Monday, September 27, 2010

ကိုဉာဏ် မှတ်စုများ [၂၆ ၊ စက်တင်ဘာလ၊ ၂၀၁၀]


မှတ်စု (၁)
ခေါင်းစဉ် - ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း (NDF) ပါတီနှင့် တွေ့ဆုံခြင်း
မေးမြန်းသူ - မင်းကံလှ
နေရာ - TRUE NEWS (သစ္စာ)ဂျာနယ်၊ အတွဲ-၃၊ အမှတ်-၄၊ ၂၁ စက်တင်ဘာ ၂၀၁၀၊ စာမျက်နှာ-၂၁၊ ၂၂

……….
(အမှန်အတိုင်းပြောရရင် နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံခန်းတွေကို မဖတ်ဖြစ်တာ များပါတယ်။ ပါတီခေါင်းဆောင်တွေ၊ ကိုယ်စားလှယ်လောင်းတွေဟာ ဒါလိုပဲ ဖြေတတ်၊ ပြောတတ်ကြသလားလို့ မေးရလောက်အောင် အဖြေတွေ၊ အပြောတွေက တူနေတတ်ကြလွန်းလို့ပါ။ ဆိုင်တယ်ထင်တဲ့ ဥပမာတစ်ခု ပေးရမယ်ဆိုရင်တော့ ရုပ်ရှင်မင်းသမီးငယ်လေးတွေ၊ မင်းသားငယ်လေးတွေကို အင်တာဗျူးတဲ့အခါ ချစ်သူမရှိသေးပါဘူးလို့ အားလုံးနီးနီးက တစ်ပုံစံတည်း ဖြေကြပုံမျိုးပါပဲ။ ဒါပေမယ့် အခုနောက်ပိုင်းတော့ အဲဒီလို အင်တာဗျူးတွေကို ဂရုတစိုက် ဖတ်ဖြစ်တတ်ပါတယ်။ ဘယ်သူက ဘယ်လိုပြောခဲ့သလဲဆိုတာ နောင်တစ်ချိန်မှာ အသုံးဝင်လာမယ်လို့ ထင်လို့ပါ။ တော်တော်ကြာ နောင်ကျတော့မှ ဘယ်တုန်းက ပြောခဲ့တယ်လေဆိုရင် ပြန်ရှာပြီး ဖတ်နေရမှာစိုးတဲ့အတွက် အခုကတည်းက အချိန်ပေးပြီးတော့ကို သေသေချာချာ ဖတ်ဖြစ်နေပါတယ်။ သဘောကျတာတွေလည်းရှိ၊ သဘောမကျတာတွေလည်း ရှိပေါ့ဗျာ။ ပြီးခဲ့တဲ့အပတ်ထုတ် သစ္စာဂျာနယ်မှာ ဖတ်ရတဲ့ အင်တာဗျူးထဲက ကောက်နုတ်ချက်လေးတွေကို ဖတ်ကြည့်ဖို့ ဝေငှပါရစေဦး။

NLD ခွဲထွက်လို့ အများသိကြတဲ့ NDF က ခေါင်းဆောင်တစ်ဦးရဲ့ ပြောကြားချက်လေးနဲ့ ဖွင့်ပါရစေ။ တွေးစရာကောင်းလွန်းလို့ ခဏခဏ ဖတ်ကြည့်မိ၊ တွေးကြည့်နေမိပါတယ်။ အဟောင်းတွေကို ဖက်တွယ်ထားဆဲ လူတွေကတော့ ဒါကို ဖတ်ပြီးရင် ကြိုက်ကြမယ် မထင်ဘူး။ ဖတ်ကြည့်ပါဦး။)

"ကျွန်တော်တို့ နိုင်ငံရေးတာဝန် မကျေတာတွေကို ပေးဆပ်ဖို့အတွက် ဒီပါတီကို ထောင်ပြီးတော့ ဒီမိုကရေစီ တံခါးပေါက်ကို ဖွင့်တာပါ။ ဘယ်လောက် ဖွင့်နိုင်မယ်၊ မဖွင့်နိုင်ဘူးဆိုတာ ပြည်သူပေါ်မှာလည်း မူတည်တယ်" တဲ့။ (ကဲ… ဘယ်လောက်များ စဉ်းစားစရာ ကောင်းလိုက်သလဲ။)

(အောက်က ကောက်နုတ်ချက်တွေကိုတော့ ကျွန်တော့်အမြင်တွေ ထည့်ရေးမနေတော့ပါဘူးဗျာ။ ဒီအတိုင်းပဲ တင်ပြလိုက်ပါတယ်။ ဖတ်ကြည့်ကြပါဦး။)

ပြည်သူ့လွှတ်တော်မှာ ၀င်ပြိုင်ဖို့က ၃၃၀ ပဲ ရှိပါတယ်။ သူတို့မှာ တစ်ထောင်ပဲရှိရှိ၊ နှစ်ထောင်ပဲရှိရှိ ပြည်သူ့လွှတ်တော်မှာ ၃၃၀ ပဲ ပြိုင်ရမှာပါ။ ကျွန်တော်တို့လည်း ပြည်သူ့လွှတ်တော်မှာ တစ်ရာကျော်ရှိတယ်။ ဦးအိုက်ပေါင်းပါတီက ၅၇ ယောက်လောက် ရှိတယ်။ ဦးသုဝေပါတီက ၃၀ လောက် ရှိတယ်။ ဒီ့ပြင် ဒီမိုကရက်တစ်ပါတီတွေနဲ့ ပေါင်းလိုက်ရင် ၃၀၀ ကျော်လောက် ရှိတယ်။ သုံးရာချင်းပြိုင်တာက သိပ်မဆန်းပါဘူး။ လွှတ်တော်ထဲမှာ ပြည်သူကသာ တကယ်လို့ တကယ်တမ်းဒီမိုကရေစီပေးနိုင်မယ့် လူတွေကိုပဲ ရွေးချယ်ချင်လို့ရှိရင် ပြည်သူဟာ အမှန်အကန် ရွေးတယ်ပေါ့ဗျာ။ ပြည်သူဟာ ပိုက်ဆံနောက်လိုက်ပြီးတော့ ရွေးမယ်ဆိုရင်တော့ ကျွန်တော်တို့လည်း မတတ်နိုင်ဘူးပေါ့။

ဥပဒေပြုအာဏာကို နှစ် နှစ်ဆယ်ကြာမှ ပေးလာတဲ့ နိုင်ငံသားအခွင့်အရေးကို ယူပြီးတော့ မဲမပေးဘဲနဲ့ ၀င်မပြိုင်ဘဲနဲ့ လွှတ်လိုက်မယ်ဆိုလို့ရှိရင် ခင်ဗျားတို့ပဲ အုပ်ချုပ်ပါတော့လို့ ပေးလိုက်သလို ဖြစ်သွားမှာပေါ့။ အဲဒီအခါမှာ ဘယ်သူနစ်နာမလဲ၊ ပြည်သူပဲ နစ်နာမှာပေါ့။ ထဲထဲဝင်ဝင် ပြောနိုင်တာကတော့ ကျွန်တော်တို့ပါတီရဲ့ အဓိက သဘောထားကတော့ အခြေခံဥပဒေကို ပြင်ဖို့ပါပဲ။ နှစ်ဆယ်ရာခိုင်နှုန်းသော အမတ်များက တောင်းဆိုလို့ရှိရင် အခြေခံဥပဒေပြင်ရေးကို ဆွေးနွေးလို့ရပြီ။ ဘယ်လိုအခြေအနေ လုပ်မယ်ဆိုတာ လွှတ်တော်ထဲမှာ အချေအတင် ဆွေးနွေးဆုံးဖြတ်လို့ရပြီ။

ဥပဒေပြုအာဏာကို ကျွန်တော်တို့ ကိုင်တွယ်နိုင်ပြီ ဆိုလို့ရှိရင် ဒါတွေအားလုံးကို ဖြေရှင်းသွားလို့ရတာပေါ့။ အဲဒီအခါကျမှ Anti Trust Law (လက်ဝါးကြီးအုပ်မှု ဆန့်ကျင်ရေးဥပဒေတွေ) လုပ်လို့ရမယ်။ ဂက်စ်ကရတဲ့ ၀င်ငွေတွေနဲ့ ကျွန်တော်တို့က တစ်နှစ်ဆိုလို့ရှိရင် run လုပ်လို့ရပြီ။ အပြင်ထုတ်မရောင်းလို့ရှိရင် ပြည်တွင်းမှာ အလုံအလောက်ရပြီ။ ရေကတော့ မိုးပေါ့။ ဒါတွေက ဥပဒေပြုအာဏာသာ ပိုင်စိုးပြီဆိုရင် မမှန်ကန်တဲ့ မတရားတဲ့ဟာတွေကို ဖယ်ရှားနိုင်မှာပါ။

ကျွန်တော်တို့က ဥပဒေတစ်ခုအောက်မှာ လုပ်နေရတာဆိုတော့ ဒါကို တွန်းလှန်ဖို့ လွှတ်တော်ထဲ သွားချင်တာကိုး။ အခက်အခဲတွေ ကျော်ချင်လို့ လွှတ်တော်ထဲသွားတာကိုး။ ကျွန်တော်တို့ရဲ့ အခွင့်အရေးတွေ လိုချင်လို့ လွှတ်တော်ထဲသွားတာကိုး။

လမ်းမမှာ အော်လို့ရှိရင် မရနိုင်ပါဘူး။ စိတ်ဓာတ်ကို လျှော့ချလို့မရဘူးလေ။ အနှစ် နှစ်ဆယ်လုံးလုံး ကျွန်တော်တို့ အားပြိုင်နိုင်ငံရေး၊ ထိပ်တိုက်ရင်ဆိုင်ရေး လုပ်ခဲ့ပြီးပြီ။ ရွာ မတွေ့ခဲ့ပါဘူး။ ဒါပေမယ့် အချိန်တန်ရင် ရွာ တွေ့လာမှာပါ။
(အခုမရှိတော့တဲ့ တစ်ချိန်က အထင်ကရ နိုင်ငံရေးပါတီကြီးတစ်ခုမှာ ကာလအတန်ကြာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်လုပ်ကိုင် ဆောင်ရွက်ခဲ့ကြသူတွေရဲ့ စကားသံတွေပါ။)

ဒီမိုကရေစီနိုင်ငံတစ်ခုကို သွားမယ်ဆိုလို့ရှိရင် တရားဝင်တဲ့ နိုင်ငံရေးပါတီတစ်ခု ရှိကိုရှိနေရမယ်။ ဒီပါတီဟာ ချက်ချင်းလုပ်နိုင်တာ မလုပ်နိုင်တာ အပထား။ ဒီပလက်ဖောင်းတစ်ခုကတော့ ရှိကိုရှိသင့်တယ်။ ဘာကြောင့်လဲ၊ နိုင်ငံရေးဆိုတာ အမြဲတမ်း တသမတ်တည်း မဟုတ်ဘူး။ အခုဖြစ်နေတဲ့ အခြေအနေဟာ အမြဲတမ်းရှိနေမှာ မဟုတ်ဘူး။ လူသော်လည်းကောင်း၊ မူသော်လည်းကောင်း၊ အခြေအနေသော်လည်းကောင်း အပြောင်းအလဲဆိုတာ ရှိလာမှာပဲ။ ကျွန်တော်တို့ ခေါင်းထဲမှာ ရှိနေတာတွေလည်း ပြောင်းလဲလာမှာပဲ။

ဒီမိုကရေစီရဲ့ အကျိုးကျေးဇူးကိုတော့ ခံစားချင်ကြတယ်။ သွားရည်ကျကြတယ်။ သို့သော် ဒီမိုကရေစီသွားမယ့် လမ်းကြောင်းမှာ ၀ိုင်းပြီးတော့ ဒီမိုကရေစီလမ်းကြောင်းကို ရောက်အောင်လုပ်မယ် ဆိုတဲ့အခါကျတော့ အမျိုးမျိုးဖြစ်လာရော။ ရွေးကောက်ပွဲဆိုတာဟာ ဘာပဲဖြစ်ဖြစ် ကောင်းသည်ဖြစ်စေ၊ လောလောဆယ်မှာ မကောင်းသည်ဖြစ်စေ၊ ပြည့်စုံသည်ဖြစ်စေ၊ မပြည့်စုံသည်ဖြစ်စေ ဒါဟာ ဒီမိုကရေစီရဲ့ လက္ခဏာတစ်ခုပဲ။ ဒီမိုကရေစီသွားမယ့် လမ်းကြောင်းမှာ ရွေးကောက်ပွဲမပါဘဲနဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အခု မကောင်းရင်လည်း နောက်တစ်ခါ ဒီထက်ကောင်းအောင် လုပ်မယ်။ အခုတစ်ခါလည်း ငါတို့ အတတ်နိုင်ဆုံး ကောင်းအောင်လုပ်ရမယ်။ မရလည်း နောက်တစ်ခါ ဒီထက်ကောင်းအောင် လုပ်မယ်။ ဒီလိုပဲ သွားကြမယ်ဆိုတဲ့ ဇွဲနဲ့ ရည်မှန်းချက် မရှိဘဲနဲ့တော့ ရောက်မှာမဟုတ်ဘူး။

ကိုယ့်ဘေးနိုင်ငံတွေကိုကြည့်၊ အာဏာရှင်တွေ လက်အောက်ကနေပြီးတော့ ဘယ်လိုရုန်းထွက်ခဲ့ကြသလဲ။ ဗြုန်းကနဲ နတ်ရေကန်ထဲ ကျသွားသလိုတော့ မဖြစ်ပါဘူး။ အဲဒီလို အမြင်မရှိဘဲနဲ့ နိုင်ငံရေးမလုပ်ပါဘူး။

(အပေါ်မှာဖော်ပြခဲ့တာတွေက တွေ့ဆုံမေးမြန်းခန်းမှာ ဖြေကြားတာတွေထဲက ကောက်နုတ်ထားချက်တွေပါ။ စာမျက်နှာ ၂၁ မှာ မပြီးသေးတဲ့အတွက် စာမျက်နှာ ၂၂ ကို ညွှန်းလို့ ဆက်ဖတ်ရပါတယ်။ အဲဒီလို ဖတ်နေရင်းနဲ့ အစပိုင်းမှာတော့ သူ့အဆက်နဲ့သူ ဟုတ်နေတာပါပဲ။ မဟုတ်တာက အောက်ဆုံးနား ရောက်လာတဲ့အခါမှာ ဖတ်ရတဲ့ မေးခွန်းတွေနဲ့ ဖြေထားတာတွေပါပဲ။ NDF က ပုဂ္ဂိုလ်နှစ်ဦးကို မေးမြန်းမှုတွေကို ဖော်ပြနေရာကနေ ဘယ်ကိုဘယ်လို ရောက်သွားမှန်း မသိလောက်အောင် ဆက်စပ်လို့မရ ဖြစ်သွားရပါတယ်။ ဦးခင်မောင်ဆွေ ဖြေဆိုထားတယ်ဆိုတဲ့အောက်မှာ ပါနေတဲ့ စာသားအချို့ကို ဖတ်ကြည့်ပါဦး။)

အန်ကျယ်တို့ပါတီက လူမျိုးရေးကို အခြေခံထားတဲ့ ပါတီ။ သိပ်ပြီးတော့ မူဝါဒဘာညာပြောနေလဲ သိပ်ပြီးတော့ စိတ်မ၀င်စားကြပါဘူး။

(ကဲ… ကျွန်တော့်မှာ ဖတ်နေရင်း ဘယ်လိုဖြစ်သွားရမလဲဆိုတာ စဉ်းစားသာကြည့်ပါတော့ဗျာ။ နောက်တစ်ခုက အပေါ်မှာသေချာဖတ်ရင် သတိထားမိတဲ့လူတွေ ရှိပါလိမ့်မယ်။ အခြားမဟုတ်ပါဘူး။ အန်ကျယ်ဆိုတဲ့ စာလုံးပေါင်းအမှားပါ။ ကိုဉာဏ်က သူများကိုကျတော့ ပြောပြီးတော့ သူကျတော့ စာလုံးပေါင်းတောင် မှန်အောင်မရိုက်ဘူးလို့ အပြစ်တင်မစောစေချင်ပါဘူး။ ဂျာနယ်ထဲမှာ ပါတဲ့အတိုင်း သူတို့က အန်ကျယ်ဆိုတော့ ကျွန်တော်ကလည်း အန်ကျယ်လိုက်ရတာပါ။)

(ဘာမှအဆက်အစပ် မရှိပေမယ့် အဲဒီအောက်မှာ ပါတဲ့အကြောင်းအရာတစ်ခုကလည်း စိတ်ဝင်စားစရာကောင်းသား။ ဖတ်ကြည့်ပါဦးလားဗျ။)

ဖွဲ့စည်းပုံအခြေခံကတော့ အစိုးရက စစ်အစိုးရကိုး။ ဥပမာ - အန်ကယ်က အစိုးရဖြစ်တယ်ဆိုရင်လည်း အန်ကယ့်သဘောပဲ ကြိုက်တာဆွဲမှာပဲ။ သဘာဝကျပါတယ်။ ဒီအပေါ်မှာ ကြည့်ပြီးတော့ ကြိုက်တာ မကြိုက်တာကတော့ ထားလိုက်တော့။ တိုင်းရင်းသားတွေပေါ်မှာက ကောင်းပါတယ်။ တိုင်းရင်းသားရေးရာနဲ့ ပတ်သက်ပြီးတော့ အန်ကယ်သဘောကျပါတယ်။ အကုန်လုံး ဦးစားပေးထားပါတယ်။ အဲဒါကို သိပ်သဘောကျပါတယ်။

(အောက်ဆုံးနားမှာ ဖတ်ရတဲ့ဟာတစ်ခုကိုလည်း ဖတ်ကြည့်ပါဦး-)
"စည်းရုံးရေးလုပ်တဲ့အခါမှာ ပြည်သူတွေက လက်ခံတယ်။ ကျားဖြူကို မဲပေးမယ်နော်၊ မဲပေးမယ်နော် ဆိုတာတွေ ပြောကြတော့ ၀မ်းသာရပါတယ် " တဲ့။

(ကဲ… မမိုက်ပေဘူးလား။ တွေ့ဆုံဆွေးနွေးတာက NDF က ပုဂ္ဂိုလ်နှစ်ဦးကို။ ဟော… ပြောနေလိုက်တာက ကျားဖြူတွေရော၊ လူမျိုးရေးတွေရော။ အပြစ်ရှာသလို ဖြစ်နေတဲ့ ကျွန်တော်ကိုဉာဏ်ပဲ လွန်သလား၊ ပြည်သူတွေက နိုင်ငံရေးကို စိတ်မ၀င်စားကြဘူးလို့ အပြောခံရမှာစိုးလို့ စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာကာမှ တလွဲတွေဖတ်ရအောင်လုပ်တဲ့ ဂျာနယ်ကပဲ လွန်သလားဆိုတာ အခုဘလော့ဂ်ဖတ်သူကပဲ စဉ်းစားကြည့်ပါဗျာ။ ဒီအမှားကတော့ လုံးဝကို မမှားသင့်တဲ့အမှားလို့ ထင်ပါတယ်။ စာလုံးပေါင်းမှားတာ၊ နာမည်လွဲနေတာမျိုးကို နားလည်ပေးလို့ရပါတယ်။ အခုလို ဘာမှမဆိုင်တာတွေ လွဲနေတာကိုတော့ လုံးဝကို မဖြစ်သင့်ဘူးလို့ မြင်မိပါတယ်။ တစ်ခုခုကို ပြောချင်လို့ အကိုးအကားနဲ့ ပြောတဲ့အခါ ပုံနှိပ်မီဒီယာအဖြစ် ထုတ်ဝေထားတဲ့ ဒီဂျာနယ်မှာ ဒီလူတွေက ဒီလိုပြောထားပါတယ်ဆိုပြီး ငြင်းခုန်ကုန်ကြရင် မခက်ပေဘူးလား။ ကျွန်တော်က အတွေးချော်ပြီး အစိုးရိမ်လွန်နေတာလည်း ဖြစ်ကောင်းဖြစ်မှာပါလေ။ သို့ပေသောကြောင့် ကျွန်တော်ဖတ်မိ အပြစ်ရှိသည် လို့ပဲ မှတ်ယူလိုက်ပါတယ်။)

မှတ်စု (၂)
ဆောင်းပါးအမည် - ၉၀ နီး လီကွမ်းယူရဲ့ အာဘော်အချို့
ရေးသူ - မောင်ဝံသ
နေရာ - TRUE NEWS (သစ္စာ) ဂျာနယ်၊ အတွဲ-၃၊ အမှတ်-၄၊ မှန်တာပြောသစ္စာ၊ စာမျက်နှာ-၂၄

…………..
လီဟာ ရုပ်ပိုင်းဆိုင်ရာ အတော်ကျလာပြီဖြစ်ပေမယ့် တတ်နိုင်သလောက် ကျန်းမာရေး လိုက်စားတယ်။ ရေကူးတယ်။ စက်ဘီးစီးတယ်၊ အနှိပ်ခံတယ်၊ အဲဒါတွေထက် သူ့ကိုပိုပြီး ကျန်းမာစေတဲ့ ဆေးကတော့ တစ်နေ့တစ်နေ့ နာရီနဲ့အမျှ အစည်းအဝေးတွေ၊ နှီးနှောဖလှယ်ပွဲတွေ၊ မိန့်ခွန်းပြောရတာတွေကို ဆက်တိုက်လုပ်နေတာပါပဲ။ ပြည်တွင်းမှာရော ပြည်ပမှာပါ လှည့်လည်စည်းဝေးနေတာ ဖြစ်တယ်။

"ကျုပ်သိတယ်၊ ကျုပ်နားလိုက်ရင် တောင်စောင်းက လိမ့်ကျသလို ကျသွားတော့မှာပဲ" လို့ သူကပြောတယ်။ သူဟာ နားနေချိန်ရယ်လို့ မထားဘဲ အလုပ်ကို ဇယ်ဆက်သလို လုပ်နေလို့ ကျန်းမာနေတယ်။

"ကျွန်တော်လုပ်ခဲ့သမျှတွေဟာ အမှန်ချည်းပဲလို့ မပြောချင်ပါဘူး။ ဒါပေမယ့် လုပ်ခဲ့သမျှဟာ ဂုဏ်သိက္ခာအတွက် လုပ်ခဲ့တာတွေပါ" လို့ သူက ပြောတယ်။

တရုတ်စကားပုံတစ်ခုကို လီက ကိုးကားပြီး ပြောတယ်။

"လူတစ်ယောက်ကို သူ့အခေါင်း အဖုံးပိတ်ချိန်အထိ မဆုံးဖြတ်ပါနဲ့၊ အခေါင်းအဖုံးပိတ်ပြီးမှ အကောင်းအဆိုး အကဲဖြတ်ပါ" လို့ ပြောတယ်။

"ကျုပ်ကတော့ အခေါင်းအဖုံး ကျုပ်အပေါ် မပိတ်ခင်အထိ မိုက်မဲတာတွေကို လုပ်ကောင်းလုပ်နေဦးမှာ" ပါတဲ့ဗျာ။

မှတ်စု (၃)
ဆောင်းပါးအမည် - နိုင်ငံခြားကမှာတဲ့ အမေ့ပါးက သနပ်ခါး
ရေးသူ - လူထုစိန်ဝင်း
နေရာ - နေရာ - TRUE NEWS (သစ္စာ) ဂျာနယ်၊ အတွဲ-၃၊ အမှတ်-၄၊ စာမျက်နှာ-၂၄၊ ၂၅

…………
ရန်ကုန်မြို့ကြီးမှာလည်း ဘယ်နေရာကြည့်လိုက်၊ ကြည့်လိုက် ကြေးအိုးဆိုင်တွေ၊ အကင်ဆိုင်တွေနဲ့ ခုနစ်လွှာပေါက်စီဆိုင် ဆိုတာတွေချည်း တွေ့နေရတယ်။ နေရာကောင်းကောင်း သားသားနားနား ဆိုင်ကြီးတွေမှာဆိုရင်တော့ ဟမ်ဘာဂါ၊ ပီဇာ၊ ကြက်ကင်နဲ့ ဘီယာကောင်းကောင်း၊ ၀ိုင်ကောင်းကောင်းတွေ ရတယ်။ အရှေ့တိုင်းစာဆိုရင် ဆူရှီးထမင်းလိပ်၊ ကိုရီးယားကင်ချီနဲ့ ပဲခေါက်ဆွဲ၊ ယိုးဒယားကြက်ဆီထမင်း နေရာတိုင်းလိုလိုမှာ ရတယ်။ မုန့်ဖက်ထုပ်လို၊ မုန့်ပေါင်းလို၊ မုန့်လင်မယားလို၊ မုန့်စိမ်းပေါင်းလို စားချင်ရင်တော့ လမ်းကြိုလမ်းကြားတွေမှာ မနည်းလိုက်ရှာမှ တွေ့နိုင်တော့တယ်။

ရန်ကုန်မြို့ကြီးမှာ ဘယ်စားသောက်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင်ဝင်ဝင်၊ ဘယ်နိုက်ကလပ်နဲ့ ကာရာအိုကေဆိုင်သွားသွား မြန်မာသံ၊ မြန်မာသီချင်း မကြားရဘူး။ ဘာတွေမှန်းမသိတဲ့ စုပေါင်းစပ်ပေါင်း "ကကတစ် သီချင်း" တွေပဲ ကြားရတယ်။
……………
သင်္ကြန်ပွဲတော်ဆိုရင်လည်း အင်္ဂလန်၊ အမေရိကန်၊ ဂျပန်၊ စင်ကာပူ စတဲ့ နိုင်ငံတွေမှာ တော်တော်ခမ်းခမ်းနားနား စည်စည်ကားကား ကျင်းပကြတယ်။ မြန်မာအကတွေ မြန်မာသီချင်းတွေနဲ့ ဖျော်ဖြေကြတယ်။ မြန်မာအစားအစာတွေနဲ့ တည်ခင်းဧည့်ခံကြတယ်။ တူးပို့တူးပို့ အသံလည်း မြူးမြူးကြွကြွ ပေါ်ထွက်နေတယ်။

မြန်မာ့ယဉ်ကျေးမှု ကမ္ဘာပြန့်
ဒါတွေ စဉ်းစားမိတိုင်း ၀မ်းသာရတယ်။ အားတက်ရတယ်။ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံတွေနဲ့ မြန်မာ့ရိုးရာ အစားအစာတွေဟာ ဘယ်တော့မှ ပျောက်ကွယ်မသွားနိုင်ဘူးဆိုတာ သေချာတယ်။ ရန်ကုန်လို မန္တလေးလို မြို့ကြီးတွေမှာ မှေးမှိန်သွားတောင် နယူးယောက်၊ ၀ါရှင်တန်၊ ဖလော်ရီဒါ၊ အယ်လ်အေနဲ့ ဆန်ဖရန်စစ္စကို၊ လန်ဒန်နဲ့ ပဲရစ်၊ စတော့ဟုမ်းနဲ့ အော်စလို၊ ဆစ်ဒနီနဲ့ မဲလ်ဘုန်း၊ ပါ့သ်နဲ့ ကင်ဘာရာ၊ ဇင်းမယ်နဲ့ မဲဆောက် စတဲ့ မြို့ကြီးတွေမှာ ထွန်းကားစည်ပင်နေကြမှာပဲ။ ဗုဒ္ဓဘာသာဟာ အိန္ဒိယနိုင်ငံမှာ စတင်ခဲ့တာ ဖြစ်ပေမယ့် မျက်မှောက်ခေတ်ကာလမှာ မူရင်း အိန္ဒိယမှာ မှေးမှိန်သွားပြီး ကမ္ဘာ့နေရာအနှံ့မှာ ထွန်းကားစည်ပင်နေတယ် မဟုတ်လား။

……….
မြန်မာ့ယဉ်ကျေးမှုရဲ့ အနာဂတ်ကို တွေးပြီး ကြည်နူးပီတိတွေ ဖြာဝေနေဆဲမှာပဲ ရုတ်တရက် နားထဲကို စူးစူးဝါးဝါး အသံတစ်ခု တိုးဝင်လာတဲ့အတွက် အရသာ ပျက်သွားတယ်။ ဘာသံပါလိမ့်လို့ နားထောင်လိုက်တော့ ကမ္ဘာ့ဖလား ဘောလုံးသီချင်းကို ခိုးကူးထားတဲ့ သီချင်းသံဖြစ်နေမှန်း သိလိုက်ရလို့ ပင့်သက်ချလိုက်မိတယ်။

မှတ်စု (၄)
သတင်းခေါင်းစဉ် - တရုတ်စီးပွားရေး၏ အရွယ်ပမာဏ
ရေးသူ - စိုးအုပ်
နေရာ - TRUE NEWS (သစ္စာ) ဂျာနယ်၊ အတွဲ-၃၊ အမှတ်-၄၊ စာမျက်နှာ-၃၅

………..
စီးပွားရေးလုပ်ငန်းတွေအကြောင်း အစီရင်ခံစာ ရေးသားပြုစုဖို့ဆိုတာ စီမံကိန်း စီးပွားရေးစနစ်ကို ကျင့်သုံးနေချိန်နဲ့ စီးပွားရေးမှာ နယ်ပယ်တွေ နှိုင်းယှဉ်ချက်အရ နည်းပါးနေသေးတဲ့ အချိန်မှာတော့ ပိုမိုလွယ်ကူခဲ့ပါတယ်။

အခုအချိန်မှာ တရုတ်စီးပွားရေးဟာ အဲဒီလို မဟုတ်တော့ပါဘူး။ ပိုပြီး ပွင့်လင်းလွတ်လပ်၊ ပိုပြီး အရင်းရှင်ဆန်တဲ့ စီးပွားရေး ဖြစ်လာခဲ့ပါပြီ။ ဘယ်သူမဆို ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခု ထူထောင်နိုင်ပြီး စီးပွားရေးလုပ်ငန်း တစ်ခုလုံးဟာလည်း အချိန်တိုအတွင်းမှာ ဖွံ့ဖြိုးတိုးတက်သွားနိုင်ပါတယ်။ အဲဒီအခြေအနေက စီးပွားရေးကို ခြေရာကောက်ရာမှာ အစိုးရကို အခက်အခဲ တွေ့စေပါတယ်။ "ဥပမာတစ်ခု ပြောရရင် တစ်နိုင်ငံလုံး စီးပွားရေး စန်းပွင့်နေချိန်မှာ ရှင်က စားသောက်ဆိုင်တစ်ခု ဖွင့်လိုက်တယ်ဆိုပါစို့။ ဘယ်သူကမှ ရှင့်ဆီလာပြီး ရှင့်လုပ်ငန်း အခြေအနေအကြောင်း သတင်းပို့ဖို့ ပြောမှာ မဟုတ်ဘူး။ ဒါပေမယ့် စီးပွားရေးလည်း ကျဆင်းသွားရော ဆိုင်လည်း ဖရိုဖရဲဖြစ် ဘယ်သူကမှလည်း သတိပြုမိကြတော့မှာ မဟုတ်ဘူးလို့ သူမ (တရုတ်ပြုပြင်ပြောင်းလဲရေး ဖောင်ဒေးရှင်းမှ ၀န်ဇောင်လူး) က ပြောပါတယ်။

"ကမ္ဘာကြီးရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို နိုင်ငံတစ်နိုင်ငံက ဘယ်လောက် ပံ့ပိုးနိုင်သလဲ ဆိုတဲ့ကိစ္စက အဲဒီနိုင်ငံရဲ့ စီးပွားရေးအရွယ်အစား ကိစ္စထက် ပိုအရေးကြီးပါတယ်။ အဲဒီရှုထောင့်ကကြည့်ပြီး ပြောရရင် တရုတ်ဟာ ဂျပန်ကို လွန်ခဲ့တဲ့ နှစ်အတန်ကြာလောက် ကတည်းက ကျော်လွန်ခဲ့ပြီဆိုတာ သေချာပါတယ်" လို့ သူက ပြောပါတယ်။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၆ ရက်၊ တနင်္ဂနွေနေ့။
နေ့လည် ၃ နာရီ ၂၀ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics