Wednesday, September 22, 2010

ဖူးချိန်တန်ဖူး ပွင့်ချိန်တန်ပွင့် ဉာဏ်တံခါးဖွင့် - ဦးသန်းထွတ် (ပါမောက္ခ-ငြိမ်း)


()
ကျွန်တော်ငယ်စဉ် ပညာသင်ရွယ်တွင် ကျွန်တော့်မိခင် ၀ယ်လေ့ရှိသော တို့စရာကို သတိရမိပါသည်။ တို့စရာအမည်မှာ ညံပွင့်ချဉ် ဖြစ်ပါသည်။ ခဏခဏ ၀ယ်လွန်း၍ ကျွန်တော်က "အစ်မကလည်းဗျာ၊ နေ့တိုင်း ညံပွင့်ချဉ်ချည်း ၀ယ်နေတာပဲ" ဟု ပြောမိပါသည်။ ကျွန်တော်တို့ အောက်အရပ်သားများက မိခင်ကို အစ်မဟူ၍ ခေါ်လေ့ရှိပါသည်။ ကျွန်တော့်မိခင် ပြန်ဖြေလိုက်ပုံကို ယနေ့တိုင် ကြားယောင်လျက် ရှိပါသေးသည်။

"ဒါမှ သား ဉာဏ်ပွင့်ပြီး ဉာဏ်ကောင်းမှာပေါ့"

ကျွန်တော်သည် ဉာဏ်ကောင်းချင်သည်မှာ အမှန်ဖြစ်ပါသည်။ ညံပွင့်ချဉ်ကိုလည်း အားရပါးရ တို့၍တို့၍ စားခဲ့မိပုံများကို တွေးမိ၍ ပြုံးမိပါသေးသည်။

()
ယခု ဆောင်းပါးရေးလိုစိတ် ပေါ်ရသည်မှာ ဆရာတက်တိုး၏ "သူတို့ အတွေးအခေါ် မှတ်စုများ" စာအုပ်ပါ "ကျောင်းမှာ ကျရှုံးသူများ" (School Failures) အကြောင်းကို ဖတ်မိသောကြောင့် ဖြစ်ပါသည်။

"အလွန်ဉာဏ်ထိုင်း၍ မျှော်လင့်ချက် မရှိတော့ဟု မှတ်ယူရသော ကလေးတစ်ယောက်ကို သွန်သင်၍ မရနိုင်လျှင် စိတ်မပျက်ပါနှင့်။ သည်းခံပြီး ဆက်ကြိုးစားပါ။ ဗြိတိသျှကလေးရောဂါကု ဆရာဝန်ကြီး ရော်နယ်အစ်လင်းဝပ် ပြုစုထားသော ကျောင်းမှာကျရှုံးသူများ စာရင်းကို ဖတ်ရှုသုံးသပ်ပါ"

ကျောင်းမှာ ကျရှုံးသူများစာရင်းကို ဖတ်ကြည့်မိပါသည်။ စိတ်ဝင်စားဖွယ် အလွန်ကောင်းလှသည်။

()
ကျောင်းမှာ စာလုံးပေါင်းသတ်ပုံ အလွန်ညံ့ဖျင်းသူနှစ်ဦးဟု သတ်မှတ်ခံရသူများမှာ အိုင်ယာလန်နိုင်ငံသား ကဗျာဆရာကြီး ယိတ်စ (William Butter Yeasts) ဟူ၍ နောင်အခါ ကျော်ကြားလှသော စာဆိုတော်ကြီးတစ်ဦးနှင့် အိုင်ယာလန်နိုင်ငံသား ပြဇာတ်ဆရာကြီး ဖြစ်လာမည့် ကမ္ဘာကျော်ပုဂ္ဂိုလ် ဘားနတ်ရှော (George Bernard Shaw, 1856-1950) တို့ ဖြစ်ပါသည်။

()
ကျောင်းတွင် သင်္ချာဘာသာရပ်၌ အလွန်ညံ့ဖျင်းသူများဟူ၍ သတ်မှတ်ခံရသော တပည့်လေးဦးသည် နောင်အခါ အမေရိကန် နိုင်ငံရေးခေါင်းဆောင်၊ ပညာရှိကြီး ဘင်ဂျမင်ဖရင်ကလင် (Benjamin Franklin, 1706-1790) ဖြစ်လာသည်။ ပြင်သစ်ပန်းချီဆရာကြီး ပက်ဗလိုပီကာဆို (Pablo Picasso, 1881-1970) ဖြစ်လာသည်။ သြစတြီးယားနိုင်ငံသား စိတ်ပညာဆရာကြီး အဲလ်ဖရက်အက်ဒလား (Alfred Adler, 1870-1937) ဖြစ်လာသည်။ ဆွစ်လာလန်နိုင်ငံသား စိတ်ပညာဆရာကြီး ကားလ်ဂုစတပ်ဗ်ယွန်းဂ် (Carl Gustav Jung, 1870-1950) ဖြစ်လာသည်။

()
ပညာဉာဏ် ညံ့ဖျင်းလှ၍ သင်မရနိုင်တော့ဟု ဆုံးဖြတ်ကာ ကျောင်းထုတ်ခံရသူ သုံးဦးမှာ ဂျာမန်သိပ္ပံပညာရှင်ကြီး အဲလ်ဘတ်အိုင်းစတိုင်း (Albert Einstin, 1879-1955)၊ အမေရိကန် စာရေးဆရာကြီး အဂ္ဂါးအယ်လင်ပိုး (Edgar Allan Poe, 1807-1849)၊ ဗြိတိသျှကဗျာဆရာကြီး ရှယ်လီ (Persey Byashe Shelley, 1792-1822) တို့ ဖြစ်သည်။

()
စာသင်ခန်းထဲတွင် ဘယ်အခါ စစ်ဆေးစစ်ဆေး ဉာဏ်ရည်အဆင့်မှာ ဘိတ်ဆုံး (Bottom of Class) ဖြစ်သူ တစ်ဦးမှာ နောင်အခါ အမေရိကန် တီထွင်မှုပါရဂူကြီး သောမတ်စ်အဲလ်ဗားအက်ဒီဆင် (Thomas Alva Edison, 1847-1931) ဖြစ်လာသည်။

()
အတန်းထဲတွင် ဉာဏ်လေးသူ (Mentally Slow) အဖြစ် ဆရာ၏ သတ်မှတ်ခြင်းခံရသူ ကျောင်းသားကလေးမှာ နောင်အခါ သိပ္ပံပညာကျော် အိုင်းစတိုင်း ဟူ၍ ထင်ပေါ်ကျော်ကြားသူ ပုဂ္ဂိုလ်ကြီး ဖြစ်လာသည်။

()
အတန်းထဲတွင် စိတ်ကူးယဉ်သမား (Dreamer) ဟူ၍ ဆရာ၏ သတ်မှတ်ချက်ကို ခံယူခဲ့ရသော ကျောင်းသားကလေးမှာ နောင်သောအခါ ပြင်သစ် ပန်းချီဆရာကြီး ပေါလ်ဂေါကင်း (Paul Gaugin, 1849-1903) ဖြစ်လာသည်။

()
ကျောင်းစာသင်ခန်းတွင် ထုံထိုင်း၍ သုံးမရသူ (Dull and Imept:) ဟူ၍ ဆရာ၏ သတ်မှတ်မှုကိုခံရသော ကလေးသည် နောင်အခါ ရေနွေးငွေ့စက်ကို တီထွင်သူ ဗြိတိသျှအင်ဂျင်နီယာ ဂျိမ်းစ်ဝပ်တ် (James Watt, 1736-1819) ဖြစ်လာကာ ကမ္ဘာ့လူသားတို့အတွက် အသုံးအကျဆုံးသော ပုဂ္ဂိုလ်ကြီး ဖြစ်လာခဲ့ပေသည်။

ထိုစာတို့သည် Learning, The Magazine For Creative Teaching တီထွင်ဖန်တီးမှုဆိုင်ရာ သင်ကြားမှုမဂ္ဂဇင်းမှ ကောက်နုတ်ချက် ဖြစ်ပါသည်။ ထိုကောက်နုတ်ချက်ကို ဖတ်မိရာက ကျွန်တော်သည် ကျွန်တော့်မိခင် ငယ်စဉ်က ဉာဏ်ကောင်းအောင် ကျွေးခဲ့ဖူးသော ညံပွင့်ချဉ်ကို ပြေး၍ သတိရမိပါသည်။ တဆက်တည်းမှာပင် ဆိုကရေးတီးပြိုင်ပွဲတွင် ပထမဆုရသော မင်းသားလေး မောင်ပေါက်မဲကိုလည်းကောင်း၊ ဆိုင်းဆရာကြီး စိန်မျက်ပြူးတို့ အဖွဲ့ကိုလည်းကောင်း သတိရမိပါတော့သည်။

ကုမုဒြာပန်းသည် လရောင်ဆမ်းမှ ပွင့်ပါသည်။ ပိတောက်ပန်းသည် တန်ခူးလှမှာမှ ပွင့်ပါသည်။ စကားဝါပန်းသည် ကဆုန်လတွင် လှိုင်လှိုင်ပွင့်ပါသည်။ ၀ါခေါင်လတွင် ခတ္တာပန်း၊ တော်သလင်းလတွင် ယင်းမာပန်း၊ အင်ကြင်းပန်း၊ တန်ဆောင်မုန်းလတွင် ခ၀ဲပန်း၊ သဇင်ပန်းမှာ နတ်တော်လတွင် ပွင့်သည်။ ပြာသိုလတွင် ခွာညိုပန်း၊ တပို့တွဲတွင် ပေါက်ပန်း၊ လက်ပံပွင့်၊ တပေါင်းလမှာတော့ သရဖီပန်းပွင့်သည်။ သူ့ရာသီနှင့်သူ ဖူးကြ၊ ပွင့်ကြ၊ လောကကို အလှဆင်ကြသလို ဉာဏ်တံခါးကိုဖွင့်၊ ဉာဏ်ပန်းကို ပွင့်နိုင်ကြပါစေ။

No comments:

Post a Comment

 
Web Statistics