လူ့သိက္ခာတန်ဖိုးနှင့် လူသားဝါဒတို့၏ အနှစ်သာရစစ်စစ် ဆိုသည်မှာ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ငြိမ်းချမ်းသာယာခြင်း၊ တန်းတူရည်တူ အခွင့်အရေးရှိခြင်း စသည့် လောကပါလ တရားများအား လူသားမှန်သမျှ သက်ဆိုင်ခွင့်၊ ခံစားခွင့်ကို ခြွင်းချက်မရှိ လက်ခံနားလည်ခြင်းဟု အဓိပ္ပါယ် ဖွင့်နိုင်ပါသည်။
ကမ္ဘာပေါ်တွင် ဖြစ်ပွားခဲ့သော ပြဿနာအကျပ်အတည်းများ အားလုံးသာမက သက်ဆိုင်ရာနိုင်ငံများရှိ ပြည်တွင်းရေးပြဿနာ အခက်အခဲများ အားလုံးကိုကြည့်လျှင် ကိုယ်ကျိုးအတ္တကို အရင်းတည်နေသည်ကို တွေ့ရမည်ဖြစ်ပါသည်။ မိမိတို့ အမျိုးသားအကျိုးစီးပွား သက်သက်ဘက်မှ ကြည့်ကြသူများ ဖြစ်နေသောကြောင့် မိမိအကျိုးစီးပွားကာကွယ်ရန်၊ မိမိအကျိုးစီးပွား ချဲ့ထွင်ရန်၊ မိမိအကျိုးစီးပွားအတွက် လက်တုံ့ပြန်ရန် ပဋိပက္ခနှင့် စစ်ပွဲများ ဖြစ်ပွားနေကြခြင်းသာ ဖြစ်ပါသည်။ ပြဿနာဖြစ်ပွားနေသော နှစ်နိုင်ငံနှစ်ဖက်အကြား သမာသမတ်ရှိရှိ ကြားဝင်စေ့စပ်ပေးမည် ဆိုပါက နိုင်ငံနှစ်ခု၊ ဘက်နှစ်ဖက်စလုံး၏ အကျိုးစီးပွားကို ရှေးရှုလိုလားသော စိတ်ရှိမှသာ ဓမ္မဓိဋ္ဌာန်ကျကျ ရှုမြင်သုံးသပ်နိုင်ပြီး မျှတသော ဆုံးဖြတ်ချက် ကောက်ချက်ချမှု၊ စေ့စပ်ညှိနှိုင်းမှုတို့ ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ သို့သော် တစ်ဖက်ဘက်က အခွင့်အရေး ပိုယူလိုသော၊ အနိုင်ယူလိုသော စိတ်ဆန္ဒရှိနေလျှင်မူ အောင်မြင်မှုမရဘဲ နှစ်ဖက်စလုံး ထိခိုက်နစ်နာခဲ့သော သာဓကများလည်း ရှိခဲ့ပါသည်။ (ဥပမာ - ဗီယက်နမ်စစ်ပွဲ)
ယနေ့မြန်မာ့နိုင်ငံရေးတွင်လည်း သမိုင်းကြောင်းနှင့်ချီ၍ နားလည်မှု လွဲလာခဲ့သော အဖွဲ့အစည်းများအကြား နားလည်မှုရ၊ ပြေလည်သွားစေရန် တစ်နည်းအားဖြင့် အမျိုးသားစည်းလုံးညီညွတ်ရေး ရရှိစေရန် ကြားဝင်စေ့စပ်ပေးသည့်နေရာတွင် ရှိသူများသာမက နိုင်ငံအကျိုးလိုလားသူ Stakeholder အားလုံး၏ အခန်းကဏ္ဍမှာ များစွာ အရေးကြီးလှပါသည်။ သီအိုရီသဘောအရ သူနိုင်-ကိုယ်နိုင် Win-Win ရလဒ်များ ထွက်ပေါ်လာစေရန် စေ့စပ်ညှိနှိုင်းသူရော အညှိနှိုင်းခံ ဘက်နှစ်ဖက်တို့ပါ ဦးသန့် ခံယူကျင့်သုံးခဲ့သော "လူ့သိက္ခာတန်ဖိုးနှင့် လူသားဝါဒတို့၏ အနှစ်သာရစစ်စစ်" သဘောတရားကို အခြေခံပါက မပြေလည်နိုင်စရာ အကြောင်းမရှိဟု ဆိုချင်ပါသည်။
ထိုသဘောတရားနှင့် ဆန့်ကျင်ဘက်သဘောထားမျိုး တစ်နည်းအားဖြင့် အပေါ်စီးရယူလိုသောစိတ်မျိုး တစ်ဖက်ဘက် သို့မဟုတ် နှစ်ဖက်စလုံးတွင် ရှိနေပါက ပြေလည်မှု ရခဲ့သည်ရှိသော် ယာယီသဘောမျှသာဖြစ်ပြီး နောင်တွင် နားလည်မှုလွဲ၍ ပြဿနာအခက်အခဲများစွာနှင့် ရင်ဆိုင်ရနိုင်ပါကြောင်း အထူးသတိပေးလိုရင်း ဖြစ်ပါသည်။
အယ်ဒီတာ (၆-၉-၂၀၁၀)
No comments:
Post a Comment