ရဟန်းတော်များသည် ဆွမ်းဘုဉ်းပေးပြီးနောက် သပိတ်ကို စင်ကြယ်အောင် ဆေးကြောကာ မှောက်၍ ထားလေ့ရှိလေသည်။ သပိတ်မှောက်လိုက်ခြင်းသည် နောက်တစ်နေ့ အာရုံမတက်မီအထိ နောက်ထပ် ဆွမ်းဘောဇဉ် ဘုဉ်းပေးခြင်း မပြုတော့ပြီဟူ၍ ပဋိညာဉ်ပြုသည်နှင့် တူသောကြောင့် တစ်စုံတစ်ရာ မပြုလုပ်လိုဘဲ ငြင်းပယ်ရှောင်ကြဉ်သော ဆန္ဒပြသည့်အခါ သပိတ်မှောက်သည်ဟု တင်စား၍ ဆိုကြသည်။
သပွတ်သီး၏ အူတိုင်သည် အသီးခြောက်သွေ့သောအခါ အုံးဆံမျှင်ကဲ့သို့ ရစ်ဆိုင်းလျက် အိမ်များဖြင့် အကန့် အကန့် ရှုပ်ထွေးနေသကဲ့သို့ ကျန်ရှိသည်။ ထိုပုံစံကို ပမာပြု၍ ရှုပ်ထွေးသော အရာတို့ကို သပွတ်အူကဲ့သို့ ဖြစ်နေသည်။ သပွတ်အူလိုက်သည်ဟု သုံးသည်။ အမေဘုတ်၏ ချည်ခင်ဖြစ်နေသည် ဟူ၍လည်း ဆိုကြသေးသည်။
သွေ၍ ထိုးသွားသည်ဟူသော စကားအစားလည်း သုံးကြသည်။ သို့ရာတွင် စကားအရင်းမှာ (ေ) အရေးအသားနှင့် စပ်ဆိုင်လေသည်။ သဝေထိုးရေးပုံနှင့် ၀လုံးရေးပုံသည် အစရစ်ခွေပုံ၌ တူညီလေသည်။ ရေးစ၌ ဆွဲကြောင်းသည် ၀လုံးငယ် ဖြစ်လာမည်ဟု ထင်စရာရှိသော်လည်း တစ်ပတ် ပတ်မိလုနီးသောအခါ အစဘက်သို့ ဦးတည်ပြောင်းဆက် ရပ်တန့်မသွားလေဘဲ အပြင်သို့ သွေစိုက် ရွေ့လွန် လွှဲထွက်သွားလေသည်။ ဤသဘောကိုရည်၍ ရောက်ရှိမည်ကဲ့သို့ ဟန်ပြင်ပြီးမှ တန်းတန်းမတ်မတ် တည့်တည့်ဆိုက်ဆိုက် မရောက်ရှိဘဲ ဖယ်ချော်သွားသည့်အခါ တင်စား၍ ဆိုသည်။
သင်္ကြန်အခါတော်ကို သိရန် မြန်မာဘုရင်လက်ထက်က အမြောက်ပစ်ဖောက်လေ့ ရှိသည်။ ထိုအမြောက် ပစ်ပေါက်ပုံမှာ ကျည်စေ့ မထည့်ဘဲ ယမ်းချည်းသာထည့်၍ အသံမြည်ရုံ ပစ်ဖောက်ခြင်း ဖြစ်သဖြင့် ထိမှန်အောင် ပစ်ခတ်ခြင်းမျိုး မဟုတ်ပေ။ ထိုအကြောင်းကိုစွဲ၍ အသံသာမြည်ပြီး အဆံမပါသည်ကို တင်စားလျက် အပြင်ဟန်သာရှိ၍ အတွင်းအနှစ် အရည်အချင်း မရှိသူမျိုးကို ခေါ်ဝေါ်သုံးသည်။
သံ၊ ကြေး၊ ခဲ၊ ငွေ စသော သတ္ထုရိုင်းအတုံးများမှ သန့်စင်သော သံ၊ ကြေး၊ ခဲ၊ ငွေ စသည်သက်သက်ကို သီးခြားထုတ်ယူလိုသောအခါ သတ္ထုရိုင်းတုံးကို အစိတ်စိတ် အမှုံ့ဖြစ်စေပြီးမှ ရောနှောပါရှိသော အခြားအရာဝတ္ထုများနှင့် ခွဲခြားရလေသည်။ ထိုသို့ ပြုလုပ်သည်ကို သတ္ထုချသည်ဟု ဆိုသည်။ (ဆန်ကာချသည်၊ လှည်းမီးချသည်၊ အပုပ်ချသည်၊ ဆံချသည် စသည်တို့၌လည်း မလိုသည်ကို ကျစေခြင်း အနက်ပင်ဖြစ်သည်။) ထိုအကြောင်းကိုစွဲ၍ အသေးစိတ်ခွဲခြမ်း စိစစ်သုံးသပ်ခြင်းကို သတ္ထုချသည်ဟု တင်စားသုံးစွဲကြသည်။
လူမမာများ၏ ရောဂါအခြေအနေကို သိလိုသောအခါ သွေးတိုးနှုန်း မည်မျှ လျင်မြန်လှုပ်ရှားသည်ကို လက်ကောက်ဝတ်၊ လက်ဝါးအလယ်၊ နားထင် စသည်တို့၌ ထိကိုင်၍ စမ်းသပ်လေ့ရှိလေသည်။ ထိုသဘောကို တင်စား၍ လူတစ်ဦးတစ်ယောက်၏ စိတ်နေသဘောထား အယူအဆ၊ အလားအလာတို့ကို အကဲခတ် ထောက်လှမ်းလိုသောအခါ သွေးစမ်းဘိသကဲ့သို့ တစ်နည်းနည်းသော အပြုအမူဖြင့် ထိုသူအပေါ်၌ သဘောစမ်းသပ် အကဲခတ်လေ့ ရှိသည်ကို သွေးတိုးစမ်းသည်ဟုပင် ဆိုသည်။
သဲထဲသို့ ရေလောင်းချသောအခါ ထိုရေသည် မျက်နှာပြင်ပေါ်တွင် တင်၍မနေဘဲ၊ သဲထဲသို့ စုပ်ဝင်သွားသော သဘောရှိလေသည်။ ထိုသဘောကို တင်စား၍ တစ်စုံတစ်ခုကို ကြိုးစားအားထုတ်ရာတွင် ဖြစ်စေ၊ ကျေးဇူးပြုရာတွင်ဖြစ်စေ၊ အကျိုးမထင်ကျန်၊ အရာမတင်ကျန်ဘဲ အချည်းအနှီး ဖြစ်ရသည့်အခါ သဲရေကျသည်ဟု ဆိုသည်။
မဟောသဓာဇာတ်တော်၌ ၀ိဒေဟရာဇ်မင်းကြီးက မဟောသဓာ၏ ဉာဏ်ကိုစမ်းရန် မိမိ၏ယာဉ်အတွက် သဲလွန်ကြိုးကျစ်ပြီး ပို့ရမည်ဟု ဒဏ်ထား၍ စေသည်တွင် မဟောသဓာက လွန်ကျစ်ရန် မင်းကြီးထံမှ သဲလွန်ကြိုးစ တစ်ထွာတစ်မိုက်ခန့် နမူနာပေးပါဟု စကားတုံ့တင် လျှောက်စေရာမှ သဲလွန်စ မပေးနိုင်ဘဲ သဲလွန်ကို လွန်ကျစ်၍ မရနိုင်ပုံကို မင်းကြီးက ၀န်ခံရလေသည်။ ဤသည်ကိုစွဲ၍ "သဲလွန်စမရ" ဟု ဆိုရိုးပြုလျက် တစ်စုံတစ်ရာ၊ အခြေအမြစ်၊ အရင်းအစကို စူးစမ်းထောက်လှမ်း၍ မရသည့်အခါတွင် သဲလွန်စ မရဟု တင်စားပြောဆိုပြီး အစအန၊ အခြေအမြစ် စူးစမ်းတွေ့သိရသော အခါ၌ သဲလွန်စရသည်ဟု ဆိုကြလေသည်။ သဲနွံစရသည်၊ ခြေရာမှ သဲစ၊ ရွှံ့နွံစ တွေ့ရသည်ဟုလည်း သုံးနှုန်းကြသည်။
သေတ္တာကို မှောက်လိုက်သောအခါ အတွင်းရှိ အရာများ အကုန်အစင် တစ်ခုမကျန် ထွက်ကျစေနိုင်သဖြင့် မချွင်းမချန် ပြုသောသဘော၌ သေတ္တာမှောက် ပြောသည်၊ သေတ္တာမှောက်ပေးသည်၊ သေတ္တာမှောက်ပြသည် ဟူ၍ ဆိုသည်။ (အိတ်သွန် ဖာမှောက် ဟူသကဲ့သို့ပင်) ဤစကားမှတဆင့် ဇာတ်သဘင်၌ မင်းသား၊ လူပြက်၊ ဘုရင်၊ ၀န်ကြီး၊ ပုဏ္ဏား၊ ရသေ့ စသည် မချွင်းမချန် အဖက်ဖက် ဇာတ်ဆောင်ဖွယ် အခန်းမှန်သမျှ၌ စွမ်းဆောင်နိုင်၍ အဖက်ဖက်တွင် ကျွမ်းကျင်စွာ ရှေ့ဆောင်မှု ပြုနိုင်သူအား သေတ္တာမှောက်ဟူ၍ တင်စားခေါ်သည်။ အဖက်ဖက်၌ အလုပ်ကို ကျွမ်းကျင်စွာ ချယ်လှယ်ဦးဆောင်သူကို လုပ်ငန်း၌လည်း သေတ္တာမှောက်ဟူ၍ပင် ဆိုသည်။ အချို့က ဇာတ်သဘင်များတွင် ဇာတ်သေတ္တာဟူ၍ ပစ္စည်းလည်းထည့်၊ ပလ္လင်၊ ကျောက်ဆောင်၊ သူဌေးကုလားထိုင်၊ သစ်ငုတ် စသည့် အခန်းအလိုက် အသွင် အမျိုးမျိုးအားဖြင့် အသုံးပြုကြရသော သေတ္တာကဲ့သို့ပင်မက ထိုသေတ္တာကိုပင် မှောက်နိုင်လောက်အောင် စွမ်းသူဟူ၍ ကောက်ကြသည်။ မူလစကားမှာ ဇာတ်သဘင်၌ အသုံးများသဖြင့် ယုတ္တိမကင်းလှပေ။
ထိုစကားမှာ ငါးပါးမှောက်သည် ဟူသောစကားထက် ပိုအောင် ခြောက်ပါး၊ ခုနစ်ပါးမက သံဃာစင်တစ်ခုလုံး (အပါးပေါင်းများစွာ) မှောက်သည်ဟု တင်စားဆိုခြင်း ဖြစ်သည်။ မူလစကားရင်းမှာ သံဃာတော် ငါးပါးဟု ဆိုခြင်းကား မဟုတ်ပေ။ သို့ရာတွင် တစ်ဖက်မှစကားကို တစ်ဖက်တွင် သံတူကြောင်းကွဲ လွဲ၍ သုံးတတ်ကြရာ၊ "အင်း၊ အိုင်၊ ချောင်းမြောင်း" မှ (အိုင်)ကို အင်းအိုင် ခါးလည် လက်ဖွဲ့ စသည်၌ မူလစကားကို လွဲအပ်၍လည်းကောင်း၊ "အရိုးအမှန်" ဟူသော စကားမှ (အရိုး) ကို "အရိုးကို အရွက်မဖုံးစေနှင့်" စသည်၌ မူလစကားကို လွှဲ၍လည်းကောင်း၊ အဓိပ္ပါယ်တစ်ခုခုသို့ သံတူကြောင်းကွဲယူ၍ သုံးစွဲသည့်နည်းတူ ငါးပါးဟူသော စကားကိုလည်း "အကြောင်းအချက်" အဓိပ္ပါယ်မှ "သံဃာ" ဟူသော အဓိပ္ပါယ်သို့ သံတူကြောင်းကွဲ စကားယူ၍ ဆိုခြင်းဖြစ်လသည်။ ထိုငါးပါးမှာ ပဉ္စသီလဟု ဆိုအပ်သော ကံငါးပါးမှောက်မှား ပျက်ပြားခြင်းကိုပင် ဆိုသည်။ သို့ရာတွင် သစ်ပင်၌ အသီး၊ အပွင့်၊ အရွက်၊ ပင်စည်၊ အမြစ်ဟူသော ပဉ္စငါးဖြာသည် ဒြပ်အားလုံး၏ အချုပ်ဖြစ်သကဲ့သို့လည်းကောင်း လူ၌ ကိုယ်၊ လက်နှစ်ဖက်၊ ခြေနှစ်ဖက် ဟူသော ခက်မငါးဖြာသည် ခန္ဓာအလုံးစုံ၏ အချုပ်ဖြစ်သကဲ့သို့လည်းကောင်း၊ မြတ်စွာဘုရား၌ ဥေယျဓံတရား ငါးပါး သင်္ချာအရေအတွက်သည် အချုပ်ဖြစ်သကဲ့သို့လည်းကောင်း၊ ငါးပါးသင်္ချာအရေအတွက်သည် "သဗ္ဗာ အားလုံး" ဟူသော အနေက သင်္ချာအတွက် တင်စား၍ သုံးသည့်စကားမျိုး အဖြစ်လည်း ယူဆနိုင်သည်။
ရှေးအခါက ကြွေးချေးငှားသူ အိမ်ရှင်မများသည် စာရင်းစာအုပ်မရှိဘဲ သင်ပုန်းတစ်ချပ်တွင် ရေးမှတ်ထားလေ့ ရှိပေသည်။ အရင်း အချို့အ၀က်နှင့် အတိုးကို ဖဲ့၍ပေးသောအခါ သင်ပုန်းပေါ်တွင် ဖျက်၍ ပြင်ဆင်ရေးရပြန်သည်။ အကယ်၍ အတိုးရော အရင်းပါ အပြေအလည် အပြီးအပြတ် ပေးဆပ်ရှင်းလင်းသော အခါ၌မူကား မှတ်သားထားသမျှကို အားလုံး ချေဖျက်ပစ်လိုက်ရလေသည်။ ပေးဆပ်ရန် ရှင်းလင်းပြီး တစ်စုံတစ်ရာ အတေးအမှတ် မရှိတော့ဟု ဆိုလိုသည်။ သက်ညှာလိုလျှင်လည်း ကြွေးအကျန်ကို တေးမှတ်မထားဘဲ သင်ပုန်းပေါ်တွင် မှတ်သမျှကို လုံးဝ ချေဖျက်ပစ်လိုက် နိုင်လေသည်။ ဤကဲ့သို့ အစွဲပြု၍ ငြိတင်နေသော တာဝန်ကို ခွင့်လွှတ်လျှော်ဖျက် ပေးသောအခါ၊ သို့မဟုတ် အငြိုးအာဃာတ အတေးအမှတ် စသည်တို့ကို ဖျောက်ပယ်လိုက်သောအခါ သင်ပုန်းချေသည်ဟု တင်စား၍ သုံးကြသည်။
စာပေစီကုံးရာတွင် ပမာဏ၊ ပဋိညာဉ်။ နိဒါန်း၊ ဟိတ်၊ ဥပမာ၊ သက်၊ နိဂုံး စသည်တို့ ပါဝင်လေ့ရှိရာ ရေးသားလိုရင်း ပဓာနအကြောင်းအချက်၊ ဟိတ်အပိုင်း (ဟေတွ) ကို ဖွင့်ထုတ်ရေးသားသည်ကို ဟိတ်ထုတ်သည်ဟု ဆိုရာ၊ ထိုစကားကို စွဲ၍ မိမိအစွမ်းအစ၊ ဂုဏ်ပကာသနကို ဖွင့်ထုတ် ကြွားဝင့်ခြင်းကို ဟိတ်ထုတ်သည်ဟု တင်စားဆိုသည်။
ဘုန်းတော်ကြီးကျောင်းများတွင် တစ်အိမ်တစ်မျိုး လောင်းလှူသော ဆွမ်းဟင်း အမျိုးမျိုးတို့ကို ဆွမ်းဘုဉ်းပေးပြီး၍ များပြားစွာ ကြွင်းကျန်လျှင် ညပိုင်းတွင် ကျောင်းသားသူငယ်တို့ စားသောက်နိုင်ရန် စုပေါင်းရောနှော၍ ကျိုချက်နွှေးထားလေ့ ရှိသည်ကို ဟင်းလေးကျိုသည်၊ ဟင်းလေးဟု ခေါ်ဆိုကြသည်။ ကောင်းမြတ်သော အရသာပေါင်းစုံ လေးပင်စွာ ရောဝင်နေသော ဟင်းပင် ဖြစ်သည်။ ထိုသဘောကို တင်စား၍ အကောင်းစုသောအရာ စာပေ ကျမ်းဂန်နှင့် စွယ်စုံပညာရှိသည်ကို သုံးနှုန်းသည်။
လူတို့သည် ဟန်အမူအရာ အသွင်အပြင် ဆောင်ရာ၌ အောင်မြင်သောအခါ လိုအပ်သလို ဟန်ပီသကျနသည်ကို အကြောင်းပြု၍ ဟန်ကျသည်ဟု ဆိုကြသည်။ ထိုအကြောင်းကိုစွဲ၍ မည်သည့်ကိစ္စ၌မဆို ချောမောပြီးပြေ ပေါက်မြောက်သည့်အခါ တင်စား၍ သုံးနှုန်းကြသည်။
RELATED:
အသုံးများသော မြန်မာဗန်းစကားများ (က)
အသုံးများသော မြန်မာဗန်းစကားများ (ခ)
အသုံးများသော မြန်မာဗန်းစကားများ (ဂ)
အသုံးများသော မြန်မာဗန်းစကားများ (င)
အသုံးများသော မြန်မာဗန်းစကားများ (စ)
အသုံးများသော မြန်မာဗန်းစကားများ (ဆ)
အသုံးများသော မြန်မာဗန်းစကားများ (ဇ၊ ဈ၊ ည၊ ဋ)
အသုံးများသော မြန်မာဗန်းစကားများ (တ)
အသုံးများသော မြန်မာဗန်းစကားများ (ထ၊ ဒ)
အသုံးများသော မြန်မာဗန်းစကားများ (ဓ၊ န)
အသုံးများသော မြန်မာဗန်းစကားများ (ပ)
အသုံးများသော မြန်မာဗန်းစကားများ (ဖ)
အသုံးများသော မြန်မာဗန်းစကားများ (ဗ)
အသုံးများသော မြန်မာဗန်းစကားများ (ဘ)
အသုံးများသော မြန်မာဗန်းစကားများ (မ)
အသုံးများသော မြန်မာဗန်းစကားများ (ယ၊ ရ)
အသုံးများသော မြန်မာဗန်းစကားများ (လ)
အသုံးများသော မြန်မာဗန်းစကားများ (၀)
No comments:
Post a Comment