[သခင်ကိုယ်တော်မှိုင်း]
မြို့လုလင်သာတဲ့ ကွန်းဆီသို့၊ တို့သခင်စာဖွဲ့လို့ ညွှန်းလိုက်ကဲ့၊ ဒါနဲ့ လွမ်းကြပေတော့ကွာ။
မြို့သူကြီးရယ်လို့၊ တိုထီးနေသမျှပေပေါ့၊ ရွှေလရောင်ဘွဲ့သတင်းရယ်နဲ့၊ ဦးမင်းရောင် ဗိုလ်ဝင်ခံလို့မို့၊ ဟိုအရင် ယမန်စစ်အင်ကျင်းတယ်၊ ခင်းတဲ့ဗျူဟာ။
မြတ်လောကီ သဘာဝတွင်ဖြင့်၊ ဓာတ်ကောလီ စာမရတာမို့၊ မြန်မာများဘုန်းသမ္ဘာ၊ ရှုံးပါပေါ့ကံတစ်မျိုး။
မန်းအပျက်မှာ၊ စန်းလဂ်မသာမယာမို့၊ မြန်မာ-မြန်မာချင်းတောင်မှ၊ အတင်းရန်မူလို့၊ ရန်သူကို ရန်သူဟူ၍ မမှတ်တဲ့ပြင်၊ ကိုယ့်တပ်ကိုယ် ပြန်နင်းကြတဲ့၊ ဖျင်းလှတဲ့ ကမြင်းမအကောင် ဗိုလ်တချို့ရယ်က၊ ကိုယ်ဖို့အလွတ်ရုန်းရော့မယ်လို့၊ တောင်ကုန်းသာသာယာယာ မြင်းမဏိစခန်းဆီက၊ တရှောင်ရှောင်ပုန်းကာ အတွင်းသိတဲ့၊ မင်းအမိဖမ်းချင်ကြတဲ့ပြင်၊ ပရမ်းပတာ တော်ရာလျော်ရာပြေးကြတော့၊ အရေးရှင်မကြံသာသနဲ့၊ ကံကြမ္မာရွေးဝန်ကြွေးပေးထင့်၊ လေးတိုင်စင်ရွာ အတွင်းတွင်ဖြင့်၊ အင်္ဂလိပ်တွေ အတင်းကြိတ်မဟေ့လို့ စမ်းခဲ့တဲ့၊ စာဖောင်ဖောင်သတင်း၊ တပြောင်ပြောင်လင်းခဲ့တဲ့၊ တောင်တွင်းသခင်ကို၊ အောင်တြင်းမရခင် ဖမ်းတဲ့ပြင်၊ အကြမ်းပတမ်း မလုပ်ကောင်းသော်လည်း၊ ဦးခေါင်းဖြတ်ကာ အသေသတ်ကြသတဲ့၊ မကျေနပ်ရှာသူ ကျောင်းတပဲ့ဗန်းတို့ရဲ့၊ မြေရပ်မှာ တဘောင်နဲ့လွမ်းကြပေတော့၊ တောင်တမန်းမြို့ နေလနှစ်ဆောင် အညိုးတွင်ဖြင့်၊ ပြေမြန်မာ့တဘောင် မစိုးရရှာတဲ့၊ အခေါင်မမြန်း၊ အမှောင်သန်းသမို့၊ အောင်ပန်းညို့ခဲ့ရတဲ့၊ အောင်ဆန်းတို့ ရွှေလရောင်အဘိုး။......။
* * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * *
ဆရာလွန်း (သို့) ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ဗိုလ်ချုပ်အောင်ဆန်း၏အဘိုး မင်းကြီးရွှေလရောင်ဘွဲ့ခံ ဗိုလ်မင်းရောင်ကို နယ်ချဲ့သမားတို့က (သစ္စာဖောက်တစ်ယောက်၏ လက်ထောက်ချမှုကြောင့်) ဖမ်းဆီးရမိပုံ၊ ဗိုလ်မင်းရောင်သည် ဗိုလ်ချို၊ ဗိုလ်ဥတ္တမ၊ မြင်းခေါင်းကြီး ဗိုလ်ရာညွန့်၊ ချင်းတိုင်းရင်းသား ဗိုလ်ဆွန်ပက် (ဗိုလ်ကြွမ်ဘိ)၊ ရှမ်းတိုင်းရင်းသား ၀န်းသိုစော်ဘွားကြီး ဦးအောင်မြတ်၊ ကယားစောဖျာစောမဟာ၊ "၀"တိုင်းရင်းသား နော်ခမ်းဦး၊ ကချင်တိုင်းရင်းသား ဆမားဒူးဝါး၊ ဆဒုံဒူးဝါး၊ ကရင်တိုင်းရင်းသား မန်းကျားကြီး၊ ရခိုင်တိုင်းရင်းသား ဗိုလ်တော၊ မွန်တိုင်းရင်းသား ဗိုလ်မြတ်ထွန်း စသည့် မျိုးချစ်များကဲ့သို့ပင် ကျူးကျော်လာသော မျက်နှာဖြူ အင်္ဂလိပ်နယ်ချဲ့များကို တွန်းလှန်ခုခံ တိုက်ထုတ်နေခဲ့ပုံ၊ အင်္ဂလိပ်တို့က ဗိုလ်မင်းရောင်ကို ဖမ်းမိသောအခါ ရာထူးရာခံ လက်ခံပြီး ပုန်ကန်မှုရပ်ဆိုင်းရန် ပြောလာသည့်အပေါ် ခါးခါးသီးသီး ငြင်းဆန်သဖြင့် အင်္ဂလိပ်တို့က ခေါင်းဖြတ်သတ်ပုံများကို ရွှေလရောင်ဘွဲ့ မဟာလေးချိုးကြီးတွင် ရေးဖွဲ့ကာ မျိုးချစ်ပြည်သူတို့၏ ရင်တွင်းမှတစ်ဆင့် ကွင်းကွင်းကွက်ကွက် မြင်လာစေပေသည်။ ဆရာကြီး၏ နယ်ချဲ့ဆန့်ကျင်ရေး စိတ်ဓာတ်နှင့် ကဗျာဉာဏ်စွမ်းရည်ကို ရွှေလရောင်ဘွဲ့ မဟာလေးချိုးတွင် တွေ့နိုင်ပေသည်။
No comments:
Post a Comment