အသက်နဲ့ထပ်တူ တန်ဖိုးထား ကာကွယ်စောင့်ရှောက် ကြပါတယ်။ လက်မထပ်ရသေးဘဲ ကိုယ်ဝန်ရှိလာတဲ့ မိန်းကလေးမျိုးဆိုရင် ရွာကနေ နှင်ထုတ်တဲ့ အထိတောင် ကဲ့ရဲ့ရှုတ်ချလေ့ ရှိတယ်။ ဟော အခုခေတ်တော့ ၀တ်ပုံဆင်ပုံတွေ လျှပ်ပေါ်လော်လီကြပုံတွေများ ပြောတောင် မပြတတ်တော့အောင် ကမ်းကုန်နေကြပါပြီ။ အလယ်တန်းရွယ် ဆယ့်သုံးဆယ့်လေးနှစ်သမီး အချင်းချင်း အပျိုစင်အဖြစ် ရှိနေသေးတယ်ဆိုရင် ကဲ့ရဲ့ကြသတဲ့။ လူမှုရေး ပေါင်းသင်းဆက်ဆံရေး ညံ့ဖျင်းတယ်ဆိုပြီး ဝေဖန်ကြသတဲ့။ လူ့တန်ဖိုးတွေ ပြောင်းလဲသွားပုံကို ကြည့်ပါဦး။ ဆန့်ကျင်ဘက်သဘော ဖြစ်သွားတဲ့အထိကို ပြောင်းကုန်ကြတာ မဟုတ်လား။

အနုတ်လက္ခဏာများများ
လူမှုရေး နယ်ပယ်အတွင်းက တန်ဖိုးတွေနဲ့ နှုန်းစံတွေ ပြောင်းလဲမှု အတော်များများဟာ အပေါင်းလက္ခဏာ ဆောင်တာက နည်းနည်း၊ အနုတ်လက္ခဏာ ဆောင်တာက များများ ဖြစ်နေတာ တွေ့ရတယ်။ စိတ်ဓာတ်နဲ့ စရိုက်တွေကလည်း မယုံနိုင်လောက်တဲ့ အထိကို ကြမ်းကြုတ်ခက်ထန် ကုန်ကြတယ်။ အရူးတစ်ယောက်ကိုယ်မှာ ယမ်းထုပ်တွေ ပတ်ချီပေးပြီး ဈေးထဲ လျှောက်ပြေးနေတုန်း အဝေးထိန်းခလုတ်နှိပ် ဖောက်ခွဲတာမျိုး ဘယ်ခေတ်က ရှိခဲ့ဖူးလို့လဲ။ ခရီးသည်တွေ အပြည့်ပါတဲ့ လေယာဉ်ပျံကြီးတွေကို အပိုင်စီးပြီး လူနေအဆောက်အအုံကြီးကို ဝင်ဆောင့်တာမျိုးလည်း ဘယ်တုန်းက ကြားဖူးလို့လဲ။ မောင်းသူမဲ့ လေယာဉ်ပျံပေါ် ဗုံးတွေတင်ပြီး မူလတန်းကျောင်းကလေးပေါ် ကျကျ၊ ဆေးရုံပေါ်ကျကျ၊ ကျချင်တဲ့နေရာ ကျ။ မကောင်းသူထိပ် ကောင်းသူထိပ်ဆိုပြီး ဗုံးကြဲချတာမျိုးရော ဘယ်အခါက ကြားဖူးလို့လဲ၊ "ရက်စက်မှုအပေါင်း သရဖူဆောင်းတော့သည်" လို့ကို ပြောရတော့မယ့် ခေတ်ကြီးပဲ။

ပညာမတတ် ဘွဲ့ရတွေ တစ်ပုံကြီး
အနုတ်လက္ခဏာတွေများပြီး ဆုတ်ကပ်ကြီး ဖြစ်နေရတဲ့ အဓိကအကြောင်းရင်းကတော့ လူသားတွေ ဥာဏ်ရည်ယုတ်လျော့ ကျဆင်းလာတာပဲ ဖြစ်လိမ့်မယ်လို့ ယူဆတယ်။ နိုင်ငံတိုင်းလိုလိုမှာပဲ စာမေးပွဲအောင်ပြီး ဘွဲ့လက်မှတ်ရဖို့လောက်ကိုသာ ကျောင်းတွေနဲ့ တက္ကသိုလ်တွေက အာရုံစိုက်လုပ်နေကြပြီး ကိုယ်ပိုင်ဉာဏ်နဲ့ ဆင်ခြင်စဉ်းစားနိုင်တဲ့ အသိဉာဏ်ပညာ မြင့်မားဖို့ကို လျစ်လျူရှုထား ခဲ့ကြတယ်။ ရလဒ်က ပညာမတတ်တဲ့ ဘွဲ့ရတွေ တစ်ပုံကြီး ပေါ်ထွက်လာတာပဲ ဖြစ်တယ်။

သူတို့တစ်တွေဟာ သူများရေးထားတဲ့စာတွေ အလွတ်ကျက်ပြီး စာမေးပွဲ အောင်လာကြတာပဲ ရှိတယ်။ လက်တွေ့မှာတော့ ရင်ဆိုင်ကြုံတွေ့ရတဲ့ အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် ဘာတစ်ခုမှ ကိုင်တွယ်ဖြေရှင်းနိုင်ကြတာ မဟုတ်ဘူး။

နိုဘယ်ဆုအများဆုံးရနိုင်ငံ
စီးပွားရေးဆိုင်ရာ နိုဘယ်ဆု အများဆုံးရရှိတဲ့နိုင်ငံဟာ အမေရိကန် ဖြစ်တယ်။ ကမ္ဘာကျော် စီးပွားရေးပါရဂူတွေလည်း အများဆုံးရှိတယ်။ အမေရိကန်သမ္မတရဲ့ အိမ်ဖြူတော်အထူးအဖွဲ့မျိုးစုံမှာ နာမည်ကျော် တက္ကသိုလ်ကြီးတွေက ပါမောက္ခတွေ၊ ပါရဂူတွေ၊ ပညာရှင်တွေ ဒါဇင်ပေါင်းများစွာ ရှိနေကြတယ်။ ဒါပေမယ့် ကမ္ဘာပျက်မတတ် တုန်သွားခဲ့ရတဲ့ စီးပွားပျက်ကပ်ကြီးကိုတော့ တားဆီးကာကွယ်ဖို့ မပြောနဲ့ ကြိုတင်ခန့်မှန်း တွက်ချက်နိုင်သူတောင် တစ်ယောက်မှ မရှိခဲ့ဘူး။ ကမ္ဘာပေါ်က ဆင်းရဲမွဲတေမှု ပပျောက်ရေးဆိုပြီး စီမံကိန်းတွေ စီမံချက်တွေ ရာထောင်ချီ ရေးဆွဲခဲ့ကြတယ်။ နှစ်စဉ်နှစ်စဉ် ငွေတွေ ဘီလျံပေါင်းများစွာ သုံးစွဲဆောင်ရွက်ခဲ့ကြတာလည်း နှစ်ပေါင်းခြောက်ဆယ် ကျော်ခဲ့ပြီ။ ကမ္ဘာကြီးမပြောနဲ့ အမေရိကန်နိုင်ငံမှာတောင် ဆင်းရဲမွဲတေသူ ပပျောက်ပြီး အလုပ်လက်မဲ့ ထောက်ပံ့ကြေးပေးနေရတာ ပပျောက်အောင် မလုပ်နိုင်ဘူး။

ဆင်စွယ်ရဲတိုက်ကြီးတွေထဲက
နိုဘယ်ဆုရ ပုဂ္ဂိုလ်ကြီးတွေက ဆင်စွယ်ရဲတိုက်ကြီးတွေထဲက စာအုပ်ကြီးတွေဖတ်ပြီး သဘောတရားတွေ ထုတ်ယူနေကြတာပဲ။ လူတွေရဲ့အကြောင်း၊ လူတွေရဲ့ဘ၀ကို မှန်မှန်ကန်ကန်သိတာမှ မဟုတ်တာ။ နောက်ပြီး အမေရိကန်နိုင်ငံကို အခြေပြုဗဟိုထားပြီး စဉ်းစားတွက်ချက်ထားတဲ့ သဘောတရားတွေနဲ့ စီမံကိန်းတွေဟာ အာဖရိကမှာ၊ အာရှမှာ တကယ်အသုံးဝင်ပါ့မလား။ အာဖရိကတိုက်ကို “အမည်းရောင်တိုက်ကြီး” ဆိုတဲ့ ပုံရိပ်က လွတ်မြောက်အောင် လုပ်ဆောင်မယ်ဆိုပြီး ကုလသမဂ္ဂအဖွဲ့ကြီး စတင်ဖွဲ့စည်းပြီးကတည်းက လုပ်ဆောင်လာခဲ့တာ။ အခုထိ ဘာမှထူးမလာပါဘူး။ ကမ္ဘာ့ဆင်းရဲမွဲတေသူ အများဆုံး၊ ရောဂါဘယ အထူပြောဆုံး၊ စစ်မက်ဘေး အကြီးမားဆုံး တိုက်ကြီးအဖြစ် ရှိနေဆဲပါပဲ။

တော်လည်းတော်၊ ကျော်လည်းကျော်မှ
အိမ်ဖြူတော်က စီးပွားရေးပညာရှင်ကြီး မတတ်ဘူး၊ မတော်ဘူးလို့ ပြောတာ မဟုတ်ပါဘူး။ သိပ်တော်သိပ်တတ်လို့ ပါရဂူဘွဲ့တွေရ ပါမောက္ခကြီးတွေဖြစ်ပြီး နိုဘယ်ဆုတောင် ရခဲ့ကြတာပေါ့။ အိမ်ဖြူတော်က ခေါ်ယူအသုံးပြုတာ ခံရဖို့ဆိုတာ လွယ်တာမှတ်လို့။ တော်လည်းတော်၊ ကျော်လည်းကျော်မှ ဖြစ်တာ။ သူတို့ စာတော်တာ၊ စာတတ်တာ ဘာမှ အငြင်းပွားစရာ မရှိပါဘူး။ ဒါပေမယ့် အငတ်ဘေးပြဿနာကြီးကို သူတို့ ကိုင်တွယ်ဖြေရှင်းနိုင်မယ်ဆိုတဲ့ အချက်အပေါ်မှာတော့ သံသယဖြစ်မိတာ အမှန်ပါပဲ။ နှစ်ပေါင်းခြောက်ဆယ်ကျော်အောင် သူတို့ရဲ့ ဆရာအဆက်ဆက် မဖြေရှင်းနိုင်ခဲ့တာကို သူတို့တွေ ဖြေရှင်းနိုင်ဖို့ဆိုတာ တော်တော်မလွယ်တဲ့ ကိစ္စပါ။ ကမ္ဘာတစ်ခွင်လုံးမှာ ကျင့်သုံးနေကြတဲ့ ပညာရေးစနစ်နဲ့ ကျောင်းတွေ၊ တက္ကသိုလ်တွေကို အခြေခံကစပြီး ပြုပြင်ပြောင်းလဲမှု မပြုသမျှ ကာလပတ်လုံး ကမ္ဘာပေါ်က ဒုဗ္ဗိခန္ဓရကပ်၊ သတ္တန္တရကပ်၊ ရောဂန္တရကပ်ဆိုတဲ့ ကပ်ကြီးသုံးပါးကို ဖယ်ရှားရှင်းလင်းပစ်နိုင်တဲ့ ပညာရှင်မျိုးတွေ ပေါ်ထွက်မလာနိုင်ဘူးလို့ပဲ ကောက်ချက်ချလိုက်ချင်ပါတယ်။

2 comments:

  1. Anonymous3:15 PM

    အင်း။ တော်တော်မကောင်းမြင်တဲ့ articleပဲ။ International University တွေမှာ သင်ရိုးထက် ပိုပြီးဘာတွေ ပိုလေ့လာရတယ်။ Project(Assignment)လေးတခုပြီးဖို့ ကျောင်းသားတွေ ဘယ်လိုအပင်ပန်းခံရတယ်ဆိုတာ တကယ်လုပ်ဖူးတဲ့လူဘဲ နားလည်နိုင်မှာပါ။

    ReplyDelete
  2. Anonymous8:43 PM

    ဘယ်လို အခြေအနေ ဘယ်လို အချိန်မျိုးမှာပဲ ဖြစ်ဖြစ် ကပ် ဆိုတဲ့ လောကဓံကို ဘယ်သူ မှ ကြံကြံမခံနိုင်တာ ဆရာ့ ဆရာ့ကြီးက မသိသေးဘူးနဲ့တူတယ်။ တရားလေးဘာလေးတော့ နည်းနည်းပါးပါး သိသင့်တယ်ထင်တာပ။ အသက်တွေလည်း ကြီးနေပြီကို တရားက မရသေးဘူး။

    ReplyDelete

 
Web Statistics