Monday, September 13, 2010

အက်ဒ၀ပ်ဂစ်ဘွန်၊ ဦးကုလား မှသည် ပေါ(လ)ကင်နေဒီ၊ ဂျရက်ဒိုင်းမွန်း အထိ သမိုင်းဆရာများနှင့် ငြင်းခုံခြင်း


အက်ဒ၀ပ် ဂစ်ဘွန်၊ ဦးကုလား မှသည်
"သမိုင်းဆိုသည်မှာ လူ့လောကကြီး၏ ရာဇ၀တ်မှုများ၊ မိုက်မဲမှုများနှင့် ကြမ္မာဂြိုဟ်ဆိုးများကို မှတ်တမ်းတင်ထားသော မှတ်ပုံတင်စာရင်းကြီးသာ ဖြစ်ပေသည်" ဟု အင်္ဂလိပ်သမိုင်းဆရာကြီး အက်ဒ၀ပ်ဂစ်ဘွန်က တူးတူးခါးခါး ဆိုခဲ့သည်။

အမှန်စင်စစ် ဂစ်ဘွန်၏ သမိုင်းအမြင်မှာ၊ သူဖြတ်သွားခဲ့သောခေတ် (၁၇၃၇-၁၇၉၄) က ပေးလိုက်သော အမှာစကား ဖြစ်ဖွယ်ရှိပါသည်။ ဂစ်ဘွန်၏ ဘ၀သက်တမ်းတွင် တော်လှန်ရေးကြီးနှစ်ခု (အမေရိကန် တော်လှန်ရေးနှင့် ပြင်သစ်တော်လှန်ရေး) နှင့် စစ်ပွဲများစွာ (အင်္ဂလိပ်၊ စပိန်စစ်ပွဲ၊ အမေရိကန်ပြည်တွင်းစစ်၊ ပြင်သစ်ပြည်တွင်းစစ် .... စသည်) ဖြစ်ပွားခဲ့သည်။ ဤတော်လှန်ရေးများနှင့် စစ်ပွဲများက ပေးလိုက်သော တူးတူးခါးခါး ခံစားမှုသည်ပင်၊ သူ၏သမိုင်းအမြင် ဖြစ်ပါသည်။ ဤအချက်ကို သူ၏ နာမည်ကျော် "ရောမအင်ပါယာ ကျဆုံးပျက်စီးခန်းသမိုင်း" ကျမ်းက လှစ်ပြလိုက်သလို ရှိသည်။

ဂစ်ဘွန်နှင့်ခေတ်ပြိုင် မြန်မာ့သမိုင်းဆရာကြီး ဦးကုလားကမူ "သမိုင်းသည် ယုတ်ညံ့သော တိရစ္ဆာန်ကထာ မဟုတ်၊ မြင့်မြတ်သော ကမ္မဋ္ဌာန်းစကား" ဟု ဆိုသည်။ "သမိုင်းကို ဖြတ်သွားသော မည်မျှပင် ဘုန်းတန်ခိုး အာနုဘော်ကြီးမားသည့် မင်းဖြစ်စေ တစ်နေ့တွင် ပျက်ခြင်း, ကုန်ခြင်းသို့ ရောက်ရာ၏....." ဆိုသော ကမ္မဋ္ဌာန်းအမြင်သည်ပင် ဦးကုလား၏ သမိုင်းအမြင် ဖြစ်ပါသည်။ ဤသည်မှာလည်း သူ မျက်မှောက်ပြုရသောခေတ် (၁၇၂၀- ပြည့်လွန်နှစ်များနှင့် ၁၇၃၀ ပြည့်လွန်နှစ်များ) က ပေးလိုက်သော အသိသညာ ဖြစ်ပါလိမ့်မည်။ သူ၏ နာမည်ကျော် "မဟာရာဇ၀င်ကြီး" မှာ မင်းဆက်များ၏ ရေပွက်ပမာ တစ်သက်တာ မှတ်တမ်းတွဲကြီး ဖြစ်ပါသည်။

ပေါ(လ)ကင်နေဒီ၊ ဂျရက်ဒိုင်းမွန်းအထိ
မျက်မှောက်ခေတ် သမိုင်းပညာရှင် ပေါ(လ)ကင်နေဒီ၏ အလွန်လှုပ်လှုပ်ခတ်ခတ် ဖြစ်ခဲ့ဖူးသော သမိုင်းကျမ်းတစ်စောင် ရှိသည်။ "မဟာအင်အားကြီး နိုင်ငံများ၏ နေထွက်ချိန်နှင့် နေ၀င်ချိန်" ဖြစ်ပါသည်။ ဤကျမ်းတွင် ကင်နေဒီက ၁၅ ရာစုမှ ၂၁ ရာစု အ၀င်အထိ ခေတ်အဆက်ဆက် ဂရိတ်ပါဝါကြီးများ၏ အတက်အကျ လောကဓံကို ၎င်းတို့၏ စီးပွားရေးဘ၀ နောက်ခံနှင့် ဆက်စပ်ရှင်းပြထားသည်။

ကင်နေဒီနီးနီး နာမည်ကြီးသော နောက်ထပ်ခေတ်ပြိုင် သမိုင်းပညာရှင် တစ်ယောက်မှာ ဂျရက်ဒိုင်းမွန်း ဖြစ်သည်။ သူ၏ နာမည်ကျော် သမိုင်းကျမ်း "ပြိုလဲမှု" တွင် ဒိုင်းမွန်းက လွန်လေပြီးသော မာယာလူမျိုးတို့၏ သမိုင်းကို ခင်းပြကာ ယနေ့ကမ္ဘာကြီး ဦးတည်နေသည့် သဘာဝပတ်ဝန်းကျင် ယိုယွင်းမှု ကပ်ဘေးကြီးကို နိမိတ်ဖတ်ပြထားသည်။ ဤကျမ်းသည်လည်း ကင်နေဒီ၏ "နေထွက်ချိန်နှင့် နေ၀င်ချိန်" လိုပင် လှုပ်လှုပ်ခတ်ခတ် ရှိခဲ့သည်သာ ဖြစ်ပါသည်။

အက်ဒ၀ပ်ဂစ်ဘွန်၊ ဦးကုလားမှသည် ပေါ(လ)ကင်နေဒီ၊ ဂျရက်ဒိုင်းမွန်းအထိ ခေတ်အဆက်ဆက် ဆရာများ၏ လောကအမြင်မှာ ထပ်တူမကျသည့်တိုင် သူတို့အားလုံး ကိုယ်စားပြု ဖော်ပြထားသည်မှာ "သမိုင်းစက်ဝန်းသီအိုရီ" ဟု ဆိုနိုင်ပါလိမ့်မည်။ "သမိုင်းတွင် ပေါ်ထွန်းခဲ့ပြီးသော ဆက်လက်ပေါ်ထွက် လာကြဦးမည်လည်း ဖြစ်သော၊ မည်သည့်ဂရိတ်ပါဝါမဆို "မွေးဖွားခန်း၊ ကြီးထွားခန်း၊ ကျဆုံးခန်း" ဆိုသော သမိုင်းစက်ဝန်းမှ ရုန်းမထွက်နိုင်" ဆိုသည့် အကောက်အယူ ဖြစ်ပါသည်။

သမိုင်းဆရာများနှင့် ငြင်းခုံခြင်း
ယခုအခါ ဆိုခဲ့ပါသမိုင်းပညာရှင် အဆက်ဆက်နှင့် သူတို့တစ်တွေ၏ အသားကျပြီး "သမိုင်းစက်ဝန်းသီအိုရီ" ကို စိန်ခေါ်လိုက်သည့် ပညာရှင်တစ်ယောက်နှင့် သီအိုရီတစ်ခု ပေါ်ထွက်နေပြီ ဖြစ်ပါသည်။ စိန်ခေါ်သူမှာ ဟားဗတ်တက္ကသိုလ်မှ သမိုင်းပါမောက္ခ နီး(လ)ဖာဂူဆန် ဖြစ်ပြီး စိန်ခေါ်လိုက်သည့် သီအိုရီမှာ "ခေးအော့အစွန်းသီအိုရီ" (edge of chaos theory) ဖြစ်သည်။ ဖာဂူဆန်နှင့် သူ၏ သီအိုရီအလိုအရ လူ့သမိုင်းမှာ သမိုင်းစက်ဝန်း သီအိုရီက ညွှန်းသလို "တစ် ပြီး နှစ် ဖြစ်ရမည်ဆိုသော" သတ်မှတ်ပြဋ္ဌာန်းပြီး ခရီးစဉ် မဟုတ်။ ကသောင်းကနင်း အခြေအနေ (chaos) အစွန်းတွင် လျှောက်လှမ်းနေရသော ကြိုတင်နိမိတ်ဖတ်ဖို့ မလွယ်သည့် ရှုပ်ရှုပ်ထွေးထွေးဖြစ်စဉ် ဖြစ်သည်။ ဤသို့ သဘောသဘာဝရှိသော သမိုင်းခရီးတွင် လျှောက်လှမ်းနေရသည့် အင်ပါယာများ အပါအ၀င် ဂရိတ်ပါဝါများအတွက် အသက်ဆက်ရှင်သန်နိုင်ရေးမှာ ပြောင်းလဲနေသော အခြေအနေနှင့် လိုက်လျောညီထွေဖြစ်အောင်၊ သပ္ပါယပြုနိုင်စွမ်းပင် ဖြစ်သည်။ ဤသို့ သပ္ပါယ မပြုနိုင်တော့သည်နှင့် မမျှော်လင့်သော အချိန်တွင် မမျှော်လင့်သော မြန်နှုန်းဖြင့် ကျဆုံးခန်းသို့ ရောက်သွားနိုင်စရာ ရှိသည်။ အနှစ်ချုပ်ဆိုရလျှင် သမိုင်းသည် ဧကန်ခရီးမဟုတ်။ အနေကန်ခရီးဟု ဆိုပါကြောင်း.....။

No comments:

Post a Comment

 
Web Statistics