ဂျာနယ်တစ်စောင်မှာ နိုင်ဂျီးရီးယား နိုင်ငံသားနှစ်ယောက်က မြစ်ကြီးနားမှ ကုန်သည်တစ်ယောက်ကို လိမ်လည်လှည့်ဖြားပြီး မြန်မာငွေ ကျပ်သိန်းတစ်ရာကျော် လိမ်လည်ရယူခဲ့တဲ့အတွက် တရားရုံးက ထောင်ဒဏ်နှစ်နှစ် ပြစ်ဒဏ်စီရင်လိုက်တယ် ဆိုတဲ့သတင်း ဖတ်လိုက်ရတယ်။
ဒေါ်လာ ၂ သိန်း လှူမယ်တဲ့
လူလိမ်နှစ်ယောက်က အရင်ဆုံး မိဘမဲ့ကျောင်းအုပ်ဆရာကြီး တစ်ယောက်နဲ့တွေ့ပြီး သူတို့ဟာ ရွှေကုန်သည်တွေဖြစ်ကြောင်း၊ ရွှေဝယ်ဖို့လာကြောင်း၊ မိဘမဲ့ကျောင်းကို ဒေါ်လာ ငွေ ၂ သိန်း လှူမယ့်အကြောင်း၊ လောလောဆယ် သူတို့မှာ မြန်မာငွေသုံးဖို့ လိုနေလို့ ကူညီစေလိုကြောင်း ပြောတယ်။ ကျောင်းအုပ်ကြီးက ယုံပြီး သူ့မိတ်ဆွေ ရွှေလုပ်ငန်းရှင်တစ်ယောက်နဲ့ ဆက်ပေးတယ်။ လုပ်ငန်းရှင်ကလည်း ယုံပြီး ငွေသိန်းတစ်ရာကျော် ထုတ်ချေးလိုက်တယ်။ ပြန်ဆပ်မယ့်ရက် မလာလို့ တည်းခိုရာဟိုတယ် သွားမေးတော့ ပြန်သွားပြီဖြစ်ကြောင်း သိရတယ်။ ရဲတိုင်၊ ရန်ကုန်မှာ ဖမ်းမိ၊ ရုံးတင်စစ်ဆေးပြီး ပြစ်မှုထင်ရှားလို့ ထောင်ဒဏ်ချမှတ်လိုက်တာ ဖြစ်တယ်။
နိုင်ငံခြားသားမို့ ယုံတာ
အလိမ်ခံရတဲ့ လုပ်ငန်းရှင်က ကျောင်းအုပ်ကြီးကို ယုံလို့ ချေးလိုက်တာဖြစ်ကြောင်း ပြောတယ်။ ကျောင်းအုပ်ကြီးကလည်း နိုင်ငံခြားသားဖြစ်လို့ ယုံလိုက်မိတဲ့အကြောင်း ပြောတယ်လို့ ဂျာနယ်က ရေးထားတယ်။ ဒီသတင်းကို ဖတ်ပြီး တချို့က မြန်မာလူမျိုးများရဲ့ အယုံလွယ်တဲ့စိတ်ကြောင့် ဖြစ်တာလို့ ကောက်ချက် ချကြတယ်။ ကိုယ်တိုင်ကတော့ အဲဒီလို မထင်ဘူး။ မြန်မာတွေဟာ လွယ်လွယ်နဲ့ ယုံတတ်သူတွေ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ လူမျိုးတစ်မျိုးလုံး ကျွန်သပေါက်ဘ၀ ရောက်တဲ့ထိကို လှလှကြီး အလိမ် ခံခဲ့ရဖူးလို့ ဖြစ်တယ်။ မန္တလေးကိုသိမ်းဖို့ အင်္ဂလိပ်တပ်တွေ ချီတက်လာတော့ ညောင်ရမ်းမင်းသားကို နန်းတင်ပေးမလိုလိုနဲ့ မင်းညီမင်းသား အ၀တ်အစားနဲ့ လူတစ်ယောက်ကို သင်္ဘောဦးမှာ တင်ပြီး ခေါ်လာခဲ့တယ်လေ။
အင်္ဂလိပ်လိမ်နဲ့ ဂျပန်လိမ်
သီပေါဘုရင်နဲ့ မိသားစုကို ခေါ်သွားတော့လည်း ရန်ကုန်ကို ခေတ္တ ခေါ်သွားတာလိုလို၊ အိန္ဒိယက ဘုရင်ခံနဲ့ တွေ့ဆုံဆွေးနွေးပြီး ပြန်ပို့မှာလိုလိုနဲ့ အမျိုးမျိုး လှည့်စားပြီး ခေါ်ဆောင်သွားခဲ့တယ်။ နောင်ကျတော့လည်း ဒိုမီနီယံအဆင့် အုပ်ချုပ်ရေးတို့၊ ဟုမ္မရူးတို့၊ စက္ကူဖြူ စီမံကိန်းတို့ စတဲ့ လိမ်လည်မှု အမျိုးမျိုးတွေပြပြီး စိုးမိုးထားခဲ့တယ်။ ဒုတိယ ကမ္ဘာစစ်ကြီးအပြီး ဘယ်လိုမှ မတတ်သာတော့မှ လွတ်လပ်ရေး ပေးခဲ့တာ ဖြစ်တယ်။ အင်္ဂလိပ်ရဲ့ အလိမ်တင် မဟုတ်သေးဘူး။ ဂျပန်တွေရဲ့ အလိမ်ကိုလည်း ကျောကော့နေအောင် ခံခဲ့ရဖူးသေးတယ်။ မော်လမြိုင် သိမ်းပြီးရင် မြန်မာ့လွတ်လပ်ရေး ကြေညာပေးမှာလိုလို၊ ရန်ကုန်ရောက်ရင် ကြေညာပေးမှာလိုလိုနဲ့ အယုံသွင်းတာ ခံခဲ့ရတယ်။ နောက်ဆုံး လက်နက်စွဲကိုင် တော်လှန်ပြီး မောင်းထုတ်ခဲ့ရတာ မဟုတ်လား။
သေဖူးလို့ ပျဉ်ဖိုးနားလည်
အလိမ်တွေ အမျိုးမျိုးကို ကြုံတွေ့ခံစားဖူးထားတာကြောင့် မြန်မာတွေဟာ ဘာကိုမှ လွယ်လွယ်နဲ့ မယုံတော့ပါဘူး။ လိမ်တဲ့သူရဲ့ ပါးစပ်က စကားမဆုံးခင်ကတည်းက လိမ်နေပြီဆိုတာကို သိနေတဲ့အထိ ပါးနေ နပ်နေပါပြီ။ ဂျပန်ဖက်ဆစ်တွေရဲ့ လက်သည်းခွံခွါ၊ ရေနွေးပူလောင်း နှိပ်စက်နည်းပေါင်းစုံကို ရင်းနှီးခဲ့ပြီး ဖြစ်တာကြောင့် ယုံချင်ယောင် ဆောင်နေကောင်း ဆောင်နေလိမ့်မယ်။ ဘယ်တော့မှ လွယ်လွယ်နဲ့ မယုံတာတော့ သေချာတယ်။ တစ်ခါသေဖူး ပျဉ်ဖိုးနားလည် ဆိုတဲ့ စကားအတိုင်း လူလိမ်ကို လူလိမ်မှန်း ကောင်းကောင်း သိနေကြပါတယ်။
လူညွန့်တုံး လုပ်ပစ်တာ
ဒါဆို ဘာကြောင့် နိုင်ဂျီးရီးယား လူမျိုးတွေရဲ့ အလိမ်ခံရတာလဲလို့ မေးချင်စရာ ဖြစ်လာတယ်။ အဓိကကတော့ နှစ်ပေါင်းရာကျော်အောင် ကျွန်ဘ၀မှာ နေခဲ့ရတဲ့အတွက် နိုင်ငံခြားမှန်သမျှကို အထင်ကြီးတဲ့ "အငုံ့စိတ်"၊ ဒါမှမဟုတ် သိမ်ငယ်စိတ်ကြောင့်လို့ ထင်တယ်။ သူ့ကျွန်ဘ၀မှာ မျက်နှာဖြူမှန်သမျှ သခင်ကြီးခေါ်၊ ဂျပန်တွေ့တိုင်း မာစတာ ခေါ်ခဲ့ရတဲ့ အကျိုးဆက်လို့ ယူဆတယ်။ သခင်ကြီးတို့ ဗိုလ်ကြီးတို့ ခေါ်ခိုင်းတာ၊ မာစတာ ခေါ်ခိုင်းတာတွေဟာ ခပ်ပေါ့ပေါ့ မဟုတ်ဘူး။ နာမ်နှိပ်ပြီး လူညွန့်တုံးအောင် လုပ်ပစ်လိုက်တာ။ ဘယ်လောက် စွမ်းသလဲဆိုရင် လွတ်လပ်တဲ့ နိုင်ငံသားအဖြစ် မွေးဖွားလာခဲ့ကြတဲ့ ဒီခေတ် လူငယ်တွေအထိ မျက်နှာဖြူတွေကို ဘိုတွေ ဘိုမတွေလို့ ခေါ်နေကြသေးတယ်လေ။ အခုတော့ လူဖြူကိုသာမက လူမည်းကိုပါ အထင်ကြီးစိတ်တွေ ၀င်နေတယ်ဆိုတာ သိရလို့ ၀မ်းနည်း စိတ်မကောင်း ဖြစ်ရတယ်။
အိတ်စပတ်ကြီးတွေ
ကျောင်းဆရာ လုပ်နေတုန်းက ဂျပန်ထီး ဂျပန်မတွေ ကျောင်းလာတက်တာကို ပြန်တွေးမိတယ်။ အရင်အစိုးရ လက်ထက်တုန်းက စီမံကိန်းလုပ်ငန်းတွေမှာ နိုင်ငံခြား ကုမ္ပဏီမျိုးစုံက "အိတ်စပတ်" (expert) လို့ ခေါ်ကြတဲ့ ကျွမ်းကျင်ပညာရှင်တွေ လာရောက်အလုပ်လုပ်ကြတယ်။ ၀င်ဒါမီယာတို့၊ ရွှေတောင်ကြားတို့လို ရပ်ကွက်ကြီးတွေမှာ ခြံဝန်းကျယ်ကြီးတွေနဲ့ အိမ်တွေမှာ ထားပေးရတယ်။ ဒရိုင်ဘာနဲ့၊ မာလီနဲ့ ထမင်းချက်၊ ကလေးထိန်းနဲ့ ဇိမ်ကျကျနေကြတယ်။ ကျောင်းသားဂျပန်တစ်ယောက်က ရန်ကုန်က တံတားဆောက်လုပ်ရေး စီမံကိန်းတစ်ခုမှာ လုပ်ပါတယ်။ လင်ရော မယားရော ကျောင်းလာတက်ကြတယ်။ လင်က စနေ၊ တနင်္ဂနွေမှ တက်ပေမယ့် မိန်းမကတော့ တစ်ပတ် ၇ ရက် နေ့စဉ်ရက်ဆက် လာတက်တယ်။ အခိုင်းအစေတွေ တစ်ပုံကြီးနဲ့ နေရတော့ ဘာမှ လုပ်စရာမရှိဘဲ အားနေတာကိုး။ ပြီးတော့ သူတို့နိုင်ငံမှာလို ဈေးကြီးကြီး ပေးတက်ရတာ မဟုတ်ဘူး။ ဈေးပေါပေါနဲ့ တက်လို့ရတာကြောင့်လည်း ဖြစ်ပါလိမ့်မယ်။
တိုကျို မရောက်ဖူးတဲ့ ဂျပန်
ကျောင်းတက်တာ လပေါင်းများစွာ ကြာတော့ ရင်းရင်းနှီးနှီး ဖြစ်လာကြတယ်။ ဂျပန်တွေက မြန်မာတွေလိုပဲ ဆရာဆိုရင် သိပ်ပြီး ရိုသေလေးစားကြတာ။ ရင်းနှီးကျွမ်းဝင်တော့မှ ဘာမဆို ပြောလေ့ရှိတယ်။ "အိတ်စပတ်" ဆိုပြီး မြန်မာပြည်မှာ ဟိတ်ကြီးဟန်ကြီးနဲ့ လာလုပ်တဲ့ အဲဒီ အင်ဂျင်နီယာက တိုကျိုကိုတောင် မရောက်ဖူးဘူးတဲ့။ တိုကျိုနဲ့ အဝေးကြီးက မြို့ငယ်လေးတစ်ခုမှာနေပြီး မြန်မာပြည်က ဂျီတီအိုင်လိုမျိုး ကျောင်းက အောင်လာခဲ့တာ ဖြစ်တယ်။ အလုပ်ထဲမှာ သူ့ကို မျက်နှာချိုသွေးနေရတဲ့ မြန်မာအင်ဂျင်နီယာက စက်မှုတက္ကသိုလ်က ဘီအီးဘွဲ့ရပြီး လုပ်သက် ဆယ်နှစ်ကျော်လို့ E.E ဆိုတဲ့ ရာထူးအဆင့်ကို ရောက်နေပြီ ဖြစ်တယ်။ အဲဒီဂျပန် အိတ်စပတ်နဲ့ အဆင့်တူ ဂျီတီအိုင်ဆင်း အင်ဂျင်နီယာဆိုရင် အရာရှိအဆင့် မဟုတ်တဲ့ S.A.E ဆိုတဲ့ အဆင့်လောက်နဲ့သာ လုပ်နေရတာ ဖြစ်တယ်။
ရှက်စရာ ရင်နာစရာ
ဂျပန်အိတ်စပတ် နေရ ထိုင်ရပုံမျိုး ရတဲ့ အခွင့်အရေးမျိုး၊ သူ့ထက် အသက်ရော ပညာပါ ကြီးမြင့်တဲ့ E.E အဆင့် အင်ဂျင်နီယာတောင် မခံစားရပါဘူး။ ၀မ်းနည်းစရာ မဟုတ်ဘူးလား။ နိုင်ငံခြားသားဆိုတာနဲ့ အရမ်း အထင်ကြီးပြီး အရမ်း မျက်နှာချိုသွေးနေရတာ ရှက်စရာလည်း ကောင်း၊ ရင်နာစရာလည်း ကောင်းတယ်။ အဲဒီ ဂျပန်မောင်နှံက ရိုးတယ်။ ဟိတ်ကြီးဟန်ကြီး မလုပ်တတ်ဘူး။ သူတို့ တစ်သက်မှာ ခုလို ခြံနဲ့၊ ၀င်းနဲ့ အခြွေအရံတွေနဲ့ နေရတာ ဒါ ပထမဆုံးအကြိမ်ပါလို့ ပြောကြတယ်။ သူတို့ဆီမှာ အိမ်ခန်းကျဉ်းကျဉ်းကလေးနဲ့ နေပြီး လင်ရော မယားပါ တစ်နေကုန် တစ်နေခန်း ပြေးလွှား အလုပ်လုပ်နေရတာပါတဲ့။ အင်္ဂလိပ်စာ သင်တန်းတွေ ဘာတွေ တက်ဖို့ စိတ်ကူးထဲတောင် မထည့်နိုင်ပါဘူးတဲ့။ စီမံကိန်းပြီးလို့ သူတို့ ပြန်ကြရတော့ မပြန်ချင်ကြဘူး။ မျက်ရည်မဆည်နိုင်အောင် ငိုတောင် ငိုကြရှာတယ်။
နှစ် ၆၀ ကြာသည့်တိုင်
နိုင်ငံခြားသားဆိုတာနဲ့ ဖြူဖြူ ၀ါဝါ မည်းမည်း မျက်စိမှိတ်ပြီး အထင်ကြီးပစ်လိုက်တာဟာ သူ့ကျွန်ဘ၀က အမြစ်တွယ်ခဲ့တဲ့ အငုံ့စိတ်၊ သိမ်ငယ်စိတ်က သားစဉ်မြေးဆက် ကူးစက်လာခဲ့တာပဲလို့ ထင်တယ်။ တိုင်းပြည်လွတ်လပ်ခဲ့တာ နှစ်ပေါင်း ၆၀ ကျော်တဲ့အထိ ကြွင်းကျန်နေသေးတယ်ဆိုတော့ တော်တော် ကြောက်စရာကောင်းတယ်။ ဒါကြောင့်လည်း ရှေးလူကြီးတွေက "ကြောက်မွေးပါ ဇာဂနာနဲ့ ဆွဲနုတ်" လို့ ပြောခဲ့တာနေမှာ။ အမြစ်ပါ မကျန်အောင် ဆွဲမနုတ်နိုင်ရင်တော့ မလွယ်ဘူး။
၃-၉-၂၀၁၀
No comments:
Post a Comment