Thursday, September 02, 2010

နိုင်ငံရေးဟာသများ


ကျွန်တော်တို့ ပိုပါတယ်
ရုရှတစ်ယောက်နှင့် အမေရိကန်တစ်ယောက်တို့သည် အငြင်းအခုန်ဖြစ်နေကြရာ အမေရိကန်က ပြောလိုက်သည်။

"ငါတို့ အမေရိကန်မှာ မင်းတို့ ရုရှတွေထက် မော်တော်ကားစီးရေ ပိုများတယ်ကွ"

"အေးလေ၊ ငါတို့ကလည်း မင်းတို့ထက် ပိုများသေးတယ်၊ ကားရပ်ဖို့နေရာတွေလေ"

တရားလွှတ်မှု
လွန်ခဲ့သော ငါးနှစ်ခန့်က အမေရိကန် စာနယ်ဇင်းသမားတစ်ဦးသည် အနောက်ဘက်ကမ်းရှိ အစ္စရေးအိမ်ရာ စခန်းသစ်များသို့ ရောက်ရှိသွားရာ အလုပ်သမားများ အလုပ်စခန်းသို့ သွားကြရာတွင် ဂျူးလူမျိုးများကို အရင်သွားခွင့်ပြုပြီးမှ အာရပ်ပါလက်စတိုင်း လူမျိုးများ သွားခွင့်ပြုသည်ကို တွေ့ခဲ့ရသည်။

နောက်တစ်ခေါက် ပြန်ရောက်သောအခါ ယခင်ကလို မြို့ထဲမှ အလုပ်စခန်းများသို့ သွားကြရာတွင် ဂျူးလူမျိုးများကို အရင်မသွားစေတော့ဘဲ အာရပ်ပါလက်စတိုင်းများကို အရင်သွားခွင့်ပြုသည်ကို တွေ့ရသည်။ စာနယ်ဇင်းသမားက ဂျူးမြို့တော်ဝန်ထံ သွားရောက်တွေ့ဆုံပြီး မေးမြန်းလေသည်။

"အခုလို ပြောင်းသွားတာ အာရပ်တွေအပေါ်မှာ တရားမျှတမှု ရှိတယ်လို့ ပြသလိုက်တာလားဟင်"

"မဟုတ်ပါဘူး၊ လမ်းတွေပေါ်မှာ မြေမြှုပ်မိုင်းတွေ ရှိနေလို့ပါ"

ငယ်သေးတယ်
ဖခင်ဖြစ်သူသည် သတင်းစာတွင် ရေးသားဖော်ပြထားသော နိုင်ငံရေးသတင်းများကို စိတ်ပါဝင်စားစွာ ဖတ်ရှုနေစဉ် သားဖြစ်သူ ရောက်လာပြီး မေးလိုက်သည်။

"ဖေဖေ၊ သားကို ခိုးသားလေးဆယ်အကြောင်း ပြောပြပါလားဟင်"

ဖခင်ကြီးသည် နိုင်ငံရေးသတင်းများကို ဖတ်ရှုနေရာမှ ခေါင်းခါလိုက်ပြီး သားဖြစ်သူအား ပြန်ပြောလိုက်သည်။

"ကြီးလာတော့ သားသိမှာ၊ အခုအချိန်မှာ သားက ငယ်သေးတော့ နိုင်ငံရေးအကြောင်းတွေ ဘယ်နားလည်ဦးမှာလဲ"

အားလုံးကိုလား
ဟန်ဂေရီလူမျိုး သူငယ်ချင်းနှစ်ယောက်သည် တစ်နေ့တွင် လမ်းပေါ်တွင် ဆုံမိကြလေသည်။ ထိုအခါ တစ်ယောက်က ပြောလိုက်သည်။

"မင်း ကြားပြီးပြီလား၊ အခု ရုရှသိပ္ပံပညာရှင်တွေက လကမ္ဘာပေါ်ကို ရုရှတွေတင်ပြီး သွားနိုင်တဲ့ အာကာသယာဉ်တွေ တည်ဆောက်နိုင်ပြီတဲ့ကွ"

ထိုအခါ ကျန်တစ်ယောက်က ၀မ်းသာအားရနှင့် ပြန်မေးလိုက်သည်။

"ဟုတ်လား၊ ရုရှတွေ အကုန်လုံးကိုလားဟင်"

No comments:

Post a Comment

 
Web Statistics