ဒီမိုကရေစီအကြောင်းပြောလျှင် အရင်းရှင်စနစ်အကြောင်း တွဲပြောမည်။ သို့ဖြင့် ဒီမိုကရေစီနှင့် အရင်းရှင်စနစ်တို့သည် မဟာမိတ်လား၊ နှစ်ခုကြား တင်းမာမှုတွေ မရှိဘူးလား၊ ၀ိရောဓိတွေမရှိဘူးလား စသည်ဖြင့် မေးခွန်းတွေမေးကြသည်။ ဤကိစ္စကို သိရှိရန်အလို့ငှာ အရင်းရှင်စနစ်၏ တန်ဖိုးတို့က ဘယ်အရာတွေနည်း။ ဒီမိုကရေစီ၏ တန်ဖိုးတို့မှာ ဘယ်အရာတွေနည်းဟု ခွဲခြားသိရှိရန်လိုသည်။
အရင်းရှင်စနစ်၏ တန်ဖိုးတို့မှာ (၁) ပုဂ္ဂလိကပိုင်ဆိုင်မှု၏ မြင့်မြတ်မှု၊ (၂) အမြတ်အများဆုံး ရရှိရေး၊ (၃) ဖရီးမားကတ် (လွတ်လပ်ရေးဈေးကွက်) ကို ကိုးကွယ်မှု၊ (၄) အင်အားကောင်းသူ ရှင်သန်ရေးတို့ဟူ၍ ဖြစ်သည်။ ဒီမိုကရေစီ၏ တန်ဖိုးတို့မှာ (၁) တန်းတူညီမျှရေး၊ (၂) လွတ်လပ်ခွင့်၊ (၃) လူမှုတာဝန်သိစိတ်ရှိမှုနှင့် (၄) ပြည်သူ့အကျိုးနှင့် လူမှုဖူလုံရေးနှင့် စောင့်ရှောက်ရေး (၀ဲလ်ဖယ်ယား) တို့ဟူ၍ ဖြစ်သည်။
ဘုံ
ဆိုခဲ့ပါအတိုင်း တန်ဖိုးချင်းခြားနားသဖြင့် အရင်းရှင်စနစ်နှင့် ဒီမိုကရေစီတို့ကြား တင်းမာမှုတို့ ရှိစေကာမူ ဤတင်းမာမှုတို့သည် တစ်ဖက်နှင့်တစ်ဖက် အပြုတ်တိုက် ချေမှုန်းကြလောက်သည်အထိ မရောက်ကြပေ။ အရင်းရှင်စနစ်နှင့် ဒီမိုကရေစီတို့ကြား ပဋိပက္ခတို့သည် ညှိနှိုင်းလို့ရသည့် အခြေအနေမျိုး ရှိသည်။
အရင်းရှင်စနစ်နှင့် ဒီမိုကရေစီတို့သည် သက်ဦးစံပိုင် ရှင်ဘုရင်ပဒေသရာဇ်စနစ်ကို တွန်းလှန်ခဲ့ရာ၌ မဟာမိတ်အဖြစ် လက်တွဲခဲ့ကြသည်။ ဤသို့ လက်တွဲရင်း စနစ်နှစ်ရပ်သည် ဘုံယုံကြည်ချက်ကို လက်ခံလာကြသည်။ ဤဘုံယုံကြည်ချက်မှာ (၁) လူတစ်ဦး၏ လွတ်လပ်ခွင့်၊ (၂) ပြည်သူလူထု၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှု၊ (၃) အာဏာအကန့်အသတ်ရှိသော အစိုးရနှင့် (၄) ဥပဒေရှေ့မှောက်၌ တန်းတူအခွင့်အရေး ရှိခွင့်တို့ဟူ၍ ဖြစ်သည်။
ငါးဆင့်
အရင်းရှင်စနစ်နှင့် ဒီမိုကရေစီတို့သည် ကိုယ့်လမ်းကိုယ်သွားရင်း ခြားနားမှုများပေါ်စေကာမူ တစ်နည်းပြောလျှင် တင်းမာမှုများ ပေါ်စေကာမူ ၎င်းတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး ဖြိုချဖျက်ဆီးပစ်ချရန် မလိုလားကြပေ။ သို့ဖြင့် ဒီမိုကရေစီကို ပို၍ လိုလားသူသည် အရင်းရှင်စနစ်ကို သံယောဇဉ်နည်းသူ ဖြစ်တတ်သည်။ အရင်းရှင်စနစ်ကို ပို၍လိုလားသူသည် ဒီမိုကရေစီကို သံယောဇဉ်နည်းသူ ဖြစ်နေတတ်သည်။ ဒီမိုကရေစီနှင့် အရင်းရှင်စနစ်ကို ဆတူ၊ အလေးတူ လိုလားခြင်းမျိုး မရှိစေကာမူ အမေရိကန် အရင်းရှင်စနစ်၌ ဒီမိုကရေစီ ပါဝင်သည်။ အလားတူစွာပင် အမေရိကန်ဒီမိုကရေစီ၌ အရင်းရှင်စနစ် ပါဝင်သည်။ အရင်းရှင်စနစ်နှင့် ဒီမိုကရေစီသည် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ သဘောဖြစ်ပါသည်။
မြန်မာနိုင်ငံ၌ ဖြစ်စဉ်သည် အောက်ပါအတိုင်း ဖြစ်ခဲ့သည်။ ဖြစ်နေဆဲဖြစ်သည်။
(၁) လစ်ဘရယ်ဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေး (အရင်းရှင်စနစ်)
(၂) စစ်ဘက်အာဏာသိမ်းမှု၊
(၃) ဆိုရှယ်လစ်စနစ်နှင့် တစ်ပါတီအာဏာရှင်စနစ်၊
(၄) စစ်ဘက်အာဏာရှင်စနစ်နှင့် ဈေးကွက်စီးပွားရေး (အရင်းရှင်စနစ်)
(၅) ရွေးကောက်ပွဲအပြီး၌ စစ်ဘက်စပွန်ဆာ ဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေး (အရင်းရှင်စနစ်)
ခေါင်းဆောင်မှု
အခြားနိုင်ငံတို့၏ သင်ခန်းစာကိုယူလျှင် မြန်မာနိုင်ငံ၌ ဖြစ်ထွန်းမည့် လမ်းညွှန်ဒီမိုကရေစီနှင့် အရင်းရှင်စနစ်တို့ အတွဲသည် တင်းမာမှုတွေ ရှိလင့်ကစား ချောမောပြေပြစ်လိမ့်မည်ဟု မျှော်လင့်ရသည်။ အကြောင်းမှာ ပါလီမန်နိုင်ငံရေးနှင့် ဒီမိုကရေစီခေါင်းဆောင်မှုတို့သည် အရင်းရှင်စနစ် ပြဿနာတို့ကို ဖြေရှင်းနိုင်သော စွမ်းရည်ရှိလိမ့်မည်ဟု ယူဆရသောကြောင့် ဖြစ်သည်။
ဆိုရှယ်လစ်စနစ်၌ ပါတီခေါင်းဆောင်မှုသည် ပြဿနာတို့ကို မဖြေရှင်းနိုင်။ ယခုပေါ်မည့် အရင်းရှင်စနစ်၌ မြင်ကွင်းက တစ်မျိုးဖြစ်စရာ အကြောင်းရှိသည်။
မောင်စူးစမ်း (၉-၉-၂၀၁၀)
အညွှန်း - The Cycles of American History Democracy
အညွှန်း - The Cycles of American History Democracy
No comments:
Post a Comment