Friday, September 17, 2010

သူရဲကောင်းဝါဒက ကျဆုံးသွားခဲ့ပါပြီ - ဘုန်းနေသစ်


စဦးစွာအနေဖြင့် ဒီဆောင်းပါးဟာ လူငယ်တစ်ယောက်ရဲ့ အသံလို့ပဲ ပြောချင်ပါတယ်။ ဆရာ လူထုစိန်ဝင်း အနေနဲ့လည်း လူငယ်တွေရဲ့ အတွေးအမြင် သဘောထားတွေကို စိတ်ဝင်စားတတ်သူလို့ ဖတ်ဖူးမှတ်ဖူးတာကြောင့် ရေးလိုက်ရတာပါ။ ဆရာက Weekly Eleven ဂျာနယ်၊ အမှတ် ၃၉၊ အတွဲ ၅၊ စာမျက်နှာ ၂၁ မှာ "ရွက်ကြမ်းရေကျို ကမ္ဘာကြီး" လို့ ရေးခဲ့ပါတယ်။ ကျွန်တော်ကတော့ အဲဒီလို မမြင်ပါဘူး။ သူရဲကောင်းဝါဒ ကျဆုံးသွားရတာလို့ပဲ ထင်ပါတယ်။

တလောက စာအုပ်ဟောင်းတစ်အုပ်ကို ဖတ်လိုက်ရတာမှာ သူက (အဲဒီခေတ်) ဒီခေတ် လူငယ်တွေဟာ နိုင်ငံရေးမှာ စိတ်ဝင်စားမှု လျော့ကျလာတာတွေ ဘာတွေ ရေးထားတာကို သတိထားမိလို်က်ပါတယ်။ (? ဖေဘီယန် ဦးဘခိုင်၊ မြန်မာ့နိုင်ငံရေး ရာဇ၀င်၊ အမှတ်မှားရင်လည်း ခွင့်လွှတ်ပါ) အဲဒီတော့ ကျွန်တော်တို့ ၀န်းကျင်မှာလည်း အသံတွေ ကြားကြားနေရပါတယ်။ နောက်ဆုံး ကျွန်တော်တို့ကတောင် ငါတို့ ဆယ်တန်းတုန်းကဆိုရင် ဆိုပြီး ပြောမိကြတဲ့ အထိပါပဲ။ ဒါဆိုရင် ဒါဟာ ရှေ့မျိုးဆက်က နောက်မျိုးဆက်အပေါ် အားမရခြင်း ဖြစ်နေတာပဲဆိုတာ သိသာပါတယ်။ နောက်မျိုးဆက်ကများ ပိုညံ့နေသလားလို့ ဆိုတာကိုတော့ တွေးကြည့်စရာပါ။ ဆုတ်ကပ်များလားပေါ့။ ကျွန်တော့်အနေနဲ့ကတော့ ပိုမညံ့ဘူးလို့ ထင်ပါတယ်။ ရှုမြင်ပုံ၊ ပေတံတွေ မတူလို့ပါ။ ရှေ့မျိုးဆက်က သူ့အတွေ့အကြုံနဲ့ပဲ တန်ဖိုးဖြတ်လို့ ဖြစ်ပါလိမ့်မယ်။

ဆရာပြောခဲ့တဲ့ ဘောလုံးမှာပဲ ကြည့်လိုက်ပါ။ တစ်ဦးချင်း ခြေစွမ်းပြမှုက အားရစရာမရှိဘူးလို့ ပြောထားပါတယ်။ ကျွန်တော်ကတော့ တစ်ဦးချင်း ခြေစွမ်းပြဖို့ ကြိုးစားတဲ့ အသင်းတွေကို (ဥပမာ - အာဂျင်တီးနား) အသင်းလိုက် စုဖွဲ့မှုအားကောင်းတဲ့ အသင်းတွေက (ဥပမာ - ဂျာမနီ) အနိုင်ရသွားတာလို့ပဲ ဆိုချင်ပါတယ်။ စပိန်မှာဆိုရင် တစ်ဦးချင်း ထူးချွန်သူတွေ များပေမယ့် အသင်းလိုက် စုဖွဲ့မှုကိုပဲ အားပြုခဲ့တာပါ။ ဒါ ဒီဘက်ခေတ်ရဲ့ ပုံစံပါပဲ။ တစ်ဦးချင်း တစ်ယောက်ချင်း ထင်ပေါ်ကျော်ကြားပြီး သူရဲကောင်းဖြစ်အောင် ပံ့ပိုးဖို့ထက် အသင်းလိုက် စုစုစည်းစည်းနဲ့ ခြေစွမ်းပြဖို့က အဓိက ဖြစ်လာပါပြီ။ ခြေစွမ်းမထက်တဲ့သူတွေ စုနေတာ မဟုတ်ပါဘူး။ ကိုယ်တစ်ယောက်တည်း အစွမ်းပြဖို့ကို စွန့်လွှတ်လိုက်တာပါ။ မစွန့်လွှတ်တဲ့ သူတွေလည်း ကျဆုံးသွားရပါပြီ။

ဒီလိုပဲ တခြားနယ်ပယ် အရပ်ရပ်မှာလည်း တစ်ဦးတစ်ယောက်တည်းကို စံပြုရလောက်အောင် ရှားပါးတဲ့ ခေတ် မဟုတ်တော့ပါဘူး။ ဂီတဘက်မှာ ဆိုရင်လည်း ပရက်စလေ တစ်ယောက်တည်း ရှိနေတာမျိုးထက် ဘာဂီတမျိုးလဲ၊ ဘာဂီတမှာ ဘယ်သူတွေဆိုပြီး တစ်နည်းတစ်ဖုံ ကောင်းကြသူတွေကို ပိုပိုပြီး သိနေရတာပါ။ စံပြခေါင်းဆောင် ဆိုတာလည်း တစ်ယောက်တည်း မဟုတ်တော့ပါဘူး။ အိုဘားမားလို အပြောကောင်းကောင်း၊ ဆာကိုဇီလို စေ့စပ်ဆွေးနွေးမှု ကောင်းကောင်းဆိုပြီး အများကြီး သိခွင့်ရတော့ ချိန်ထိုးကြည့်လာတာပဲ ဖြစ်ပါတယ်။ စံပြပုဂ္ဂိုလ်ထားပြီး တခြားလူမှာ သူ့ထက်သာတဲ့ တခြားအရည်အချင်းတွေ ရှိနေတာကို မေ့ထားတဲ့ခေတ် မဟုတ်တော့ပါဘူး။

အရင်ခေတ်ကလို လင်ကွန်းဆို လင်ကွန်းပဲ သိရတဲ့ခေတ် မဟုတ်တော့ပါဘူး။ အိုဘားမားက ဘယ်လို၊ ဂျွန်မက်ကိန်းက ဘယ်လို၊ ဟီလာရီ ကလင်တန်က ဘယ်လို (ဒါ အမေရိကန် တစ်နိုင်ငံတည်းကို ပြောတာပါ) အမျိုးမျိုးပဲ သိနေရပါပြီ။ ပြီးတော့လည်း ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်၊ စစ်အေး စသဖြင့် စစ်ရေးနဲ့ သက်ဆိုင်တာတွေကိုပဲ စိုးရိမ်ပူပန်နေရတဲ့ခေတ် မဟုတ်တဲ့အတွက် နိုင်ငံရေးခေါင်းဆောင်တွေတင် မကတော့ဘဲ စီးပွားရေးခေါင်းဆောင်တွေ၊ အိုင်တီဦးဆောင်မှု ပြုသူတွေကိုပါ တွေ့ကြုံ သိမြင်နေရတော့ စံပြခေါင်းဆောင် တစ်ယောက်တည်း မရှိတော့တာ အဆန်းမဟုတ်ပါဘူး။ အိုဘားမားကို ချီးကျူးချင်ပေမယ့်လည်း သူရေးတဲ့ စာအုပ်က အယ်လ်ဂိုးလောက် မကောင်းတာ၊ အလှူဒါနမှာ ဘီလ်ဂိတ်ကို မမီတာ စတဲ့ စတဲ့ ဟာတွေက အများကြီးဖြစ်လာတော့ သူ့ ခေါင်းဆောင်မှု အရည်အချင်းက ဘယ်လောက်မြင့်သလဲ ဆိုတာမှာ နယ်ပယ်ချုံ့ပြီးပဲ စဉ်းစားပါတော့တယ်။ စံပြခေါင်းဆောင်ကြီး အနေနဲ့ မယူဆကြတော့ပါဘူး။ ယူဆနေကြတဲ့ တိုင်းပြည်တွေမှာလည်း ဒုက္ခတွေ ရောက်နေကြပါပြီ။

ခေတ်ဟောင်းကို တမ်းတတတ်သူတွေဟာ အကောင်းဆုံးတွေနဲ့ပဲ ဒီဘက်ခေတ်ကို ယှဉ်ပြီး သုံးသပ်လို့ အားမရကြတာလည်း ပါမှာပါ။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ယှဉ်ပြီး အားမရ ဖြစ်နေကြပေမယ့် ဂဠုန်ဦးစောတို့ကိုတော့ မေ့ထားကြပါတယ်။ ဒီခေတ်မှာ မျိုးဖြုတ်သတ်ဖြတ်မှုတွေ ဖြစ်နေကြတယ် ဆိုပေမယ့် ကမ္ဘာစစ်ကြီးတော့ မဖြစ်ပါဘူး။ တစ်ချီတည်းနဲ့ လူတွေ အများကြီး သေကျေမှု ကမ္ဘာအနှံ့အပြားမှာ ဖြစ်နေတာမျိုး မရှိပါဘူး။ အဏုမြူကို လူတွေပေါ်ကြဲပြီး မစမ်းသလို အဏုမြူရန် တထိတ်ထိတ်နဲ့ နေရတဲ့ခေတ်ကာလလည်း မဟုတ်တော့ပါဘူး။

ခုမှ အကြမ်းဖက်မှုတွေ တိုးပွားလာတယ် ဆိုရာမှာလည်း တိုးပွားတာထက် ပိုသိလာရတာပဲ ဖြစ်မှာပါ။ အရင်ကတော့ ရှိနေခဲ့ပေမယ့် မသိရဘဲ ခုမှ သိသိနေရတော့ ပိုများလာသလို ထင်ရတာပါ။ ရောဂါဖြစ်နေမှန်း မသိဘဲ သေသွားရတာတွေနဲ့ ဘာရောဂါမှန်းသိတော့ ဘယ်နှယောက်သေသွားပြီ ဆိုတာမျိုးပါပဲ။ သတင်းဆိုတာကလည်း ဒီလို အဖြစ်မျိုးတွေ ဇောင်းပေးပြီး လိုက်ကြတဲ့အခါမှာ အရင်က အီရတ်မှာ ဗုံးပေါက်တာကို မသိလိုက်၊ မသိဘာသာ သြော်... ဆိုပေမယ့် ခုတော့ ဘယ်နှယောက် ရှိပြီ၊ ဘယ်နှခါ ရှိပြီရယ်လို့ ဖြစ်လာတာပါပဲ။ သတင်းသမားတွေက သတင်းဆိုးတွေကို ပိုပြီး ပြတတ်တာရယ်၊ သတင်းဆိုးတွေက စိတ်ထဲမှာ ပိုစွဲနေတာရယ်ကြောင့်လည်း ပါမှာပါ။

ခုနွေတုန်းကဆိုရင် ရေတွေရှားတဲ့ ကိစ္စမှာ အရင်ခေတ်တွေမှာလည်း တစ်ကြိမ်မဟုတ် တစ်ကြိမ်တော့ ဖြစ်ခဲ့ဖူးမှာပါပဲ။ ဒါပေမယ့် ခုခေတ်မှာတော့ အားလုံး သိသွားကြရပါတယ်။ သိသွားကြရတဲ့အတွက် ဆုတ်ကပ်ကြီးဆိုပြီး လူငယ်တွေက ငြိမ်မနေခဲ့ကြပါဘူး။ ရတဲ့ သတင်းတွေကို လက်ဆင့်ကမ်း ဖြန့်ဝေပြီး အင်တာနက်ကို အသုံးပြုကာ သူငယ်ချင်းတွေ စုပြီး သွားလှူကြတာတွေ ရှိလာတာပါပဲ။ နာဂစ်တုန်းကလည်း ဒီလိုပဲ ဖြစ်သွားတာပါပဲ။

အဲဒီမှာလည်း ခေါင်းဆောင်ရယ်ဆိုပြီး ထင်ထင်ပေါ်ပေါ် လုပ်သွားတာထက် အဖွဲ့လိုက်ဆိုတဲ့ သဘောလေးတွေပဲ ဖြစ်သွားပါတယ်။ ဦးဆောင်စုစည်းသူပဲ ရှိပြီးတော့ သူကချည်း ရွပ်ရွပ်ချွံချွံ စွမ်းဆောင်သွားတယ်ဆိုတာ မရှိတော့ပါဘူး။ အားလုံးက ကိုယ့်အပိုင်းနဲ့ကိုယ် တာဝန်ခွဲဝေပြီးတော့ ပြီးမြောက်အောင် ဆောင်ရွက်သွားကြတာပါ။ တစ်ယောက်တည်းကချည်းပဲ သူ့သဘောနဲ့သူ လုပ်ချင်တိုင်းလုပ်တာကို ခွင့်မပြုတော့ဘဲ စည်းမျဉ်းတွေနဲ့ ထိန်းချုပ်ပြီး ရလဒ်ကိုသာ အခြေပြုပြီး လုပ်ဆောင်သွားကြတာမို့ သူရဲကောင်းတွေ မရှိတော့တာပါ။ စွမ်းတဲ့သူတွေ မရှိတော့တာ မဟုတ်ပါဘူး။ ဒါဟာ ဒီခေတ်ရဲ့ သရုပ်မှန်ပါပဲ။

အကောင်းကော အဆိုးပါ ပိုသိလာကြရတဲ့ ခေတ်ကြီးမှာ အကောင်းတွေကို စားသုံးပြီး အဆိုးတွေကို စုစည်းတွန်းလှန်ကြတဲ့ ကွန်ရက်ခေတ်ကြီးပါ။ သူရဲကောင်းဝါဒက ကျဆုံးသွားခဲ့ပါပြီ။ ဗဟိုချက်တစ်ခုတည်း မရှိတော့ဘဲ လူတိုင်းက ဗဟိုချက်လို့ ဆိုရမယ့် ကွန်ရက်ပုံ စုစည်းမှုပါ။ အရင်ကလို အထက်အောက်ပုံစံ မဟုတ်တဲ့အတွက် တစ်ယောက်တည်းထင်းပြီး ပေါ်မလာတာလို့ပဲ ကျွန်တော် ထင်ပါတယ်။

နောက်ပြီးတော့ အရေးအကြီးဆုံး အချက်က တော်လှန်ရေးတွေရဲ့ခေတ် ကုန်သွားတာပါ။ တစ်ခုကနေ တစ်ခုကို ပြောင်းတာမှာ အစွန်းရောက် ပုံစံမျိုးနဲ့ အဟောင်းဖြိုဖျက်ပစ်လိုက်တာမျိုးက ခေတ်မစားတော့ပါဘူး။ သိမ်မွေ့စွာ ပြောင်းလဲမှုကိုပဲ အကောင်းဆုံးအဖြစ် လက်ခံလိုက်ကြတဲ့ အနေအထားပါ။ သမိုင်းကလည်း ဒီလိုပဲ သင်ကြားပေးလိုက်တာ ဖြစ်ပါမယ်။ အဲဒီတော့ ၀ုန်းခနဲ ဒိုင်းခနဲ ပြောင်းလဲမှုကို မျက်လှည့်ပွဲတွေမှာပဲ တွေ့နိုင်တော့တာမို့ အပြောင်းအလဲကို ဆောင်ကြဉ်းပေးသူဆိုတဲ့ သူရဲကောင်းမျိုး မရှိတော့ပါဘူး။ လူတိုင်းက အပြောင်းအလဲမှာ ပါဝင်ပြီး ညင်ညင်သာသာနဲ့ ဆွဲယူသွားတာပါ။ သူတို့ဟာ ရွက်ကြမ်းရေကျိုတွေ မဟုတ်ပါဘူး။ သူရဲကောင်း မဖြစ်ချင်တော့တဲ့ ခေါင်းဆောင်တွေနဲ့ အားလုံးက တာဝန်ယူစိတ်နဲ့ ပါဝင်ပြီး ကိုယ့်အပိုင်းနဲ့ကိုယ် ဆောင်ရွက်သွားတာမို့ပါ။ ဒါဟာ လူငယ်တစ်ယောက်ရဲ့အမြင် (ခံစားချက်မဟုတ်ပါ) ပဲမို့လို့ လူကြီးတွေလို မတွေးမိတဲ့ အမှားတွေ ရှိရင်တော့ ခွင့်လွှတ်ပါ။ ကိုယ့်အမြင်ကို ထုတ်ပြောလိုက်ဖို့ကလွဲပြီး ဘာရည်ရွယ်ချက်မှ မရှိပါဘူး။

1 comment:

  1. ကောင်းတယ် ဒါမျိုးပွင့်ပွင့်လင်းလင်း ရေးဒါမျိုး .. လူငယ် တွေ ကို လူကြီးတွေ က အထင်သေးတယ်..

    လူကြီး တွေ ဆိုတာ လူငယ်ကို မြေတောင်မြှောက်ပေးနိုင် ရဲ့လား ဆိုတာလဲ သူတို့  ပြန်စဉ်းစား ဖို့  လိုပါတယ်

    ReplyDelete

 
Web Statistics