ဘာကြောင့်စာဖတ်
ပညာကိုသိချင်၍ စာဖတ်လျှင် သမားရိုးကျ အနက်အဓိပ္ပါယ်ရှိသော စာကြည့်တိုက်သို့ သွားသင့်သည်။ ခေတ်ပေါ်ဂျာနယ်၊ မဂ္ဂဇင်းတို့ကို အခန်းတစ်ခန်း၌ ဖတ်လျှင် အင်ဖော်မေးရှင်း ဖတ်ခန်းဖြစ်မည်။ စာတော့ စာပါပဲ။ ထိုစာကို စာရေးသူက နှစ်မျိုးခွဲကြည့်မိသည်။ ဒါကလည်း အကြောင်းရှိသည်။ စာရေးသူသည် ဂျာနယ်၊ မဂ္ဂဇင်းအစုံ၌ ဆောင်းပါးတွေ ရေးသားနေရသဖြင့် ဂျာနယ်၊ မဂ္ဂဇင်းတွေ အများကြီးရသည်။ အားပေးလိုသည့် သဘောဖြင့် စာနယ်ဇင်းတို့ကိုလည်း ၀ယ်သည်။
ဤသို့ မိမိရရှိသော ဂျာနယ်၊ မဂ္ဂဇင်းအစုံကို စာရေးသူနှင့် ရင်းနှီးသော ကျေးလက်စာကြည့်တိုက် သုံးတိုက်သို့ ပို့ပေးသည်။ အိမ်နီးချင်း ဖတ်လိုသူများကို ဂျာနယ်၊ မဂ္ဂဇင်းတွေ ပေးလိုက်သည်။ သို့ဖြင့် စာရေးသူလက်ထဲမှ ဂျာနယ်၊ မဂ္ဂဇင်းတွေ သူများလက်ထဲ ရောက်ရှိသွားသောအခါ သူတို့ ဘာကြောင့်များ စာဖတ်ရသနည်းဟု ဆင်ခြင်ဖြစ်သွားသည်။
မှားမလားတော့ မသိ။ စာရေးသူက ကောက်ချက်တစ်ခုတည်းသာ ဆွဲသည်။ "သူတို့ အင်ဖော်မေးရှင်းတွေ သိချင်လို့ ဂျာနယ်၊ မဂ္ဂဇင်းတွေ ဖတ်သည်" ဟူ၍။ ထို့ကြောင့် ဂျာနယ်၊ မဂ္ဂဇင်းတို့ကို အခြေခံထားသော မည်သည့် စာကြည့်တိုက်ကိုမဆို အင်ဖော်မေးရှင်း အခြေပြုစာကြည့်ခန်း ဖြစ်သည်ဟု ယူဆမိသည်။ ဤနေရာတွင် ပညာနှင့် အင်ဖော်မေးရှင်း ခွဲခြားပြီး စာရေးသူက နားလည်ထားသည်။ ထို့ကြောင့် စာဖတ်ခြင်း နှစ်မျိုးရှိလိမ့်မည်ဟု မြင်သည်။ ပညာဗဟုသုတ ရချင်၍ စာဖတ်ခြင်းနှင့် အင်ဖော်မေးရှင်း သိချင်၍ စာဖတ်ခြင်း ဟူ၍ဖြစ်သည်။
စည်ကားအောင်
ယခုခေတ်က ကပြားခေတ်၊ မျိုးစပ်ခေတ်၊ Hybrid ဟု ခေါ်သည်။ ပေါင်းဆုံကြခြင်း (Convergence) လို့လည်း ခေါ်သည်။ တစ်မျိုးတည်း၊ တစ်ပါးတည်း သီးသန့် ဘာနှင့်မျှ မရောဘဲ ရပ်တည်နိုင်သော သဘောက ရှာမှရှားသွားပြီ။ ထို့ကြောင့် ဤအရောအစပ်တို့ကို ထင်ဟပ်ပေးသော စကားလုံးအသစ်တို့လည်း ပေါ်လာသည်။ ဥပမာ - Retailainment ဆိုသော စကားမျိုး၊ လက်လီအရောင်းဆိုင်တို့တွင် ဖျော်ဖြေရေးတစ်ရပ် ဖြစ်နေရခြင်းကို ညွှန်းသည်။ စူပါမတ်ကက်၊ ဟိုင်ပါမတ်ကက်၊ ကုန်တိုက်ကြီးတို့တွင် ကုန်ပစ္စည်း ပဒေသာမျိုးစုံကို စက္ခုပသာဒလှအောင် စင်ပေါ်တွင် တင်ပေးရရုံ မဟုတ်ဘဲ ဆိုင်ထဲတွင် မြူးဇစ်ဖွင့်ပေးရသည်။ ဗီဒီယို ပြပေးရသည်။ အဆိုတော်တို့နှင့် ဧည့်ခံရသည်။ ဘောလုံးရာသီတွင် ဆိုင်အတွင်း ရုပ်မြင်သံကြားမှ ဘောလုံးပွဲ ပြပေးရသည်။ လက်လီရောင်းရခြင်းနှင့် ဖျော်ဖြေရေး ရောပေးရခြင်းဖြစ်သည်။
ပုံတူကူသည်လို့ ပြောလျှင်ပြောစေ ပညာအတွက် ရည်ရွယ်သော စာဖတ်ခန်းဖြစ်စေ၊ အင်ဖော်မေးရှင်း သိရန်အတွက် စာဖတ်ခြင်းဖြစ်စေ အခြားပျော်ရွှင်စရာတို့နှင့် ရောပေးထားသင့်သည်ဟု ထင်သည်။ စာဖတ်ခြင်းနှင့် လက်ဖက်ရည်ဆိုင် တွဲသင့်သည်။ မတွဲလည်း အနီးအနား ဖြစ်သင့်သည်။ ရုပ်မြင်သံကြားနှင့် ဂြိုဟ်တု ချန်နယ်လိုင်းတွေ တပ်ထားပေးသင့်သည်။ စာဖတ်ခန်းနှင့် ၀န်းကျင်သည် ပျော်စရာကောင်းပြီး လူစည်ကားနေသင့်သည်။ အင်ဖော်မေးရှင်း သိရန်အတွက် စာဖတ်သော စာဖတ်ခန်းတို့သည် ဆိတ်ငြိမ်မှု သိပ်မလိုပေ။
သို့ဖြင့် စာနယ်ဇင်းတို့တွင် စာအရေးများနေသော စာရေးဆရာအနေဖြင့် ခေတ်ပေါ်စာကြည့်ခန်းတို့၏ သဘောသဘာဝနှင့် အဓိပ္ပါယ်ကို သံယောဇဉ်ပြန်တွယ်ပြီး ဆင်ခြင်ကြည့်မိတော့သည်။
ရုပ်သံနှင့် စာပြိုင်ပွဲ
ပညာလိုချင်၍ စာဖတ်သည်ဖြစ်စေ၊ အင်ဖော်မေးရှင်းလိုချင်၍ စာဖတ်သည်ဖြစ်စေ စာဖတ်လျှင် ကောင်းသည်။ အပျော်ဖတ်ဖတ်၊ အပျင်းပြေဖတ်ဖတ်၊ အချိန်ကုန်စေချင်၍ ဖတ်ဖတ်၊ အမြန်ဖတ်ဖတ် မည်သို့ပင်ဖတ်ဖတ် ကောင်းသည်ဟု စာရေးသူ ထင်သည်။ ရောမခေတ်၊ ခေါမခေတ်က စာကြည့်တိုက်၊ ပေတိုက်၊ ကျောက်စာတိုက်၊ ရှေးဟောင်းစာကြည့်တိုက်ကြီးတို့ကို ကြည့်ပြီး ဤအတိုင်း ဖြစ်စေချင်လို့ မရဟု စဉ်းစားမိသည်။
တစ်နည်းပြောရလျှင် ခေတ်ပေါ် စာကြည့်တိုက်တို့သည် ပေါ့ပ်ဆန်နေသည်ဖြစ်၍ ရှေးဟောင်းစာကြည့်တိုက်တို့၏ ကိုယ်ပွား၊ ရှေးဟောင်း စာကြည့်တိုက်တို့၏ အမွေအနှစ်အဖြစ် မမြင်အပ်ပေ။ ဤသို့ ပေါ့ပ်ဆန်ခိုင်းရသည်မှာလည်း ယနေ့ လူငယ်တွေက သဘာဝဆီ (back to nature) ပြန်လှည့်နေသောကြောင့် ဖြစ်သည်။ အသံ၊ အရုပ်နှင့် စာ ဟူသော မီဒီယမ်သုံးပါးတွင် အသံနှင့် အရုပ်မှာ လူ၏သဘာဝ ဖြစ်သည်။ စာသည် လူက နောက်မှထွင်သော အရာဖြစ်သည်။
ယနေ့လူငယ်တွေ သိပ်ပြီး စာမဖတ်ချင်တော့။ အရုပ်နှင့် အသံဘက် သိပ်ပြီး စိတ်အားထက်သန်နေကြသည်။ ဗီဒီယို၊ တေးဂီတ၊ ရုပ်မြင်သံကြား၊ ဒီဗီဒီ၊ ဗီစီဒီ၊ အီးဗီဒီတွေ ပိုပြီး စိတ်ဝင်စားလာသည်။ ဤသည်မှာ စာဘက် အာရုံထားမှုကိုလည်း လျှော့ပစ်နေသည့် သဘောဖြစ်သည်။ တက္ကနိုလိုဂျီတို့ကလည်း ရုပ်သံဗဟိုပြု၍ တီထွင်မှုတို့ကိုသာ ပြုလုပ်နေကြသည်။ ဆဲလ်ဖုန်း၊ ဒစ်ဂျစ်တယ်ကင်မရာ၊ အိုင်ပေါ့၊ ဂြိုဟ်တု၊ အင်တာနက် မြူးဇစ်ဒေါင်းလုပ် စသည့် ရုပ်သံပစ္စည်းတို့ကသာ အသစ်အဆန်း ထွင်နေသည်။ တက္ကနိုလိုဂျီ တီထွင်သူတို့ကိုယ်တိုင်က သဘာဝဘက်ဆီ ပြန်လှည့်နေသည်။ ရုပ်သံတို့သည် လူ့သဘာဝဖြစ်သည်။
ထို့ကြောင့် လူရော၊ တက္ကနိုလိုဂျီရော၊ ပတ်ဝန်းကျင်တို့ကပါ ရုပ်သံဘက်၊ သဘာဝဘက် ပြန်လှည့်နေချိန်တွင် စာဖတ်မှု၊ စာဖတ်ခန်းတို့သည် ရုပ်သံတို့နှင့် ယှဉ်ပြိုင်နေရသည်။
တစ်နည်းပြောလျှင် စာဖတ်ခြင်း၏ မှော်၊ ပဉ္စလက်၊ The Magic of Reading ကို ပြနိုင်ရမည်။ ဤကိစ္စနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် စာဖတ်ခြင်း၏ မှော်ပဉ္စလက်အကြောင်းကို ၀တ္ထုရေးဆရာမ၊ ဘိဇနက်လုပ်ငန်းရှင်နှင့် ဂျာနယ်လစ်တို့က ဝေဖန်ဆွေးနွေးပြကြသည်။ တစ်ယောက်တစ်မျိုးပင်။
ထုံးစံအတိုင်း ဘယ်အချိန်ကစပြီး စာဖတ်ဝါသနာ ပါလာသနည်းဆိုသော မေးခွန်းမှ စသည်။ ၀တ္ထုရေးဆရာမက ငယ်စဉ်တောင်ကျေး ကလေးဘ၀ကတည်းက သူစာဖတ် ဇွဲကြီးပုံကို ပြောသည်။ ဂျာနယ်လစ်က ဘယ်အချိန်ကစပြီး သူစာဖတ်ဝါသနာပါမှန်း မမှတ်မိပါ။ ပဉ္စင်းခံ ဘုန်းကြီးလုပ်မှ စာဖတ်ဝါသနာ ပါလာသည်ဟု ဆိုသည်။ ဘိဇနက်လုပ်ငန်းရှင်ကမူ သူလုံးဝ စာဖတ်ဝါသနာ မပါဟု ဆိုသည်။ စာကိုဖတ်ရမှာ သိပ်ကြောက်သည်။ စာအုပ်ကိုင်ရမှာ ကြောက်သည်။ သို့သော် သူ ရုပ်ပြကာတွန်းတွေတော့ ဖတ်သည်ဟု ဆိုသည်။ ရုပ်ပြကာတွန်းသာဖတ်သော ဘိဇနက်လုပ်ငန်းရှင်က ယခု ထိုင်းနိုင်ငံတွင် အအောင်မြင်ဆုံး လုပ်ငန်းရှင်ကြီး ဖြစ်နေသည်။
ဖိုရမ်ဆွေးနွေးပွဲ ဥက္ကဋ္ဌလုပ်သူက ပညာသည် နည်းသုံးနည်းဖြင့် ရနိုင်ကြောင်း ပြောပြသည်။ (၁) အတွေ့အကြုံမှ တစ်ဆင့်၊ (၂) မေးခွန်းတွေ မေးခြင်းမှတစ်ဆင့်နှင့် (၃) စာဖတ်ခြင်းမှ တစ်ဆင့် ရရှိသည်ဟု ထောက်ပြသည်။ ကမ္ဘာပေါ်ရှိ အကျော်အမော် ပုဂ္ဂိုလ်ကျော်ကြီးတို့ အကြောင်းကို တစ်ထိုင်တည်းနှင့် သိနိုင်သည်။ ဤသည်ပင် စာအုပ်၏ မှော်ဟု ပြောပြသည်။
စာအုပ်မှော်၊ စာဖတ်ခြင်း၏ မှော် တို့တွင် စာကြည့်တိုက်များသို့ သွား၍ စာဖတ်ခြင်းလည်း ပါဝင်ပါလိမ့်မည်။ သဘာဝဘက် ပြန်လှည့်နေသော လူငယ်တို့ကမူ စာအုပ်မှော်အကြောင်း၊ စာဖတ်ခြင်းမှော်အကြောင်းကို ဘယ်လောက် စိတ်ဝင်စားမလဲ မသိရပေ။
Ref: The Economist
No comments:
Post a Comment